လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက် လူများကောင်းချီး တွန်စေမင်း

လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက် လူများကောင်းချီး တွန်စေမင်း
Published 15 March 2016
ရဲထွတ်နီ

တစ်နေ့မှာ ကျွန်တော်တို့၏ မြန်မာစာ ဆရာက စာသင်ရင်းက ကျွန်တော်တို့ကို အခုလိုမေးပါတယ်။
'သတ္တိဆိုတာ ဘာလဲ . . .'
ဆရာဝမ်းဟာ စာအသင်အပြ အလွန်ကောင်းတဲ့ ဆရာပါ။ တပည့်တွေ လေးစားချစ်ခင်ကြတဲ့ ဆရာပါ။ တပည့်တွေကို အပြစ်တင် ဆူပူကြိမ်းမောင်းတယ်လို့ မရှိပါဘူး။ စာသင်ချိန် တစ်ချိန်မှာ အခန်းထဲကို ဝင်လာပြီးကတည်းက တပည့်တွေကို အချိန်ပေး စကားပြောဆိုနေရာက ဖျတ်ခနဲ သင်ခန်းစာကို ကူးပြောင်းပြီးသင်၊ တစ်အောင့်လောက်နေတော့ သင်ခန်းစာလည်းပြီး အချိန်လည်း ပြောင်းပါတယ်။ စာသင်နေရတာ ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းစာကို အမိအရကလေးရှိတော့ကာ ဆရာနဲ့ စာသင်ယူရတာကို မဝသလိုပဲ ဖြစ်ကြပါတယ်။
အခုလို သတ္တိဆိုတာ ဘာလဲလို့ ဆရာကမေးတော့ ဖြေချင်တဲ့ သူတွေကလည်း တစ်ယောက်တစ်မျိုး တင်ပြကြပါတယ်။
'လုပ်ရဲတာဆရာ'
'မကြောက်မရွံ့တာ ဆရာ'
'ကိုယ်က လုပ်ရဲသလို ခံရဲတာလည်း သတ္တိပါဆရာ'
'ကိုယ်မှန်တယ်လို့ ယုံတာကို လုပ်ရဲတာ ဆရာ'
'မဟုတ်တာကို မလုပ်တာပါခင်ဗျ'
ကျွန်တော်တို့ တပည့်တွေပြောသမျှ ဆရာက ပြုံးတယ်ဆိုရုံ မျက်နှာကလေးနဲ့ အားလုံးကို နားထောင်တယ်။
တစ်ယောက်တစ်မျိုးနဲ့ အဖြေအမျိုးမျိုးကိုလည်း ကျွန်တော်တို့တွေ သိလိုက်ကြရတယ်။ ဆရာကတော့ သူ့ရဲ့ထုံးစံအတိုင်းပဲ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်လို့ မပြောဘဲ တစ်အောင့်နေတော့ အခုလို ပြောခဲ့ပါတယ်။
'သတ္တိဆိုတာ သိတတ်တာပေါ့'
'ဟာ'
ဆရာက စကားလိမ်တွေနဲ့ ပြောလိုက်တာပဲဆိုပြီး အငိုက်မိခံရတဲ့ ကျွန်တော်တို့တွေ သဘောကျခဲ့ကြပါတယ်။ သတ္တိဆိုတာ 'သိတတ်တာ' တဲ့။
အဲဒီတုန်းကတော့ ကျွန်တော်တို့ဟာ ကျောင်းသားတွေ လူငယ်တွေ သတ္တိရှိတယ် သတ္တိရှိတယ်ဆိုပြီး မှန်မှန်း မမှန်မှန်း၊ ကောင်းမှန်း ဆိုးမှန်းမသိဘာ ဇွတ်တရွတ်လုပ် ဇွတ်တရွတ်ပြောတာ မျိုးတွေနဲ့ ကွဲပြားအောင်များ ဆရာက ပြောခဲ့ဟန်တူပါရဲ့။ ဆရာက ဘယ်လိုသဘောနဲ့ပြောပြော ဆရာပြောခဲ့တဲ့ 'သိတတ်တာဟာ သတ္တိ' ဆိုတဲ့ စကားနဲ့ သဘောကိုတော့ ကျွန်တော်တို့တပည့်တွေ သူငယ်ချင်းတွေက ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ မသိတတ်ကြရင် မလိမ္မာရာကျတယ်။ မိုက်မဲရာ ကျတယ်လို့လည်း လက်ခံခဲ့ကြတယ်ပေါ့။ သတ္တိရှိတယ်ဆိုပြီး ရမ်းနေတဲ့ ကောင်တွေကိုလည်း တကယ်တော့ ငမိုက်သားတွေပဲလို့ မြင်ခဲ့ကြတယ်ပေါ့။ သိတတ်မှုနဲ့ လိမ္မာအောင် ကိုယ့်ဟာကိုယ် နေတာဟာလည်း ဆရာရဲ့ စကားလိမ်လိုပဲ သတ္တိရှိတယ်လို့ ယုံုကြည်သက်ဝင် ခဲ့သလို ရှိခဲ့ကြပါတယ်။
တကယ်တော့ သတ္တိဟာ ပါဠိစကား။ အဘိဓာန်မှာ အဓိပ္ပာယ်ပေးတော့ 'စွမ်းရည်' နဲ့ 'ရဲရင့်ခြင်း' ဆိုတဲ့ အဓိပ္ပာယ်နှစ်ခုပဲ ပေးပါတယ်။ အတန်းထဲမှာ ဆရာမေးတုန်းက ဖြေခဲ့တဲ့ အဖြေတွေကလည်း မှန်တယ်လို့ ဆိုနိုင်တာပေါ့။
စွမ်းရည်ဆိုတဲ့ အနက်ဟာ စွမ်းဆောင်နိုင်တဲ့ အရည်အချင်း ရှိတာကို ပြောတာ။ သံ သံမဏိ အလွန်မာကျော ခိုင်ခံ့တဲ့ သတ္တိရှိတာဖြစ်ပြီး သားရေ၊ ရော်ဘာဆိုရင် ရုန်းအား ဆွဲအားသတ္တိ ရှိပါတယ်။
ဒါဆိုရင် လူ့စွမ်းရည်ဆိုတာ လူ့သတ္တိပေါ့။
ဒီလိုယူရင်လည်း ရမယ်လို့ ကျွန်တော်တွေးမိပါတယ်။ ဒါကြောင့် လူ့သတ္တိဟာလည်း တိရစ္ဆာန်သတ္တိ မဟုတ်ဘူး။ တိရစ္ဆာန်သတ္တိနဲ့ ကွာခြားမှာပဲလို့ ကိုယ့်လောဂျစ်နဲ့ ကိုယ်ယူမိပါတယ်။ ဒီလိုယူမိတာကြောင့် တချို့တချို့သော လူတွေဟာ လူစင်စစ်ဖြစ်ပါလျက် တိရစ္ဆာန်စွမ်းရည် မျိုးတွေကို သုံးနေပါကလားလို့လည်း မြင်မိပါတော့တယ်။
တစ်ခါတော့လည်း ဆရာက ကျွန်တော်တို့ကို အတန်းထဲမှာ အခုလိုပဲ မေးပြန်ပါသေးတယ်။
'အကြောက်တရားဆိုတာ ဘာလဲ။ သိလား. . .' တဲ့။
တပည့်တွေက ဖြေကြပြန်တာပေါ့။
ဒီတစ်ခါတော့ ဆရာက ပိုလို့ပြုံးနေပြီး
"မင်းတို့ဈေးထဲက ဝက်သားရောင်းတဲ့ တရုတ် 'အကြောက်' ပေါ့ကွ။ သူ့တရားက ဝက်ကိုခုတ်တာ၊ ထစ်တာ၊ လှီးတာ ရသလောက် အမြတ်ထုတ်နိုင်အောင် အလေးခိုးနေတာဟာ သ့ူတရားပေါ့ကွ" တဲ့။ သြော် အကြောက်တရားဆိုတာ တရုတ် (အကြောက်) ရဲ့ ပါးပါးလှီးတာရော ခုတ်ထစ်အမြတ်ထုတ်တာဟာ အကြောက်တရားလို့ ဖွင့်ဆိုသကိုး။ ဒါကလည်း ဆရာက သူ့တပည့် ကျွန်တော်တို့တွေကို ပျော်ရွှင်ရအောင် ပြောခဲ့တာပါ။
ဒါပေမဲ့ အခုကျတော့ ပြောသံဆိုသံကြား ဖူးတာအရ တရုတ်နဲ့ အကြောက်တရားဆိုတာ ဆက်စပ်မိပြီး မပြေသော် ကန်ရာကြီးက ရှိနေလေသလား ပါပဲဗျာ။
ကျောင်းတုန်းက ကျွန်တော်တို့ရဲ့ဆရာကတော့ 'သတ္တိ' ဆိုတာ 'သိတတ်တာ' ကွလို့ ဆိုခဲ့တာ။ ဒီမှာဘက်ပိုင်းရောက်တော့ တချို့လူကြီး ဆိုသူတွေက သူ့လက်အောက်က တစ်ဦးတစ်ယောက်ယောက်ကို 'ဒီကောင်မသိ တတ်လူးကွ' လို့ ဆိုလိုက်ရင် အပြောခံရသူဟာ ကြီးပွားလမ်း၊ တက်လမ်းမရှိတော့အောင် ဖြစ်ပါရောတဲ့။ လာဘ်ပိတ်သွားပါရောတဲ့။ ဒါကြောင့်လည်း ထင်ပါတယ်။ အဘိဓာန်ကပေးတဲ့ 'သိတတ်' ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်မှာ 'ပါးနပ်သည်' ဆိုတဲ့ အဓိပ္ပါယ် တစ်ခုကိုလည်း ပေးထားတာကို တွေ့ရပါတယ်။
ပထမတစ်ခုအဖြစ် ပေးထားတဲ့ အဓိပ္ပာယ်ကတော့ 'လူမှုဆက်ဆံရေး တာဝန်ဝတ္တရားကို နားလည်သည်' တဲ့ခင်ဗျ။ ဒီအဓိပ္ပာယ်အတွက် သုံးနှုန်းတဲ့ သိတတ်မှုကတော့ ကောင်းတယ်ပေါ့ခင်ဗျာ။ ဒါပေမဲ့ သိပ်သိတတ်ကြတဲ့ လူတွေတချို့ရှိရဲ့ မဟုတ်လား။ လူမှုဆက်ဆံရေး တာဝန်ကို နားလည်လှသလို ဝတ္တရားကို ကျေပွန်လှသယောင်နဲ့ ကိုယ့်နေရာရဖို့၊ ကိုယ်မျက်နှာပေးခံရဖို့၊ ကိုယ်ရာထူး တက်လမ်းပွင့်ဖို့၊ ရာထူးခိုင်မြဲဖို့ အချီးမွမ်းခံရဖို့အတွက် အထက်လူတွေကို လူလုံးပြဖားလိုက်ရ၊ အောက်ကိုကျတော့ ဖိလိုက်ဟ၊ အချင်းချင်းကျတော့ ပုဏ္ဏားလို ခြေထိုးတဲ့ လူစားတွေလေ။ ထင်သာမြင်သာ မြင်ကြရပါ့ဗျာ။
ကိုယ်တော်မြတ်ကြီးတွေ ဆိုတာကလည်း အဲဒီလိုပုဏ္ဏားမျိုးတွေကို ကြိုက်ကြသကိုးဗျ။
အဲဒီလိုလူတွေက ဘယ်သူပဲနာနာ၊ ဘယ်သူပဲသေသေ ကိုယ်မာနေရင်ပြီးရောဆိုတဲ့ သိတတ်သတ္တိမျိုး ဆိုတော့ကာ သူတို့ဟာက လူ့စွမ်းရည်၊ လူ့သတ္တိ ဟုတ်သေးရဲ့လားလို့ စဉ်းစားစရာပါပဲဗျာ။ ဒါဆိုတော့ စကားရင့်သီး သွားသလိုရှိရင် ဖဝါးနဲ့နာပါ။ သူတို့ဟာက တိရစ္ဆာန်သတ္တိ၊ တိရစ္ဆာန်စွမ်းရည်လို့ ဆိုစရာပဲ မဟုတ်လားခင်ဗျာ။ အင်း...တိရစ္ဆာန် သတ္တိရှိကြသူတွေကတော့ မရှက်မကြောက်၊ မကြောက်မရှက် လုပ်ရဲကြပါ့ လုပ်ရက်ကြပါ့ဗျာ။
ပညာကိုတကယ်ပဲ မွေ့လာ၊ ပညာအလေ့နဲ့ပဲ ရှိလာခဲ့တဲ့ လူမျိုးတွေကတော့ အဲဒီလို သတ္တိစွမ်းရည်မျိုးတွေ မကျင့်ကြ မရှိကြဘူးဗျာ။ အမျိုးသားပညာဝန် ဆရာကြီး ဦးဖိုးကျားက 'ပညာ' ဆိုတာကို လိုအပ်သလိုယူရရင် လက်ရုံးရည်၊ ပညာရည်နှင့် နှလုံးရည် ပြည့်စုံတာကိုဆိုပြီး၊ ကလေးသူငယ်များရော၊ ကိုယ်တိုင်ပါ ဒီလိုပုံဝတ္ထုတွေ ဖတ်ကြရ၊ နှစ်သက်အားကျ ဖြည့်ယူတတ်ကြဖို့လို့ 'မြန်မာ့ဂုဏ်ရည် ရာဇာဝင်ဖတ်စာ' ကို ရေးသားခဲ့ကြောင်း ဆိုခဲ့ပါတယ်။
အဲဒီဖတ်စာမှာ ပျူစောထီးမင်းကစလို့ ဖတ်စာသင်ခန်း ၆၈ ပုဒ်မှာ ပုဂံသူရဲကောင်း လေးဦး၊ လက်ရုံးရည် နှလုံးရည် ပြည့်စုံသည့် အနန္တသူရိယ၊ ပညာရှိသော ကျစွာမင်း၊ သံပျင်မင်းသမီး၊ သတ္တိရှိသော သူခိုးငတက်ပြား၊ တပင်ရွှေထီး၏ သူရသတ္တိ၊ ဘုရင့်နောင်၏ သဘောသတ္တိ၊ သတ္တိကောင်းတဲ့ မင်းရဲကျော်စွာ စတဲ့အကြောင်းတွေ ပါပါတယ်။ ဆရာကြီး ဦးဖိုးကျားက ၁၂၈၆ ခုနှစ်နဲ့ ၁၃၀၀ ပြည့် နှစ် တွေမှာရေးခဲ့တာ အခုဆိုနှစ် ၇၀ ကျော်ခဲ့ပေါ့။
ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း၊ စာရေးဆရာကြီး ဦးနုကလည်း 'ကိုယ်ကျိုးစွန့် အနစ်အနာခံခဲ့ ကြကုန်သော အာဇာနည် ပုဂ္ဂိုလ်ထူးတို့၏ မှတ်တမ်း' ဆိုပြီး 'အာဇာနည်' စာအုပ်ကို ရေးခဲ့ပါတယ်။ ပထမအကြိမ်ထုတ်က ၁၉၄၅ ခုနှစ်ဖြစ်ပြီး စကားချီးရေးရာမှာတော့ ရည်းစားလုရာမှာ တစ်ဖက်သားက ဓားမြှောင်နဲ့ စောင့်နေတာကို အတင်းဝင်လုလို့ ဓားထိုးခံရပြီး သေသွားရှာတဲ့ ကျော်စိုး (ပီမိုးနင်း၏သား)၊ တပင်ရွှေထီးနားထွင်း မင်္ဂလာမှာ လိုက်ပါဖို့ လူရွေးတော့ လက်မထိပ်ကို အပ်ရိုက်သွင်းတဲ့အခါ မျက်နှာရှုံ့မိလို့ ဗလရဲထင် အပယ်ခံရပါတယ်။ ဒါကိုသူူက သတ္တိမခေကြောင်း ပြတဲ့အနေနဲ့ သူ့ဓားမြှောင်နဲ့ပဲ သူ့ဗိုက်ကိုထိုးခွဲ၊ အူစကိုဆွဲထုတ်၊ ဘုရင့်နောင်ကို တစ်ပတ်ပတ်လို့ အူအဆုံးမှာ လဲကျသေရတဲ့အဖြစ် တို့ကို ရေးခဲ့ပါတယ်။ ဒီလိုလူတွေရဲ့ ဖြစ်ရပ်ကတော့ သတ္တိလည်း မဟုတ်ကြသလို သိတတ်တာလည်း မဟုတ်ဘူးလို့ ပြဆိုခဲ့ကြပါတယ်။
ရယ်စရာလို့လည်း ဆိုနိုင်ပါတယ်။ နှာခေါင်းရှုံ့မဲ့ ရွဲ့စရာလို့လည်း ပြောနိုင်တဲ့ တစ်ခုကို သတိရမိ ပြန်ပါတယ်။
ဗြိတိသျှဝန်ကြီးချုပ်ဟောင်း Gordon Brown ရေးသားပြီး ဆရာခင်မောင်တိုး (မိုးမိတ်) ဘာသာပြန်တဲ့ စာအုပ်။ စာပေလောကတိုက်က ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ပထမအကြိမ် ထုတ်ဝေတာကို စိတ်ဝင်စားလို့ ဝယ်ဖတ်ပါတယ်ခင်ဗျာ။ စာအုပ်အမည်က မြန်မာလို 'သတ္တိ' ပဲ ပေးထားပါတယ်။ စာအုပ်အဖုံးမှာရော အတွင်းရေခံမှာပါတဲ့ မူရင်းအမည်က 'Courage' ဖြစ်ပါတယ်။ အကြောင်းအရာကိုညွှန်းတဲ့ ခေါင်းစဉ်ငယ်ကတော့ Eights Portraits ဖြစ်ပါတယ်။ ပထမအကြိမ်ထုတ် စာအုပ်ထဲမှာပါတဲ့ Portraits ရှင်တွေက (၁) ရောဘတ်ကနေဒီး (၂) ဒိုင်းထရစ်ဘွန် ဟိုးဗွား (၃) အဲဒစ်ကာဗဲ (၄) နယ်လ်ဆင် မင်ဒဲလား (၅) စစ္စလီဆောင်းဒါး (၆) မာတင်လူ သာကင်းဂျူနီယာနဲ့ (၇) ရာအောဝေါလင်းဘတ်တို့ပဲ ဖြစ်တယ်ခင်ဗျ။ ဘယ့်နှယ် ရုပ်ပုံလွှာရှင်က ရှစ်ဦးဆိုပြီး သကာလ ခုနစ်ဦးတည်း ဖြစ်နေရလဲဆိုတော့ မူရင်းမှာပါတာက (ဒေါ်) အောင်ဆန်းစုကြည်နဲ့ပါ ရှစ်ဦးဖြစ်ပြီး၊ မြန်မာပြည်မှာ ပြန်ဆိုပြီးတော့ (ပ) အကြိမ်ထုတ်မှာ ချန်ခဲ့ရတာတဲ့ဗျာ။ ကျွန်တော့်မှာ ဒုတိယအကြိမ်ထုတ်မှာ ပါလာတော့မှ မိတ္တူကူးယူပြီး ကျွန်တော်ဝယ်ခဲ့တဲ့ စာအုပ်ထဲ ညှပ်ထည့်ရ ပါတော့တယ်။
ကြည့်စမ်းပါဦးခင်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ သတ္တိဆိုတဲ့ စာအုပ်ကို အများပြည်သူ ဖတ်ရစေဖို့ ပြန်ဆိုရေးသားတဲ့ သူကရေးသား ထုတ်ဝေတဲ့သူက ထုတ်တဲ့တိုင်အောင် တစ်ယောက်ကိုတော့ ချန်/ထုတ် ဖြစ်ခဲ့ရသေးသတဲ့ဗျာ။ သိတတ်ခဲ့ကြရတာပလေ။
တကယ်တော့ သူတော်ကောင်းဥစ္စာ ခုနစ်ပါးထဲမှာပါတဲ့ အရှက်နဲ့ အကြောက် ဆိုတာဟာ မကောင်းမှုမှ ရှက်ခြင်း၊ မကောင်းမှု ပြုရမှာကို ကြောက်ခြင်းလို့ နားလည်ပါတယ်။ ဒါကြောင့် အရိယာဥစ္စာလို့လည်း ခေါ်ပါတယ်။ ဟုတ်တာ မှန်တာတွေကို သတ္တိရှိရှိ၊ လောကကို ရင်ဆိုင်လုပ်ကိုင်သွားတဲ့ သူတွေအကြောင်း၊ အများပြည်သူတွေ သိသွားမှာကို ကြောက်တဲ့သူတွေကတော့ ယူရမှာ၊ လုရမှာ၊ စားလိုက်ဝါးလိုက် ရမှာကို မရှက်တဲ့ သူတွေပဲဗျ။ အခုအချိန်မှာ ကျွန်တော်တို့ဆီမှာ မင်းပြောင်းမင်းလဲ အခါသမယကို ကြုံရပြီမို့၊ မင်းသစ်ကို မင်္ဂလာရှိစွာ ကြိုဆိုပါပြီခင်ဗျာ။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စိတ်ကူးချိုချို စာအုပ်တိုက် ဈေးကွက်ပွဲတုန်းက ရလာခဲ့တဲ့ စာတစ်အုပ်က ရှားပါးနေပြီဖြစ်တဲ့ 'ရခိုင်သူမြတ် စီကုံး၍၊ မင်းသုဝဏ် တည်းဖြတ်သောမူ လောကသာရပျို့ စာအုပ်ပါပဲ။
မင်းကိုဆုံးမခန်း ပုဒ်ရင်း ၂၃ မှာ ပြည်သူ့ အထွတ်အဦးဖြစ်တဲ့ မဟာသမ္မတစသော မင်းမျိုးတို့ ကျင့်နေကျ ကျင့်ရိုးတရား ၁၀ ပါး တို့ကိုကျင့်ရာမှာ မကြွင်းကျန်ပါစေနှင့်လို့ ဆုံးမပါတယ်။ ပုဒ်ရင်း ၂၉ ကတော့ အခုလို ဖတ်ရွတ်ရပါတယ်ခင်ဗျာ။
'ခပ်သိမ်းပြည်သူ၊ လူရဟန်းကို
သိမ်းမြန်းပိုက်ထုပ်၊ ကြက်သားအုပ်သို့
မလှုပ်စေကြောင်း ဖြည့်ဖြားယောင်းလျက်
ကျင့်ဟောင်းမလွန်၊ တုတ်ခွန်မပြင်း
သနားခြင်းဖြင့်၊ နှိပ်နင်းကလူ
မပူစေရ၊ ကွပ်ဆုံးမလော့။
ထွန်းပပြောင်းပြောင်၊ ထက်မိုးခေါင်၌
အရောင်ချမ်းလွန်၊ လဗိမာန်လျှင်
ပူပန်မရှိ၊ ငြိမ်းစေဘိ၍
ကြယ်တိရံကာ၊ တင့်တယ်စွာသို့
ပမာပုံသင့်၊ လနှယ်ကျင့်၍
လင်းပွင့်တိုင်းကား၊ စည်ပင်ပွားလျက်
လူများကောင်းချီး တွန်စေမင်း'

Most Read

Most Recent