လူနေမှုပုံစံ ပြောင်းလဲမှုနှင့် လူဦးရေ နည်းပါးလာတဲ့ ပင်လယ်ပျော်များ

လူနေမှုပုံစံ ပြောင်းလဲမှုနှင့် လူဦးရေ နည်းပါးလာတဲ့ ပင်လယ်ပျော်များ
Published 14 March 2016
ဇော်မိုးဦး (မြိတ်)

မြိတ်ကျွန်းစု အတွင်းမှာ နေထိုင်လျက် ရှိတဲ့ ပင်လယ်ပျော်များရဲ့ နေထိုင်မှု ပုံစံများက ပြောင်းလဲလာနေတာ ကြာပါပြီ။ နေထိုင်မှု ပုံစံများ ပြောင်းလဲတာကတော့ ခေတ်ရေစီးကြောင်းနှင့် တခြား လူမျိုးစုတို့နှင့် နီးကပ်စွာ နေထိုင်လာတာကြောင့် ဖြစ်ပါတယ်။ လူတွေနှင့်ဝေးရာ သီးခြားကမ္ဘာမှာ နေထိုင်လေ့ရှိတဲ့ ပင်လယ်ပျော် မော်ကင်း (ဆလုံ) များဟာ လွတ်လပ်စွာ နေထိုင်မှုကို မြတ်နိုးသူများ ဖြစ်ပါတယ်။ လောဘ၊ မောဟများ မရှိဘဲ ရောင့်ရဲတင်းတိမ် ကျေနပ်စွာ ပင်လယ်ပြင်အတွင်း ရွက်လွင့် သွားလာနေတဲ့ ပင်လယ် ဂျစ်ပစီများဟာ ၁၇ ရာစုကျော် ၁၈ ရာစုလောက်မှာ မြိတ်ကျွန်းစု အတွင်းကို စတင် ရောက်ရှိခဲ့တယ်လို့ သိရတယ်။ သြစထရိုအေရှနွယ်ဖွား ဆလုံတိုင်းရင်းသားက မလေးကျွန်းဆွယ်ကို စွန့်ခွာပြီး သစ်ထွင်းလှေများနဲ့ စတင် ရောက်ရှိလာတယ်လို့ သိရတယ်။အခု မြိတ်ကျွန်းစု အတွင်းမှာ တွေ့နေရသေးတဲ့ ဆလုံလို့ ခေါ်ကြတဲ့ မော်ကင်းများရဲ့ ပြောစကား လေယူလေသိမ်းများဟာ မလေးရှား စကားလိုလို ထိုင်းစကားလိုလို ဖြစ်နေတာ တွေ့ရတယ်။ “တွေ့နေရသေးတဲ့ ဆလုံ” လို့ သုံးနှုန်းလိုက်တာကလည်း ထိန်းသိမ်းမှု အားနည်းလာရင် မကြာခင် ပျောက်ကွယ်သွားတော့မယ့် လူမျိုးစု တစ်စု အဖြစ်ကို ရောက်ရှိနေလို့ ဖြစ်ပါတယ်။ ဆလုံ တိုင်းရင်းသားများရဲ့ နေထိုင်မှု ပုံစံက အမျိုးသား၊ အမျိုးသမီး အများစုက အပေါ်ပိုင်းဗလာ နေထိုင်ကြတယ်။ ပင်လယ်ပြင်ထဲမှာ မိသားစုအလိုက် “ကဘောင်းလှေ” များဖြင့် သွားလာကာ ငါးဖမ်းခြင်း၊ အမဲလိုက်ခြင်း ပြုလုပ်ကြတယ်။ လှေပေါ်တွင် ချက်ပြုတ် စားသောက်ပြီး လှေပေါ်တွင် အိပ်စက်ကြလေ့ ရှိတယ်။ ကျွန်းတစ်ကျွန်းမှ တစ်ကျွန်းကို သွားလာကြတယ်။ အိမ်ထောင်ပြုတဲ့အခါ တခြား ဆလုံလှေ အုပ်စုက အမျိုးသမီးကို သတို့သားက ရှာဖွေရတယ်။ အိမ်ထောင်ကျပြီး ဘဝရပ်တည်ရန်အတွက် သတို့သမီးဘက် “ကဘောင်း” လှေတစ်စင်း လက်ဖွဲ့ပေးရတယ်။ တချို့ ဆလုံများက လှေပဲ့ပိုင်းမှ လှေဦးပိုင်းကို မိန်းမခိုးပြေးပြီး အိမ်ထောင်တစ်ခု တည်ဆောက်ကြတယ်။ အခုခေတ်မှာတော့ ဆလုံတွေက ကျွန်းတွေပေါ်မှာ အတည်တကျ နေထိုင်လာကြတယ်။ ဈေးရောင်းဈေးဝယ် ပြုလုပ်လာကြတယ်။ ကဘောင်းလှေတွေက မရှိသလောက် ဖြစ်လာနေပြီ။ အိမ်ထောင်ပြုတဲ့ အခါမှာ လူကြီးစုံရာ မိတ်ဆွေတွေကို ဖိတ်ပြီး အကျွေးအမွေးလေးတွေနဲ့ ဧည့်ခံကာ သူတို့ မင်္ဂလာပွဲကို အသိအမှတ် ပြုစေလာကြတယ်။ ဝတ်စားဆင်ယင်မှုက အမျိုးသား တချို့လောက်သာ အပေါ်ပိုင်း ဝတ်လာကြပေမယ့် အမျိုးသမီးများကတော့ သာမန် အမျိုးသမီးများအတိုင်း ဝတ်စားဆင်ယင် လာကြတယ်။ “အမျိုးသမီးတွေက ရွှေအရမ်း ကြိုက်ကြတယ်။ ရွှေတွေကို သူတို့ ရသလောက် ဝယ်ကြတယ်။ ပွဲတော်တွေမှာ ဆိုရင် ပိုပြီး ထုတ်ဝတ်ကြတယ်။ အလှပြင်တာတွေလည်း လုပ်တတ်တယ်။ ဝတ်စားဆင်ယင်မှုက အရမ်း လုံခြုံသွားကြပြီ။ လူတွေ များလာရင် သူတို့ သိပ်မကြိုက်ဘူး။ ကြောက်ရွံ့မှု၊ လွတ်လပ်စွာ နေလိုမှုကတော့ အခုထိ ရှိနေသေးတယ်” လို့ လငန်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောကြားခဲ့တယ်။ဆလုံတွေရဲ့ အမှတ်သား ဖြစ်တဲ့ “ကဘောင်း” လှေတွေ အခု မရှိသလောက် ဖြစ်လာတယ်။ ၁၉၇၀ လောက်မှာ ဆလုံလူမျိုးတွေက လှေတွေမှာ မော်တာစက်တွေ စတင် အသုံးပြုလာကြတယ်။ နေထိုင်မှု ပုံစံတွေ အများကြီး ပြောင်းလဲခဲ့တယ်လို့ သိရတယ်။ “အခု ကျွန်တော် သိရသလောက်ကတော့ မြိတ်ကျွန်းစု အတွင်းမှာ တကယ့် ဆလုံတိုင်းရင်းသားတွေရဲ့ သဘာဝအတိုင်း လှေပေါ်မှာပဲ နေထိုင်စားသောက်ပြီး သွားလာနေတဲ့ ဆလုံတိုင်းရင်းသား ဆိုလို့ မိသားစု လေးစုပဲ ကျန်တော့တယ်။ အဲဒီ မိသားစု လေးစုမှာ ဆလုံတိုင်းရင်းသား ၁၃ ဦးပဲ ပါတယ်။ ဒါက သဘာဝအတိုင်း တွေ့နိုင်မယ့် နောက်ဆုံးမျိုးဆက်ပဲ ဖြစ်လိမ့်မယ်။ သူတို့က ပြင်စဘုကျွန်း အနီးတစ်ဝိုက်မှာ သွားလာနေတာ တွေ့ရတယ်” လို့ မကျုံဂလက် ကျေးရွာမှ ဆလုံတိုင်းရင်းသူနှင့် အိမ်ထောင်ကျနေသူ ဗမာတိုင်းရင်းသား ကိုထွေးက ပြောကြားခဲ့တယ်။ ဆလုံ တိုင်းရင်းသားတွေဟာ နေထိုင်မှု ပုံစံတွေ ပြောင်းလဲတာ မကဘူး လူဦးရေလည်း အရမ်းကို လျော့နည်းလာပြီး စိုးရိမ်ရတဲ့ အနေအထားကို ရောက်ရှိလို့ လာနေပြီ။ ဆလုံ တိုင်းရင်းသားတွေ ဘာကြောင့် လျော့နည်းလာသလဲ၊ ဘာကြောင့် နောက်ထပ် မြိတ်ကျွန်းစုကို သူတို့ စွန့်ခွာပြီး လေးရှားနှင့် ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာသွားနေကြတာလဲ။“မူးယစ်ဆေးဝါး ပြဿနာ၊ ဗမာတွေရဲ့ လူနေအိမ်ခြေတွေ တဖြည်းဖြည်း တိုးလာတာတွေ၊ ဆလုံ အချင်းချင်း အိမ်ထောင်ပြုမှု နည်းပါးလာတာတွေ၊ ထိုင်းနိုင်ငံက ရွာတွေ တည်ပေးပြီး ဆလုံတွေကို စည်းရုံး သိမ်းသွင်းတာတွေ၊ ပင်လယ်ထဲမှာ အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲလာတာတွေကြောင့် ဖြစ်တယ်။ အရင်က ဆလုံတွေက အရက်ကြိုက်တယ်။ နောက်ပိုင်း လေးလုံးတွဲ အမောသက်သာဆေးတွေ ဘိန်းစာမှုန့်တွေ ကြိုက်ကြတယ်။ အခု စိတ်ကြွဆေးပြား ပြဿနာတွေ ဝင်နေပြီ” လို့ လငန်းရွာမှ ဆလုံတိုင်းရင်းသူအား အိမ်ထောင်ပြုထားသူ တစ်ဦးက ပြောကြားခဲ့တယ်။ ကျွန်တော်တို့ အရွယ်တွေ အပါအဝင် သက်ကြီးပိုင်းတချို့ သိထားကြတာကတော့ ဆလုံတွေဟာ မြိတ်ကျွန်းစု မြောက်ပိုင်းကနေ တောင်ဘက်ပိုင်းကို တဖြည်းဖြည်း ရွေ့သွားတာ တွေ့ရတယ်။ အခုနောက်ဆုံး တောင်ပိုင်း ဘုတ်ပြင်း၊ ကော့သောင်းဘက်ကနေ ထိုင်းနှင့် မလေးဘက်ကို ထပ်ရွေ့နေပြန်ပါပြီ။ ၁၉၈၈ မတိုင်မီ ကာလအထိ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်က ဆလုံကုန်းဆိုတဲ့ နေရာမှာ ဆလုံတွေ နေထိုင်ပါသေးတယ်။ အဲဒီမှာ ဆလုံတွေကို အကြောင်းပြုပြီး ချမ်းသာသွားတဲ့ သူတွေ အများကြီး ရှိကြတယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဆလုံတွေဟာ မြိတ်မြို့ကနေ ပင်လယ်ထဲကို အပြီးအပိုင် ထွက်ခွာသွားကြတယ်။ ဒါက နောက်ဆုံး ရွေ့သွားတဲ့သူတွေ ဖြစ်ပြီး ယခင် ကတည်းက ရှိနှင့်နေတဲ့ ဆလုံတိုင်းရင်းသားတွေထံ သူတို့ ရောက်သွားကြတယ်။ ဒုံးကျွန်းတန်းကြီး၊ လန်ပိကျွန်းတန်းကြီး၊ ခင်ပြည့်စုံ ကျွန်းကြီးပေါ်က လငန်းကျွန်းစုများ၊ ဇာဒက်ကြီးနှင့် တခြား ကျွန်းစုတွေဘက်ကို ရွေ့သွားကြတယ်။ သေချာတာကတော့ မြန်မာနိုင်ငံရဲ့ မြောက်ဘက်အစွန်းကို သူတို့ လုံး၀ မသွားကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဘက်မှာ ရေသယံဇာတတွေ တဖြည်းဖြည်း ပြုန်းတီးလာနေတာတွေ။ သူတို့ နေထိုင် မှီခိုရမယ့် ကျွန်းကောင်းကောင်းတွေ မရှိတာကို သူတို့ သိတယ်။ မြိတ်ကျွန်းစု အတွင်းက လူတွေ နေထိုင်ခြင်း မရှိတဲ့ ကျွန်းတွေ၊ ဆလုံ တိုင်းရင်းသားတွေ သီးသန့် နေထိုင်တဲ့ ကျွန်းတွေမှာ အတူတကွ နေထိုင်ကြတယ်။ မြိတ်ကျွန်းစု အတွင်းက ကျွန်းတချို့တွင် ဆလုံကုန်း၊ ကရင်အပိုင်း၊ ဗမာအပိုင်းဆိုပြီး ရှိကြတယ်။ တချို့ရွာများမှာကတော့ ဆလုံကုန်းနှင့် ဗမာကုန်းဆိုပြီး ရှိကြတယ်။ ဗမာရွာများမှ လုပ်ကိုင်စားသောက်ရန် ရောက်ရှိလာသူများ၊ မြန်မာပြည် အထက်ပိုင်းမှ ဗမာ၊ ရခိုင်၊ မွန်တချို့မှာ ကျွန်းများသို့ လာရောက် နေထိုင်ပြီး လုပ်ကိုင်စားသောက်ကြတယ်။ ဆလုံ တိုင်းရင်းသားများထံမှ ရေထွက် သယံဇာတများကို ဝယ်ယူပြီး အမြတ်ကြီးကြီးနှင့် ထိုင်းနိုင်ငံကို ရောင်းချကြတယ်။ သူတို့ထံမှာ ဆလုံတွေ ပုံမှန် ပစ္စည်းများ လာရောင်းချဖို့ ဘိန်းနှင့် မူးယစ်ဆေးဝါး တချို့ဖြင့် မြှူဆွယ်ထားကြတယ်။ ဆလုံတွေကို ဆန်နှင့် ကုန်ခြောက်များ ပေးရာတွင် အရက်နှင့် မူးယစ်ဆေးဝါးများ ထည့်ပေးကြတယ်။ ဆလုံအမျိုးသား၊ အမျိုးသမီးနှင့် လူငယ်များ အားလုံးနီးပါး အရက်နှင့် မူးယစ်ဆေး စွဲကုန်ကြတယ်။ ဘိန်းခေတ်စားစဉ် ဆလုံ တိုင်းရင်းသား အမျိုးသားများ အတော်များများ သေဆုံးခဲ့တယ်။ အိမ်ထောင်စု ၂၅ စုမှာ ၂၀ ခန့် အိမ်ထောင်စုဦးစီး အမျိုးသားများ မရှိတော့တဲ့ သာဓကတွေ ရှိတယ်။ ဆလုံတွေ အတော်များများက သီးသန့် နေထိုင်တာကို နှစ်သက်တယ်။ ဗမာအိမ်ခြေတွေ များလာတဲ့ အခါမှာ ရွာရဲ့ အစွန်းတစ်ဖက်ကို ရွှေ့ပြောင်းသွားကြတယ်။ အိမ်ခြေတွေ ထပ်များလာတဲ့ အခါမှာတော့ မိသားစုအလိုက် လှေကလေးတွေနှင့် ကျွန်းကို စွန့်ခွာသွားကြပြီး တခြားကျွန်းတွေ ထပ်မံ ရှာဖွေပြီး နေထိုင်ကြရတယ်။ “ကျွန်တော်တို့ ရွာက လငန်းဆလုံရွာပါ။ အရင်က ဆလုံတွေချည်း နေပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ ဗမာတိုင်းရင်းသားတွေ လုပ်ကိုင်စားသောက်ဖို့ ရောက်လာကြတယ်။ ဆလုံစစ်စစ်တွေ တဖြည်းဖြည်း ပြောင်းကုန်ကြတယ်။ တချို့လည်း ဗမာတွေနဲ့ အိမ်ထောင်ကျကုန်တယ်။ ၁၉၉၀ လောက်မှာ ဆလုံတွေဟာ အတော် ဒုက္ခရောက်ကြတယ်။ အဲဒီတုန်းက စစ်တပ် အုပ်ချုပ်နေတဲ့ ကာလပေါ့။ အိမ်ခြေတွေ များလို့ တခြားကျွန်းကို ပြောင်းတဲ့သူတွေ၊ မြိတ်ဘက်က ရွှေ့လာတဲ့ သူတွေဟာ ဒီဘက်ကို ရောက်လာကြတယ်။ ကျွန်းတွေကို သူတို့ လိုက်ရှာကြရတယ်။ စကောကျွန်းလို့ ဒေသခံတွေ ခေါ်တဲ့ ကျွန်းက ဆလုံတွေဟာ နာရီပိုင်းအတွင်း ပြောင်းရွှေ့ဖို့ လာပြောခံရတယ်။ သူတို့ ပြောင်းရွှေ့ဖို့ လုပ်နေတုန်းမှာပဲ အိမ်တွေ အားလုံးကို မီးရှို့ပစ်လိုက်တာ ခံရတယ်။ ပုလဲမွေးမြူရေး လုပ်မယ်လို့ ပြောပြီး အတင်းအကျပ် ပြောင်းခိုင်းကြတယ်” လို့ လငန်းရွာမှ ဗမာတိုင်းရင်းသား တစ်ဦးက ပြောကြားခဲ့တယ်။ဆလုံပြခန်းတွင် ပြသထားသည့် ၁၈၉၄ ခုနှစ်က ဆလုံတိုင်းရင်းသားများ၏ပုံ
ဆလုံ တိုင်းရင်းသားများမှာ အများအားဖြင့် အနေနီးစပ်သည့် ဗမာ၊ ကရင်၊ ရခိုင်၊ မွန်များနှင့် အိမ်ထောင်ကျပြီး ဘာသာ အယူဝါဒများနှင့် လူမှုဘ၀ နေထိုင်မှု ပုံစံများလည်း ပြောင်းလဲလာကြတယ်။ မြိတ်ကျွန်းစု အတွင်းမှာ ရှိတဲ့ ဆလုံများတွင် ဗမာ-ဆလုံ၊ ကရင်-ဆလုံများ ပေါများလာပြီး ဆလုံစစ်စစ်များ ရှားပါးလာနေတာ တွေ့ရတယ်။ ၂၀၀၁ ခုနှစ်တုန်းက မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင် အပါအဝင် ကျွန်းများမှာ နေထိုင်ကြတဲ့ ဆလုံတိုင်းရင်းသား ၄၀၀၀ ရှိပြီး ၂၀၁၂ ခုနှစ်မှာတော့ ဆလုံတိုင်းရင်းသား ၃၀၀၀ ကျော်သာ ရှိတော့ကာ အခု ၂၀၁၆ ခုနှစ်မှာတော့ ဆလုံ တိုင်းရင်းသား ၁၉၀၀ ပဲ ကျန်တော့တယ်လို့ သိရတယ်။ မွေး/ရေ ဒုဝန်ကြီးကတော့ ဆလုံတိုင်းရင်းသား ၁၈၀၀ ပဲ ကျန်တော့တယ်လို့ ပြောပါတယ်။ အဲဒီအထဲမှာ ဆလုံစစ်စစ်က ဘယ်လောက် ကျန်တော့မလဲ မပြောတတ်တော့ပါ။ အခု လငန်းကျေးရွာမှာပင် ဆလုံကပြားကလေး အများအပြား တွေ့ရပြီး ဆလုံစစ်စစ်များမှာ တစ်ဖက်ဇီးပင်အော်သို့ ရောက်နေတာ တွေ့ရတယ်။ ဆလုံ တိုင်းရင်းသားများဟာ ဒီလိုပဲ မြိတ်ကျွန်းစု တောင်ဘက်ကို တဖြည်းဖြည်း ရွက်လွှင့် ထွက်ခွာနေကြသလို တောင်ဘက်စွန်းမှာရှိတဲ့ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံထဲကို ရောက်ရှိနေကြပြီ ဖြစ်တယ်။ ဆလုံတချို့ကို ထိုင်းနိုင်ငံ အစိုးရက ထောက်ပံ့ ကူညီမှုများ ပေးသလို ကျေးရွာများ တည်ထောင်ပေးကာ အတည်တကျ နေထိုင်ခွင့် ပေးထားတယ်။ “ဆလုံတွေ ထိုင်းကို သွားရင် တာမွန်းထိုးစရာ မလိုဘူး။ တချို့ကို နိုင်ငံသားကတ်တွေတောင် ပေးထားတယ်။ ဆလုံဆိုရင် ကြိုဆိုကြတယ်။ သေချာ ထိန်းသိမ်းပြီး ကူညီပေးထားတယ်။ နိုင်ငံခြားသားတွေ လာရင် ဝင်ကြေးကောက်ပြီး ဆလုံရွာကို ဝင်ကြည့်ခွင့် ပေးထားတယ်။ ထိုင်းနိုင်ငံက ရေလုပ်ငန်းရှင် တချို့ကလည်း ဆလုံတွေကို အသုံးချတာ ရှိတယ်။ မလေးရှားနိုင်ငံကလည်း ဆလုံလူမျိုးဆိုရင် ကြိုဆိုကြတယ်” လို့ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ မကြာခဏ သွားရောက်နေသူ တစ်ဦးက ပြောကြားခဲ့တာပါ။ မြိတ်ကျွန်းစု အတွင်းမှာ ဆလုံတိုင်းရင်းသားများ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာပါတယ်။ ယခင်က ပုလဲငုပ်၊ ကနုကမာကောက်၊ ငါးမှိန်းထိုးလုပ်ငန်းများမှာ လိုင်စင်များအောက်မှာ ပျောက်ကွယ်သွားလေပြီ။ ကင်းမွန်မျှားတဲ့ လုပ်ငန်းလေးများပင် ဟိုကျွန်းကို မဝင်ရ၊ ဒီကျွန်းအနီး မကပ်ရ၊ ဟိုကျွန်းမှာ ရေဝင်မခပ်ရ စသဖြင့် ကန့်သတ်ချက်တွေကြားမှာ အသက်ဝအောင် ရှူနေရပြီ။ ကမ်းနီး ဝင်ဆွဲနေတဲ့ ငါးဖမ်းလှေကြီးတွေကို ဟန့်တားမယ့်သူ မရှိဘဲ ဝမ်းစာလေး ဖူလုံရုံ ရှာဖွေ စားသောက်နေတဲ့ ဆလုံတွေကို လိုက်လံ တားဆီးနေတာကလည်း ဆလုံတွေကို ရွှေ့ပြောင်းစေဖို့ တွန်းအားတစ်ခု ဖြစ်လာနေပြီ။ ဆလုံတွေမှာ ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ လက်မှုပညာ၊ ကိုးကွယ်ယုံကြည်မှုရှိပြီးသား ဖြစ်ပေမယ့် နေရာဒေသ တစ်ခုကို စွန့်လွှတ်ဖို့ သူတို့ ဝန်လေးမှာ မဟုတ်ပါဘူး။ လောဘ၊ မောဟမရှိတဲ့အတွက် စွန့်လွှတ်မှုကို သူတို့ အလွယ်တကူ လုပ်နိုင်ကြတယ်။ အခု မြိတ်ကျွန်းစု အတွင်းမှာ လျော့နည်းလာတဲ့ ဆလုံတိုင်းရင်းသားများရဲ့ ကိန်းဂဏန်းက အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်နေပါပြီ။ မြိတ်ကျွန်းစု အတွင်းကို လာကြတဲ့ ကမ္ဘာလှည့် ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုက ကျွန်းအလှအပတွေအပြင် ဆလုံတွေရဲ့ နေထိုင်မှု ပုံစံတွေကြောင့် ဆိုတာကို မေ့မထားသင့်ပါဘူး။ ကျွန်းတွေမှာ ဆလုံ တိုင်းရင်းသားတွေကို လွတ်လပ်စွာ နေထိုင်ခွင့် ပေးထားပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ပေးသင့်ပါတယ်။ သူတို့ကိုမှီပြီး ခရီးသွားလုပ်ငန်းများမှ ရမယ့် နိုင်ငံခြားငွေများက မနည်းမနောပါ။ ဆလုံတိုင်းရင်းသားတွေ သီးသန့်နေတဲ့ ကျွန်းတွေ ရှိသင့်ပါတယ်။ နိုင်ငံတော်အတွက် ပြန်ရမယ့် အကျိုးအမြတ် အများကြီး ရှိပါတယ်။ ဆလုံ (ခ) ပင်လယ်ပျော် မော်ကင်းတွေ ပြန်တောင်းမယ့် အရာတစ်ခုပဲ ရှိပါတယ်။အဲဒါကတော့ “လွတ်လပ်မှု”။

Most Read

Most Recent