ဒေါ်နယ်ထရန့်ကတော့ မတ် ၁၂ ရက်မှာ သူ့ရဲ့ လူထုစည်းဝေးပွဲကို နှောင့်ယှက်ခဲ့တဲ့ ဆန္ဒပြသူတွေကို”လူရမ်းကားတွေ”၊ “အစွန်းရောက်တွေ”ရယ်လို့ တံဆိပ်ကပ်ပြီး မီးမွှေးလိုက်ပြန်ပါတယ်။ သူနဲ့ပြိုင်ဘက် သမ္မတလောင်းတွေက ထရန့်ရဲ့ လှုံ့ဆော်တဲ့စကားတွေဟာ အန္တရာယ်ကြီးမားတဲ့ တင်းမာမှုတွေ ဖြစ်လာအောင် မီးမွှေးနေတာပဲလို့ သတိပေးခဲ့ပါတယ်။
ဒီမိုကရက်တစ် သမ္မတလောင်းဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေတဲ့ ဟီလာရီကလင်တန်က ချီကာဂိုက ထရန့်ရဲ့ လူထုစည်းဝေးပွဲအပြီး နောက်တစ်နေ့မှာ တင်းမာတဲ့ သတိပေးမှုတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ မတ် ၁၅ ရက် အရေးကြီးတဲ့ သမ္မတလောင်း ရွေးကောက်ပွဲ မတိုင်မီ ကလင်တန်က သတိပေးခဲ့တာဖြစ်ပါတယ်။
“ရှင့်အနေနဲ့ မီးခြစ်တွေနဲ့ ကစားမယ်ဆိုရင် ရှင်ကိုယ်တိုင် မထိန်းချုပ်နိုင်တဲ့ မီးကို မွှေးလိုက်တာပါပဲ။ ဒါ ခေါင်းဆောင်မှုမဟုတ်ဘူး။ ဒါက နိုင်ငံရေးမီးရှို့မှုပဲ”လို့ ကလင်တန်က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ထရန့်ကတော့ ရွှေ့ပြောင်း အခြေချသူတွေ၊ မွတ်စလင်တွေနဲ့ ပတ်သက် ပြီး သူ့ရဲ့ အစွန်းရောက်တဲ့ ပြောကြားချက်တွေဟာ တင်းမာမှုတွေဖြစ်အောင် လှုံ့ဆော်ခဲ့ တယ်ဆိုတဲ့ မှတ်ချက်တွေကို ပယ်ချခဲ့ပါတယ်။ ထရန့်က မတ် ၁၂ ရက်မှာပြုလုပ်တဲ့ သူ့ရဲ့ မဲဆွယ်ပွဲမှာ သူ့ကိုဆန့်ကျင်မှုတွေကို”စည်းရုံးလုပ်ဆောင်တဲ့ ရမ်းကားမှုတွေ”လို့ အထပ်ထပ် ပြောခဲ့ပါတယ်။
မတ် ၁၂ ရက်အစောပိုင်းက အိုဟိုင်းအိုးပြည်နယ် ဒေတန်မှာပြုလုပ်တဲ့ ထရန့်ရဲ့ မဲဆွယ်ပွဲအတွင်း ဆန္ဒပြသူတစ်ဦးဟာ စင်မြင့်ပေါ်ကို အတင်းအဓမ္မ ပြေးတက်ဖို့ ကြိုးပမ်းခဲ့ပြီးတဲ့နောက် ထရန့်က ဘာမှ ခြေခြေမြစ်မြစ်မရှိဘဲ အဲဒီလူဟာ IS အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ လူလို့ အသားလွတ် စွပ်စွဲပြောကြားလိုက်ပါတယ်။
“အဲ တရားသူကြီးက သူ့ကို လွှတ်ပေးလိုက်ပြီ။ အဲဒီနောက်တော့ ကျွန်တော့်လူတစ်ဦးက ဝိုးလို့ ဆိုတယ်။ သူတို့က သူ့နာမည်ကို သိသွားတယ်။ သူဟာ IS အဖွဲ့က ဒါမှမဟုတ် IS အဖွဲ့နဲ့ပတ်သက်နေသူဖြစ်နိုင်ပါတယ်။ ခင်ဗျားတို့ ယုံရဲ့လား။ သေချာတာကတော့ သူဟာ ကျွန်တော်တို့တိုင်းပြည်ကို ချစ်တဲ့သူ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ အဆင်ပြေရဲ့လား”လို့ ထရန့်က ပြောပါတယ်။
ဒေတန်နေ့စဉ်သတင်းစာရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရကတော့ အဲဒီလူဟာ အသက် ၂၂ နှစ်အရွယ်ရှိတဲ့ လူမျိုးရေး ခွဲခြားမှု ဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူ သောမတ်စ်ဒီမက်ဆီမိုဖြစ်ပြီး ကျောင်းသားတွေ အမေရိကန်အလံတွေပေါ်မှာ မတ်တတ်ရပ်ပြီး”ငါ့အလံမဟုတ်”လို့ ရေးထားတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြတဲ့ပွဲမှာ လွန်ခဲ့တဲ့နှစ်က ပါဝင်ခဲ့သူအဖြစ် ဗီဒီယိုမှတ်တမ်း ရိုက်ကူးထားမှုတွေ ရှိတယ်လို့ သိရပါတယ်။
ထရန့်က သူ့ရဲ့စွပ်စွဲမှုကို အထောက်အပံ့ဖြစ်အောင်လို့ အဲဒီဆန္ဒပြပွဲဗီဒီယိုဖိုင်ကို Youtube မှာတင်ပြီး “အစွန်းရောက်မှုနဲ့ ဆက်နွှယ်နေတာ ထောက်ပြဖို့ရည်ရွယ်တဲ့ အညံ့စား လှည့်ကွက်တစ်ခုလို့ ဆိုနိုင်တဲ့ပွဲမှာ အစ္စလာမ်တွေ ကြွေးကြော်ခြင်း”လို့ ရေးထားပါတယ်။
အစောပိုင်းတုန်းကလည်း ထရန့်က ချီကာဂို ရုန်းရင်းဆန်ခတ်မှုကို သူ့ကိုထောက်ခံတဲ့သူတွေ (နိုင်ငံသားကောင်းတွေ) ကို တိုက်ခိုက်ဖို့ စုစည်းထားတဲ့ လှုံ့ဆော်ရေးသမားတွေရဲ့ စီစဉ်ထားတဲ့ တိုက်ခိုက်မှုလို့ ဖွင့်ဆိုခဲ့ပါသေးတယ်။
ထရန့်ကို မဲဆွယ်ပွဲတွေမှာ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ ပြုမူပုံမျိုးဖြစ်ဖို့ပြောခဲ့ပြီး သူ့ ကိုထောက်ခံသူတွေကို ထရန့်ကိုထောက်ခံတဲ့ လူတွေကို နှောင့်ယှက်ဖို့ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့ ဒီမိုကရက်တစ် သမ္မတလောင်း ဘာနေးဆန်းဒါးကိုလည်း ထရန့်က “ကျွန်တော်တို့ရဲ့ ကွန်မြူနစ်မိတ်ဆွေ ကြီး”ဆိုပြီး လှောင်ပြောင်ခဲ့ပါတယ်။
“ဒီလူတွေ ဘယ်ကလာသလဲ။ သူတို့ဟာ ဘာနေးရဲ့ လူအုပ်ကြီးပေါ့”လို့ သူ့ရဲ့မဲဆွယ်ပွဲကို နှောင့်ယှက်သူတွေနဲ့ ပတ်သက်ပြီး ဘာနေးကို အပြစ်တင်ခဲ့ပါတယ်။ ထရန့်ရဲ့ ရွှေ့ပြောင်း အခြေချမှု ဆန့်ကျင်ရေး ရပ်တည်ချက်ကို ဒေါသထွက်နေတဲ့ လူမည်းတွေနဲ့ လက်တင် အမေရိကသားတွေ အများအပြား ပါဝင်တဲ့ ဆန္ဒပြတဲ့ လူအုပ်ကြီးတွေဟာ ချီကာဂိုက နေရာတစ်ခုမှာ စုဝေးခဲ့ကြပြီး ထရန့်ကို ထောက်ခံသူတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှာ ထိုးကြိတ်မှုတွေတောင် ဖြစ်ခဲ့တာမို့ မတ် ၁၁ ရက် အကြမ်းဖက်မှုက ကြီးထွားခဲ့ပါတယ်။
အဓိကပြည်နယ်တစ်ခုဖြစ်တဲ့ အိုဟိုင်းအိုးမှာ မတ် ၁၂ ရက်က ထရန့်ဟာ လူထုစုဝေးပွဲကြီးနှစ်ခု ပြုလုပ်ခဲ့ပြီး ကင်ဆက်မှာတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီစည်းဝေးပွဲကြီးတွေကို အခက်အခဲ ကြီးကြီးမားမား မရှိဘဲ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် နေရာဒေသမျိုးစုံကနေ စုစည်းလာတဲ့ ဆန္ဒပြတဲ့အဖွဲ့တွေနဲ့ တင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ကလိဗ်လန်းမှာ ထရန့်ရဲ့ မဲဆွယ်ပွဲကျင်းပတဲ့ ပြပွဲခန်းမအပြင်ဘက်မှာ ဆန္ဒပြသူတွေက “ထရန့်ကို အမှိုက်ပစ်လိုက်ကြ”နဲ့ “ဒါ်နယ်ထရန့်-အမေရိကမှာ မုန်းတီးရေး ပြန်လည် လုပ်ဆောင်နေသူ”ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး စုဝေးခဲ့ကြပါတယ်။
ဆန္ဒပြသူ လူမည်းအများအပြားနဲ့ ထရန့်ကို ထောက်ခံသူ လူဖြူအများစုတို့ အပြန်အလှန် အော်ဟစ် ရန်ဖြစ်နေကြတာကို ရဲခြောက်ဦးခန့်ကတော့ မြင်းတွေပေါ်မှာထိုင်ပြီး ခပ်လှမ်းလှမ်းကနေ ကြည့်နေခဲ့ပါတယ်။ ကင်ဆက်စီးတီးမှာ ပြုလုပ်တဲ့ ညနေခင်း မဲဆွယ်ပွဲမှာလည်း ဆန္ဒပြသူတွေရဲ့နှောင့်ယှက်မှု ခံရပြန်ပါတယ်။
“သူတို့ကို မောင်းထုတ်လိုက်။ သူတို့က ကျွန်တော်တို့ အားလုံးကို အမှန်တကယ် နှောင့်ယှက်နေတာမို့ သူတို့ ဖမ်းဆီးခံရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ ထရန့်က ပြောကြားခဲ့ပြီး တရားစွဲဆိုမှုတွေ ပြုလုပ်အောင် ဖိအားပေးသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပြန်ပါတယ်။
ကလိဗ်လန်းမှာ ထရန့်ကို အားပေးဖို့လာတဲ့ အိုဟိုင်းအိုးပြည်နည် ရှက်ဖီးလိတ်က အသေးစား လုပ်ငန်းတစ်ခုရဲ့ လုပ်ငန်းရှင် ဘီဘန်းကတော့ ဒီပြဿနာတွေအတွက် အပြစ်တင်ထိုက်သူတွေကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။
“ဒီပြဿနာတွေအားလုံးဟာ ဆန္ဒပြသူတွေထံက လာတာပါ”လို့ ဘီဘန်းက ဆိုပါတယ်။ သူက “သူတို့က ဒီကလူတွေ မဟုတ်ဘူး။ သူတို့ အမေရိကန် အလံပေါ် မတ်တတ်ရပ်နေတာ မတွေ့ဘူးလား။ ဘာတွေဖြစ်လာဖို့ မျှော်လင့်ထားပါသလဲ။ ခင်ဗျားတို့ဟာ မီးကို ဓာတ်ဆီ လောင်းရုံသက်သက်ပါပဲ”လို့ ဘီဘန်းက ဆိုပါတယ်။
ရီပက်ဘလီကင် သမ္မတလောင်းရွေးပွဲအတွက် အရေးပါတဲ့ အဓိက ရွေးကောက်ပွဲတွေ မတိုင်မီ သုံးရက်အလိုမှာ မတ် ၁၂ ရက် မဲဆွယ်ပွဲတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ထရန့်ဟာ ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မာကိုရူဘီယိုနဲ့ အိုဟိုင်းအိုးပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ကာဆစ်တို့နဲ့ သူတို့ရဲ့ ဇာတိပြည်နယ်တွေမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ထရန့်ဟာ ရီပက်ဘလီကင်သမ္မတ လောင်းနေရာအတွက် ပြိုင်ဘက်သုံးယောက်ပဲ ရှိပါတော့တယ်။ ရူဘီယိုနဲ့ ကာဆစ်အပြင် နောက်တစ်ယောက်ကတော့ တက္ကဆက် အထက်လွှတ်တော်အမတ် တက်ခရုဇ် ဖြစ်ပါတယ်။
ရီပက်ဘလီကင်ပါတီက လူတော်တော်များများကတော့ မတ် ၁၅ ရက် ရွေးကောက်ပွဲတွေဟာ ရီပက်ဘလီကင် သမ္မတလောင်းအဖြစ် ထရန့် အောင်ပွဲ မခံနိုင်အောင်လုပ်ဖို့ နောက်ဆုံး ကျန်တဲ့ အကောင်းဆုံး အခွင့်အရေးလို့ ဆိုနေကြပါတယ်။
မတ် ၁၂ ရက် ဝိုမင်းပြည်နယ် ရွေးကောက်ပွဲမှာတော့ ခရုဇ်က အောင်ပွဲခံခဲ့ပါတယ်။ ဝိုမင်းပြည်နယ်ရဲ့ ရီပက်ဘလီကင် သမ္မတလောင်း ရွေးကောက်ပွဲမှာ တက်ခရုဇ်က မဲ ၆၆ ဒသမ ၃ ရာခိုင်နှုန်းရရှိပြီး ရူဘီယိုက ၁၉ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထရန့်က ၇ ဒသမ ၂ ရာခိုင်နှုန်းပဲ ရခဲ့ပါတယ်။
ဒါကြောင့် ရီပက်ဘလီကင်ပါတီမှာ ခရုဇ်က နောက်ထပ် ကိုယ်စားလှယ် ကိုးနေရာ ရရှိသွားပါတယ်။ ဂူအမ်မှာ ခရုဇ်က ကိုယ်စားလှယ် နောက်ထပ်တစ်နေရာရရှိခဲ့ပြီး နောက်ထပ် ကိုယ်စားလှယ် ငါးနေရာကတော့ မသိရသေးပါဘူး။ ရူဘီယိုကတော့ မြို့တော်ဝါရှင်တန်က ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။
ဒါပေမဲ့ တစ်ခါမှ ရွေးကောက်ခံ ကိုယ်စားလှယ် မဖြစ်ဖူးတဲ့ Reality ရုပ်သံစတား ထရန့်ကတော့ ရွေးကောက်ပွဲလုပ်ပြီးတဲ့ ပြည် နယ် ၂၇ ပြည်နယ်အနက် ၁၅ ပြည်နယ်မှာ အနိုင်ရထားပါပြီ။










