အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက အမည်စာရင်း တင်သွင်းတဲ့ ဒုတိယ သမ္မတတွေကို လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ တပ်မတော်ကလည်း သူတို့ ရွေးချယ်တဲ့ ဒုတိယ သမ္မတကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ မတ် ၁၇ ဒါမှမဟုတ် မတ် ၁၈ ရက်မှာ သမ္မတကို ပြည်ထောင်စု လွှတ်တော်မှာ ရွေးချယ် ကြပါလိမ့်မယ်။ သမ္မတ ရွေးချယ်မှု ပြီးတာနဲ့ သမ္မတက တင်သွင်းတဲ့ အစိုးရ ဝန်ကြီးဋ္ဌာန စာရင်း၊ ပြည်ထောင်စု အဆင့် ခန့်အပ်မယ့် ဝန်ကြီးစာရင်း ထွက်လာတော့မှာပါ။မကြာခင် ထွက်ပေါ်လာမယ့် အစိုးရဟာ နှစ်ပေါင်း ၅၄ နှစ်အတွင်း ပထမဆုံး ပေါ်လာမယ့် ပြည်သူ့ အစိုးရ ဖြစ်ပါတယ်။ ပြည်သူ့ အစိုးရ ဖြစ်တာနဲ့ အညီ ဒီအစိုးရ အဖွဲ့မှာ မှန်ကန်တဲ့ သမိုင်းကြောင်း ရှိသူတွေ၊ အဂတိ လိုက်စားမှု ကင်းစင်ပြီး အခွန် တိမ်းရှောင်မှု မလုပ်ခဲ့ သူတွေ၊ ပြည်သူအပေါ် နှိပ်စက်ခြင်း မလုပ်ခဲ့ သူတွေ ပါဝင်ဖို့ လိုသလို ဒီမူတွေနဲ့ပဲ ရွေးချယ်ကြရမှာပါ။ တပ်မတော် အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဘယ်လို လုပ်ပိုင်ခွင့်ပဲ ရထားပါစေ ဖော်ပြပါ မူတွေနဲ့ ကိုက်ညီ သူတွေကိုပဲ စေလွှတ်ပေးရမှာ ဖြစ်ပါတယ်။
■ ပြည်သူ လူထုရဲ့ လိုလားမှုပြည်သူရဲ့ လိုလားမှုက လွှတ်တော်မှာရော၊ အစိုးရ အဖွဲ့မှာပါ NLD က လူတွေကိုပဲ တာဝန် ယူစေချင်တာပါ။ ဒီအတွက်ပဲ NLD ကို ပုံအောပြီး မဲထည့်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းအတွက် မဟုတ်ဘဲ NLD ပါတီ တစ်ခုလုံး အတွက် မဲထည့်ခဲ့တာ ဖြစ်ပါတယ်။NLD ဦးဆောင်တဲ့ အစိုးရ ပုံစံနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတလောင်း အမည်စာရင်း မတင်ခင်မှာ ပါတီဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ကြိုပြောခဲ့ပါတယ်။ဝန်ကြီးဋ္ဌာန ၂၀ ကျော်နဲ့ ဖွဲ့စည်းမယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီး နေရာမှာ NLD ပါတီက သူတွေ၊ အခြား ပါတီက သူတွေနဲ့ ပြင်ပ ပညာရှင်တွေ ပါဝင်မယ်၊ ဝန်ကြီးနေရာ အတွက် NLD ပါတီက လူနည်းစု ဖြစ်နိုင်ပြီး ရာခိုင်နှုန်း ၃၀ နဲ့ ၄၀ ကြားပဲ ရှိမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုအဆင့် ဝန်ကြီးဋ္ဌာန ၂၁ ရှိရင် NLD ပါတီက အနည်းဆုံး ခုနစ်ဦးလောက်ပဲ ပြည်ထောင်စုဝန်ကြီး ဖြစ်မယ့် သဘောပါ။ ဒါဆိုရင် အပြင်လူတွေ ပါလာမယ့် သဘောပါပဲ။အစိုးရအဖွဲ့ မတိုင်ခင် ဒုတိယ သမ္မတ ရွေးချယ်မှုမှာ ပြည်သူ ဆန္ဒရှိသလို မဖြစ်ခဲ့ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတားအဆီး ပုဒ်မ ၅၉ (စ)ကြောင့် ဒီလို ဖြစ်ခဲ့တယ် ဆိုပြီး ခံသာလို့ ရပါတယ်။ဒါပေမဲ့ အစိုးရ ဖွဲ့စည်းမှုမှာ ဒီလို ပြောလို့ မရတော့ပါဘူး။ အစိုးရ ဖွဲ့စည်းပုံ အပါအဝင် ပြည်ထောင်စု ဝန်ကြီး ရွေးချယ်မှု အတွက် NLD မှာ တာဝန်ရှိသွားပါပြီ။
■ ကြီးခြောက်ကြီး ဥပမာNLD က ရွေးချယ်တဲ့ ပြည်ထောင်စုဝန်ကြီး စာရင်း မထွက်ခင်မှာ ပြီးခဲ့တဲ့ တစ်လကျော်အတွင်း ရွေးချယ်ခဲ့တဲ့ ကြီးခြောက်ကြီး ရွေးချယ်မှုကို ပြန်ကြည့်နိုင်ပါတယ်။လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးနဲ့ သမ္မတလောင်း နှစ်ဦး စုစုပေါင်း ခြောက်ဦး ရွေးချယ်ခဲ့ပါတယ်။လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦးမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့ ပတ်သက်ပြီး ပြောစရာ နည်းပါတယ်။ ပြည်သူတွေက သိထားပြီး ဖြစ်တဲ့အတွက် ဦးဝင်းမြင့်ကို မေးခွန်းထုတ်စရာ မရှိပါဘူး။ ဒါပေမဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကို မသိပါဘူး။ သူ့ကို ရွေးပြီးချိန်မှာ ရိုးသားမှု ရှိတယ် ဆိုတာ တစ်ခုတည်း သိခဲ့ရပြီး သူ့ရဲ့ အရင် သမိုင်းကြောင်းကို မသိကြပါဘူး။ဒုတိယ ဥက္ကဋ္ဌ နှစ်ဦးမှာ ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရွေးတဲ့အခါ လက်ခံကြပါတယ်။ ဦးအေးသာအောင် ဘယ်သူဆိုတာ သိတဲ့အတွက် သူ့ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု၊ ရပ်တည်မှု အပေါ် စောဒက တက်စရာ မရှိပါဘူး။ဒါပေမဲ့ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ရွေးတဲ့အခါ အငြင်းပွားစရာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကလည်း ဦးတီခွန်မြတ်ရဲ့ သမိုင်းကြောင်း အပေါ် သံသယ ရှိမှုကြောင့် ဖြစ်ပါတယ်။ NLD ပါတီဝင်လည်း မဟုတ်ဘူး။ ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်နေပြီး သူရဦးရွှေမန်း အားထားသူ တစ်ဦး ဖြစ်နေတယ်။နောက်ပြီး ဦးတီခွန်မြတ်ဟာ ကွတ်ခိုင် ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်ပြီး စွပ်စွဲ ခံရမှုတွေလည်း ရှိနေတယ်။ ဒီလို ရှိနေချိန်မှာ ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး NLD က သီးခြား ထုတ်ပြောခြင်း မရှိပါဘူး။ သူ့ရဲ့ သမိုင်းကြောင်းကို ဘယ်လို စိစစ်ခဲ့လဲ၊ သူ့အပေါ် စွပ်စွဲမှုတွေကို ဘယ်လို စုံစမ်းမှုတွေ လုပ်ခဲ့လဲ၊ အထူးသဖြင့် ဦးတီခွန်မြတ်နဲ့ မူးယစ်ဆေးဝါးကိစ္စ ဆက်နွှယ်နိုင်မှုများကို ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အထောက်အထားများနဲ့ ဖွင့်ချ ရေးသားခဲ့တဲ့ ရှမ်းသံတော်ဆင့် သတင်းဋ္ဌာန၊ ဧရာဝတီ သတင်းဋ္ဌာန တာဝန်ရှိသူတွေကို ခေါ်ယူပြီး စုံစမ်း မေးမြန်းတာ ရှိခဲ့သလား။ ဒါတွေကို မသိရသေးပါဘူး။ တကယ်တော့ ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး NLD ဘက်က ရှင်းဖို့ လိုပါတယ်။ မရှင်းလည်း ရပါတယ်။ဒါပေမဲ့ ဦးတီခွန်မြတ်နဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာတွေ၊ စွပ်စွဲမှုတွေက အခုထိ မရပ်သေးပါဘူး။ ကျွန်တော်တို့ Eleven Media Group ကိုယ်တိုင် ဦးတီခွန်မြတ် အကြောင်း စုံစမ်းမှုတွေကို ရပ်မထားဘဲ စောင့်ကြည့်နေသလို သံသယ ကင်းလောက်တဲ့ ရှင်းလင်းမှု၊ အထောက်အထား မရသေးသရွေ့ ဦးတီခွန်မြတ်အပေါ် စွပ်စွဲမှုတွေကို နောက်ငါးနှစ်လုံး ဖော်ပြနေမှာ ဖြစ်ပါတယ်။
■ ဒုတိယ သမ္မတ ရွေးချယ်မှု ဂယက်သမ္မတ ရွေးချယ်မှုမှာလည်း ဒီအတိုင်းပါပဲ။ ဦးထင်ကျော်ကို သမ္မတလောင်း တင်ခဲ့တယ်။ ပြောစရာ ဘာမှ မရှိခဲ့ပါဘူး။ သူဟာ ရိုးသားပြီး သစ္စာရှိသူ ဖြစ်တယ်။ စည်းကမ်းပိုင်း လိုက်နာမှု ရှိတယ်။ ပညာတတ်ဖြစ်ပြီး နိုင်ငံတကာမှာ ဝင်ဆံ့နိုင်သူ ဖြစ်တယ်။ ဒါ့အပြင် သူ့ရဲ့ သမိုင်းကြောင်းကို နှစ်ရှည်ကာလများ သိထားပြီး ဖြစ်တဲ့အတွက် သမ္မတ နေရာနဲ့ သင့်တော်တယ်။ ဒါကြောင့်ပဲ ပြည်သူကလည်း ဦးထင်ကျော်ကို လက်ခံခဲ့ကြပါတယ်။ဒုတိယ သမ္မတအဖြစ် ဦးဟင်နရီ ဗန်ထီးယူကို ရွေးလိုက်တဲ့အခါ ဦးတီခွန်မြတ်လိုပဲ အငြင်းပွားဖွယ် ရှုပ်ထွေးမှုတွေ ထပ်ဖြစ်လာပါတယ်။ဦးဟင်နရီ ဗန်ထီးယူဟာ NLD ပါတီဝင် ဖြစ်ပေမယ့် သူ့သမိုင်းကြောင်းကို ပြည်သူ မသိခဲ့ပါဘူး။ OT S-72 ဆင်းပြီး ဗိုလ်မှူး(ငြိမ်း) စစ်မှုထမ်းဟောင်း ဖြစ်တယ် ဆိုတာကို ရွေးပြီးမှ ပြည်သူ သိရပါတယ်။ စစ်မှုထမ်းဘ၀ သူ့ရဲ့ သမိုင်းကြောင်း ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာလည်း ပြည်သူ မသိပါဘူး။အမျိုးသားလွှတ်တော်က တရားဝင် ထုတ်ပြန်ထားသော ဦးဟင်နရီ ဗန်ထီးယူ၏ ကိုယ်ရေး ရာဇဝင်တွင် ပါရှိသော အချက်အလက် အချို့
သူနဲ့ ပတ်သက်ရင် ဦးအောင်သောင်းရဲ့ စက်မှု-၁ ဝန်ကြီးဋ္ဌာန၊ ဗာဂျီးနီးယား စက်ရုံမှူး၊ ဒုတိယ အထွေထွေ မန်နေဂျာ စီမံခန့်ခွဲရေးဋ္ဌာန (စက်မှု-၁)၊ ဘီးလင်း အရက်ချက် စက်ရုံမှူး စတဲ့ အချက်တွေက လူထုကြားမှာ ေ၀ဝါး စေပါတယ်။ စက်မှု -၁ ဝန်ကြီးဋ္ဌာန ဆိုတာ အာဏာရှင် အစိုးရ အဆက်ဆက်မှာ တိုင်းပြည်ဘဏ္ဍာငွေ ဖြုန်းတီးခဲ့တဲ့ ဝန်ကြီးဋ္ဌာနတွေထဲက တစ်ခုဖြစ်ပြီး ခြစားမှုတွေ ထူပြောခဲ့တဲ့ ဝန်ကြီးဋ္ဌာန တစ်ခုလည်း ဖြစ်ပါတယ်။ ဦးအောင်သောင်း လက်ထက်မှာ စက်မှု-၁ လက်အောက်ခံ စက်ရုံမှူး၊ ဒုတိယ အထွေထွေ မန်နေဂျာ ရာထူးရဖို့ ဆိုတာ မလွယ်ပါဘူး။ ဦးအောင်သောင်းနဲ့ ရင်းနှီးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဦဟင်နရီ ဗန်ထီးယူ ဒုတိယ သမ္မတ ဖြစ်လာတာကို ဝမ်းသာခဲ့ကြပါတယ်။ဦးဟင်နရီ ဗန်ထီးယူကို ရွေးပြီးချိန်မှာ သူနဲ့ ဦးအောင်သောင်း အကြား ဆက်နွှယ်မှုတွေအပေါ် မေးခွန်းထုတ်မှုတွေ ပေါ်လာပါတယ်။ တပ်မတော်ကနေ ဘယ်လိုနည်းနဲ့ နုတ်ထွက်ပြီး စက်မှု-၁ ကို ပြောင်းခဲ့သလဲ။ စက်မှု-၁ မှာ ကာလာရှည် နေခဲ့ပြီး ဘာကြောင့် NLD ပါတီကို ဝင်ခဲ့လဲ။ NLD ပါတီကရော သူ့ကို ဒုတိယ သမ္မတအဖြစ် ရွေးခဲ့လဲ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်မူနဲ့ ရွေးချယ်သလဲ ဆိုတာ မေးစရာ ပေါ်ပါတယ်။တိုင်းရင်းသား တန်းတူညီမျှရေး အတွက် ဦးဟင်နရီ ဗန်ထီးယူကို ဒေါ်အောင်ဆန်းစုကြည် ရွေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဆိုရင် တိုင်းရင်းသား တန်းတူညီမျှရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖယ်ဒရယ်မူကို ရဲရဲဝံ့ဝံ့ ကိုင်စွဲပြီး အမည်ခံ တိုင်းရင်းသား မဟုတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအတွက် နေရာ မရှိဘူးလား။ တိုင်းရင်းသားတွေက မေးခဲ့ကြပါတယ်။အစိုးရ မဖွဲ့ခင် NLD က ရွေးချယ်ခဲ့တဲ့ ကြီးခြောက်ကြီး ရွေးချယ်မှုမှာ တိုင်းရင်းသား လေးဦး ပါဝင်ပါတယ်။ ဒီလေးဦးထဲမှာ ဦးအေးသာအောင်က လွဲလို့ ကျန်တဲ့ သုံးဦးဟာ ဖက်ဒရယ် အရေးကို သူတို့ဘ၀ တစ်လျှောက်လုံးမှာ အသံ မထွက်ဖူးတဲ့ သူတွေ ဖြစ်နေပါတယ်။ သူတို့ကို မည်ကာမတ္တသဘော ခန့်တာ ဖြစ်ပြီး သူတို့ကြောင့် ဖက်ဒရယ် ဖြစ်လာမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားတွေ ယုံကြည်နေပါတယ်။ သူတို့ဟာ တိုင်းရင်းသား အမည်ခံတွေ ဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ မဟုတ်ဘူးလို့ ယူဆထားကြပါတယ်။ အစိုးရ အဖွဲ့ရဲ့ ထိပ်တန်း နေရာတွေမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မပါဘဲနဲ့ ဖက်ဒရယ် အရေးနဲ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးဖို့ ခက်ပါလိမ့်မယ်။
■ ဒုတိယ သမ္မတ သုံးဦးနှင့် မေးခွန်းများဒုတိယသမ္မတ သုံးဦးမှာ NLD က ဦးထင်ကျော်နဲ့ ဦးဟင်နရီ ဗန်ထီးယူကို ရွေးချယ်ချိန်မှာ တပ်မတော်က နာမည်ဆိုး စွပ်စွဲခံရမှု ရှိခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ (ဒုတိယ ဗိုလ်ချုပ်ကြီး-ငြိမ်း) ကို ရွေးချယ်ပါတယ်။ ရွေးချယ်မှုတိုင်းဟာ ရွေးချယ်သူတွေရဲ့ သမိုင်း ဖြစ်သလို တာဝန်ခံမှုလည်း ဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ် ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ထားသူ သုံးဦးကို မတ် ၁၄ ရက်မှာ နိုင်ငံတော် သမ္မတ အရည်အချင်း သတ်မှတ်ချက်နဲ့ ပြည့်စုံခြင်း ရှိ၊ မရှိ စိစစ်မှာ ဖြစ်ပါတယ်။ စိစစ် မလုပ်ခင် အချိန်မှာ ဒုတိယ သမ္မတ သုံးဦးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ ဦးထင်ကျော်နဲ့ ပတ်သက်ရင် ပညာရေးပိုင်း ဆိုင်ရာကို မေးခွန်းတွေ မေးကြတာပါ။ ဒါကလည်း ဦးထင်ကျော်နဲ့ ပတ်သက်တဲ့ ကိုယ်ရေး ရာဇဝင်ကို ရှင်းရှင်းလင်းလင်း ကြိုတင် ထုတ်ပြန်ထားခြင်း မရှိချိန်မှာ NLD လော်ဘီတွေရဲ့ ထင်ရာပြော၊ အလွန်အကျွံ အမွှန်းတင်မှုကြောင့် နားလည်မှု လွဲစရာ ဖြစ်ခဲ့တာပါ။မတ် ၁၂ ရက်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ထုတ်ပြန်လိုက်တဲ့ ဦးထင်ကျော်အကြောင်း ကိုယ်ရေး ရာဇဝင်ဟာ အပြည့်စုံဆုံးနဲ့ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ ဦးထင်ကျော်ဟာ ၁၉၇၀ ပြည့်နှစ်မှာ ကွန်ပျူတာ ဋ္ဌာနအတွက် Programmer/Analyst ရာထူး ရခဲ့တာ မှန်ကန်တဲ့ အချက်အလက် ဖြစ်ပါတယ်။ အဲဒီ ရာထူးနဲ့ပဲ လန်ဒန် တက္ကသိုလ် Institute of Computer Science မှာ ပညာသင်ခဲ့တယ်ဆိုတဲ့ အချက်လည်း မှန်ပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ် ဘွဲ့ရဆိုတဲ့ အချက်က NLD လော်ဘီတွေ အမွှန်းတင် ချဲ့ကားရာက သတင်းမှား လွှင့်သလို ဖြစ်ခဲ့ပါတယ်။ ဦးထင်ကျော် ရရှိခဲ့တဲ့ ဘွဲ့က M.Sc Computer Science ဖြစ်ပြီး ၁၉၇၄-၁၉၇၅ မှာ ရန်ကုန်ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်က ရခဲ့တာပါ။ ၁၉၆၃-၁၉၆၈ မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ် တက်ခဲ့ပေမယ့် စာရင်းအင်းပညာ မဟာဘွဲ့ M.Econ(Statistica) Part-2 အထိပဲ တက်ခဲ့တာပါ။ ကျန်တာတွေက နိုင်ငံခြားသွားပြီး ပညာသင်ယူခဲ့တာတွေပဲ ရှိပါတယ်။ ဒါက အငြင်းပွားစရာ ရှုပ်ထွေးမှု မဟုတ်ဘဲ NLD လော်ဘီတွေ ကြောင့်သာ ရှုပ်ထွေးမှု ဖြစ်ကုန်တာပါ။ဒါဟာ ဦးဟင်နရီ ဗန်ထီးယူအပေါ် ဖြစ်ခဲ့တဲ့ မေးခွန်းထုတ် အငြင်းပွားစရာတွေနဲ့ မတူပါဘူး။ ဦးဟင်နရီ ဗန်ထီးယူနဲ့ ပတ်သက်ရင် ဦးအောင်သောင်းနဲ့ ဆက်နွှယ်တဲ့ ကိစ္စအပြင် ပြည်ပ သွားရောက်ခြင်း ရှိ၊ မရှိ ဆိုတာလည်း ရှုပ်ထွေးမှု ဖြစ်နေပါတယ်။ဦးဟင်နရီ ဗန်ထီးယူအတွက် အမျိုးသား လွှတ်တော်က တရားဝင် ထုတ်ပြန်ထားတဲ့ ကိုယ်ရေး ရာဇဝင်မှာ “ပြည်ပခရီးစဉ် မှတ်တမ်း - မရှိပါ” လို့ ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ ဦးဟင်နရီ ဗန်ထီးယူဟာ နယူးဇီလန် နိုင်ငံမှာ နှစ်အနည်းငယ် နေထိုင်ခဲ့ဖူးတယ်၊ ဒါ့အပြင် ဖိလစ်ပိုင်နိုင်ငံ International Graduate School of Leadership Asia မှာ ကျောင်းတက်ဖူးတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ နိုင်ငံခြားကို သွားခဲ့တယ် ဆိုရင် ဘယ်လို ပုံစံ၊ ဘယ်လို ဗီဇာ အမျိုးအစားနဲ့ သွားခဲ့လဲ ဆိုတာ အသေးစိတ် စိစစ်ရပါတော့မယ်။ နောက်ပြီး ဒီ သတင်းတွေသာ အမှန်တကယ် ဖြစ်ခဲ့ရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ငြိစွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသ ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ပတ်သက်ရင်တော့ ပြဿနာတွေ အများကြီးပါပဲ။ ဦးမြင့်ဆွေဟာ ဦးသန်းရွှေရဲ့ စီးပွားရေး၊ ဦးသိန်းစိန်ရဲ့ စီးပွားရေးကို ကာကွယ် စောင့်ရှောက်ပေးသူ တစ်ဦးဖြစ်ပြီး ပြည်သူတွေကို နှိပ်စက်ခဲ့သူ တစ်ဦးအဖြစ်လည်း သတ်မှတ်ခံထားရသူပါ။ဦးမြင့်ဆွေနဲ့ ပတ်သက်ရင်တော့ သူ့ရဲ့ လုပ်ဆောင်မှု၊ ပတ်သက် ဆက်နွှယ်မှု၊ သူ့သားသမီးတွေရဲ့ ပတ်သက် ဆက်နွှယ်မှုတွေဟာ မေးခွန်း ထုတ်စရာ ဖြစ်နေပြီး ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်း နှိမ်နင်းမှု၊ မြို့တော်ခန်းမရှေ့မှာ လက်ပတ်နီတွေကို အသုံးပြုပြီး ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှု၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုံစီးတီး စီမံကိန်း၊ ရန်ကုန်မြို့တွင်း ခုံးကျော်တံတားများ တည်ဆောက်မှုတွေ အပါအဝင် Father Land လို ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ပတ်သက် ဆက်နွှယ်မှု၊ အဂတိ လိုက်စားမှု၊ လာဘ်ပေး လာဘ်ယူမှုတွေနဲ့ ဆက်နွှယ်ပြီး စွပ်စွဲ ပြောဆို ခံရမှု၊ ဒါတွေဟာ ဦးမြင့်ဆွေကို နာမည်ဆိုး စွပ်စွဲမှုနဲ့ ကျော်ကြားစေခဲ့တဲ့ အချက်တွေထဲက တချို့ ဖြစ်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ အရည်အချင်းနဲ့ ကိုက်ညီခြင်း ရှိ၊ မရှိကို စိစစ်ရမှာပါ။လက်ရှိ အချိန်အထိလည်း အမေရိကန် အစိုးရရဲ့ အရေးယူ ပိတ်ဆို့ ကန့်သတ် ခံနေရသူ စာရင်းထဲမှာ ဦးမြင်ဆွေ ပါဝင်နေဆဲ ဖြစ်ပါတယ်။ ဒီထဲမှာမှ ဦးမြင့်ဆွေရဲ့ သမက်က သြစတြေးလျ နိုင်ငံသား ခံယူထားတယ် ဆိုတဲ့ အချက်တစ်ခု ပါဝင်ပါတယ်။ဦးမြင့်ဆွေဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီးမှာ သမ္မတ ဖြစ်ဖို့ ရေပန်းစားခဲ့သူ ဖြစ်ပြီး ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့် ဦးနုတ်ထွက်ခဲ့ချိန်မှာလည်း သူ့ကို အစားထိုးဖို့ ပြင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ သမက်က သြစတြးလျ နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ အချက်ကြောင့် အောင်မြင်မှု မရှိခဲ့ပါဘူး။အခုချိန်မှာ အရင်က ဖြစ်ခဲ့တဲ့ အခက်အခဲကို ဘယ်လို ကျော်လွှားခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါတယ်။ ဦးမြင့်ဆွေရဲ့ သမက် နိုင်ငံသားအဖြစ် ပြန်လည် ခံယူထားတယ် ဆိုရင် ၁၉၈၂ မြန်မာနိုင်သား ဥပဒေနဲ့ အညီ စနစ်တကျ ဆောင်ရွက်ခဲ့ခြင်း ရှိ၊ မရှိ ဆိုတာကို စိစစ်ရမှာ ဖြစ်ပါတယ်။ဒီလို စိစစ်ခြင်း အပိုင်းက ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းနှင့် ပြည့်စုံမှု ရှိ၊ မရှိ စိစစ်ရေး အဖွဲ့နဲ့ သက်ဆိုင်ပြီး သူတို့မှာ တာဝန် ရှိပါတယ်။သမ္မတ အရည်အချင်း စိစစ်ရေး အဖွဲ့မှာ လူခုနစ်ဦး ပါဝင်ပြီး လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒုတိယ ဥက္ကဋ္ဌ နှစ်ဦး၊ လွှတ်တော် နှစ်ရပ်မှာ ဆန္ဒမဲနဲ့ ရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ပါဝင်ပါတယ်။ ဒီခုနစ်ဦးမှာ လေးဦးက NLD ပါတီက ဖြစ်ပြီး နှစ်ဦးကို NLD ပါတီက ရွေးချယ်ခဲ့သူတွေ ဖြစ်လို့ NLD မှာ တာဝန်ရှိတယ်လို့ ပြောနိုင်ပါတယ်။ဒါကြောင့် ဒုတိယ သမ္မတ သုံးဦးကို စိစစ်တဲ့ အခါ ဦးဟင်နရီ ဗန်ထီးယူနဲ့ ဦးမြင့်ဆွေတို့ကို အသေးစိတ် စိစစ်ရမှာ ဖြစ်ပြီး အရည်အချင်းနဲ့ မကိုက်ညီဘူး ဆိုရင် အခုကတည်းက ဖြုတ်ချထားရမှာ ဖြစ်ပါတယ်။
■ ဘယ်သူတွေကို နေရာပေးမလဲNLD အစိုးရ အဖွဲ့မှာ ပြည်ထောင်စု အဆင့် ဝန်ကြီးတာဝန်ပေးမယ့် သူတွေ စာရင်းကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ဝန်ကြီးဋ္ဌာန ၂၀ ကျော်မှာ ပြည်ထောင်စု အဆင့် နေရာအတွက် NLD ပါတီက ရာခိုင်နှုန်း ၃၀ နဲ့ ၄၀ ကြားထဲပဲ တာဝန်ယူမယ်လို့ ပြောခဲ့တာကြောင့် အပြင်လူ ဘယ်သူတွေ ပါမလဲ အာရုံစိုက်မှု ပိုများခဲ့ပါတယ်။သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ သမိုင်းကြောင်း မကောင်းခဲ့သူတွေ ထဲက ဘယ်သူတွေ ပြန်ပါမလဲ။ ပြည်ခိုင်ဖြိုး ပါတီဝင်တွေရော ပါမလား။ ပညာရှင်တွေတင် မဟုတ်ဘဲ အပြင်လူတွေပါ ပါမယ် ဆိုတော့ အခွန်တိမ်းရှောင်ထားတဲ့ ခရိုနီ လုပ်ငန်းရှင်ကြီးတွေ ပါမလား။ အဂတိ လိုက်စားမှု အပါအဝင် ကိုယ်ကျင့်သိက္ခာပိုင်းအရ ပြစ်ချက် ရှိနေပြီး သမိုင်းကြောင်း မကောင်းခဲ့သူတွေ နေရာ ရခဲ့ရင် သူခိုးလက် ရွှေခွက်အပ်သလို ဖြစ်မှာပဲ ဆိုတဲ့ စိုးရိမ်မှုတွေ ပြည်သူကြားမှာ ရှိပါတယ်။နောက်တစ်ခုက အကျိုးစီးပွားအရ ပွတ်တိုက်မှု (Conflict of Interest) ရှိသူတွေ နေရာ ရလာမှာကိုလည်း ပြည်သူက စိုးရိမ်နေပါတယ်။ရေနံ သူဌေးကြီး တစ်ဦးက စွမ်းအင်ဝန်ကြီး လုပ်မယ်ဆိုရင်၊ ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ် တစ်ဦးက ပြန်ကြားရေးဝန်ကြီး ဖြစ်မယ်ဆိုရင်၊ ဆန်စပါး လုပ်ငန်းရှင်ကြီး တစ်ဦးက လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဝန်ကြီး လုပ်မယ်ဆိုရင်၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခြင်းကို မလိုလားတဲ့ ပါမောက္ခချုပ်ဟောင်း တစ်ဦးက ပညာရေးဝန်ကြီး လုပ်မယ်ဆိုရင် Conflict of Interest ဖြစ်လာမှာ သေချာပါတယ်။ရေနံ သူဌေးက စွမ်းအင်ဝန်ကြီး လုပ်ရင် သူပိုင် လုပ်ငန်းတွေနဲ့ စွမ်းအင် နယ်ပယ်က လူတွေအကြား ပွတ်တိုက်မှု ဖြစ်လာမယ်၊ ဂျာနယ် ထုတ်ဝေသူနဲ့ အယ်ဒီတာချုပ်က ပြန်ကြားရေး ဝန်ကြီး လုပ်ရင် သူနဲ့ သတင်းမီဒီယာတွေ အကြား ကိုယ်ကျိုးစီးပွားအရ ပွတ်တိုက်မှု ရှိလာမယ်၊ ဆန်စပါး လုပ်ငန်းရှင်ကြီးက လယ်ဆည်ဝန်ကြီး လုပ်ရင်လည်း ဒီအတိုင်းပါပဲ။ ပညာရေး ဝန်ကြီး ကိစ္စမှာလည်း ကျောင်းသားတွေရဲ့ လိုလားချက်နဲ့ ဆန့်ကျင်တဲ့ သဘောထား ရှိနေသူ ဆိုရင် ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှိလာမှာပါ။ဒါတွေ မဖြစ်ဖို့ ဆိုရင် ဝန်ကြီးအဖြစ် ရွေးချယ်မယ့် သူတွေကို အကျင့်စာရိတ္တပိုင်း အရ တိုင်းတာတဲ့ parameter (သတ်မှတ်ချက်ဘောင်) တော့ ရှိရမှာ ဖြစ်ပါတယ်။
■ အခွန်စာရင်း ရှင်းရဲလားNLD ရွေးချယ်မယ့် အစိုးရ အဖွဲ့သစ်မှာ ပညာရှင် သီးသန့် မဟုတ်တဲ့ အပြင်လူတွေကို ထည့်မယ် ဆိုရင် လူသုံးမျိုးနဲ့ ပတ်သက်ပြီး သတိ ထားရပါမယ်။အဲဒီ သုံးမျိုးက (၁) ခရိုနီ လုပ်ငန်းရှင်တွေ၊ (၂) အရင် အစိုးရ အဖွဲ့မှာ ပါခဲ့သူတွေ၊ အခြား ပါတီက လူတွေ၊ UMFCCI လို အဖွဲ့အစည်းက လူတွေ၊ အစိုးရ ကိုယ်ပွား NGO တွေ၊ INGO တွေမှာ ပါခဲ့သူတွေ၊ အရင် အစိုးရရဲ့ လက်ပါးစေတွေ (၃) မီဒီယာ နယ်ပယ်က လူတွေ ဖြစ်ပါတယ်။သူတို့ကို စိစစ်တဲ့ အခါ ပထမဆုံး တိုင်းတာရမယ့် ပေတံက အခွန်ဆောင်မှု ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် အကျင့်ပျက် ခြစားမှုတွေနဲ့ လာဘ်ပေး လာဘ်ယူမှု လုပ်ပြီး ချမ်းသာလာကြသူတွေဟာ အခွန်ရှောင်မှု လုပ်ပြီး နေရာ ရလာသူတွေပါ။ သူတို့တွေကို အစိုးရ အဖွဲ့မှာ တာဝန်ပေးလိုက်ပြီ ဆိုတာနဲ့ အစိုးရအဖွဲ့ သိက္ခာ ကျပါလိမ့်မယ်။ လက်ရှိ အချိန်မှာ ပြည်ထောင်စုဝန်ကြီး ဖြစ်နိုင်တယ်လို့ ရေပန်းစားနေသူတွေ၊ ခရိုနီ လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေးသမား အများစုဟာ သူတို့ ပိုင်ဆိုင်မှုရဲ့ ငါးရာခိုင်နှုန်း အောက်မှာပဲ အခွန်ဆောင်ထား ပါတယ်။ တချို့ဆို အခွန်ဆောင်မှု ပမာဏ တစ်ရာခိုင်နှုန်းတောင် မရှိသလို တချို့လည်း လုံး၀ အခွန်ဆောင်ထားခြင်း မရှိပါဘူး။အခွန်ဆောင်တဲ့သူဟာ ဝန်ကြီးဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဝန်ကြီးလုပ်မယ် ဆိုရင် အခွန်ဆောင်ထားသူ ဖြစ်ဖို့ လိုပါတယ်။ဥပမာအားဖြင့် ပြန်ကြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို မီဒီယာ နယ်ပယ်က လူတစ်ဦးကို ပေးမယ်ဆိုရင် သူရဲ့ နောက်ခံ သမိုင်းကြောင်း အပါအဝင် အခွန်ဆောင်မှုကိုပါ ထည့်ပြီး စဉ်းစားရတော့မှာပါ။မီဒီယာ နယ်ပယ်မှာလည်း အယ်ဒီတာချုပ်တွေ၊ ဂျာနယ်ထုတ်ဝေနေသူတွေ သူတို့ရဲ့ အခွန်ဆောင်မှုဟာ အငြင်းပွားစရာတွေ ရှိနေပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အခွန်ဆောင်မှု ပမာဏကို ထုတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။အခုချိန်မှာ ပြန်ကြားရေး ဝန်ကြီးနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေ ရေပန်းစားသူတွေထဲမှာ ဒေါက်တာ ဖေမြင့်က ထိပ်ဆုံး ဖြစ်နေပါတယ်။ အခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီး သူ့ကို ဆန်းစစ်မယ် ဆိုရင် သူကိုယ်တိုင်သော် လည်းကောင်း၊ သူထုတ်ဝေနေတဲ့ ပြည်သူ့အရေး ဂျာနယ်သော် လည်ကောင်း၊ သူလုပ်ခဲ့ဖူးတဲ့ ပြည်သူ့ခေတ် ဂျာနယ်သော် လည်းကောင်း ပြီးခဲ့တဲ့ ငါးနှစ်မှာ အခွန်ဘယ်လောက် ဆောင်ခဲ့သလဲ မေးရပါမယ်။ဒေါက်တာ ဖေမြင့်တင် မကပါဘူး။ အယ်ဒီတာချုပ်နဲ့ ထုတ်ဝေသူ တွဲလုပ်နေတဲ့ မီဒီယာ နယ်ပယ်က ဘယ်သူမဆို တရားဝင် ဝန်ကြီး လုပ်တော့မယ် ဆိုရင် သူ့ရဲ့ အခွန်ဆောင်မှုကို စစ်ရပါတော့မယ်။ ဦးသောင်းစုငြိမ်း ဆိုရင်လည်း သူ့ရဲ့ အခွန်ဆောင်မှု၊ 7 Day ရဲ့ အခွန်ဆောင်မှု၊ ဦးကျော်မင်းဆွေ ဆိုရင်လည်း သူ့ရဲ့ အခွန်ဆောင်မှု၊ The Voice ရဲ့ အခွန်ပေးဆောင်မှု၊ ဦးသီဟစော ဆိုရင်လည်း သူ့ရဲ့ အခွန်ဆောင်မှု၊ သူကိုင်ခဲ့တဲ့ ဂျာနယ်၊ အဖွဲ့အစည်းတွေရဲ့ အခွန်ပေးဆောင်မှု၊ Sky Net က တာဝန်ရှိသူ ဆိုရင်လည်း Sky Net ရဲ့ အခွန်ဆောင်မှု၊ Forever Group က တာဝန်ရှိသူ ဆိုရင်လည်း သူတို့ရဲ့ အခွန်ဆောင်မှု ဒါတွေကို စိစစ်ခံရမှာ ဖြစ်သလို တရားဝင် ထုတ်ပြောဖို့လည်း လိုအပ်မှာပါ။ သူတို့ အတိုင်းပဲ Eleven Media Group ရဲ့CEO ဖြစ်တဲ့ ဒေါက်တာ သန်းထွဋ်အောင် ဆိုရင်လည်း သူ့ရဲ့ အခွန်ဆောင်မှုနဲ့ ကုမ္ပဏီရဲ့ အခွန်ဆောင်မှုတွေကို ကြည့်ရမှာပါ။ မီဒီယာ နယ်ပယ်နဲ့ စီးပွားရေး နယ်ပယ်၊ နိုင်ငံရေး နယ်ပယ်က လူတွေဟာ အပြင်လူတွေနဲ့ မတူပါဘူး။ သူတို့ ဝန်ကြီးလုပ်မယ် ဆိုရင် သူတို့ကိုယ်တိုင် ကင်းရှင်းထားဖို့ လိုပါတယ်။NLD ပါတီထဲက ဗဟို အလုပ်အမှုဆောင်တွေ၊ အမှုဆောင်တွေမှာ အခွန်ကိစ္စ ရှင်းပါတယ်။ သူတို့လိုပဲ အရင်အစိုးရ လက်ထက်မှာ NLD လွှတ်တော် ကိုယ်စားလှယ် ဖြစ်ခဲ့သူတွေလည်း အခွန်ကိစ္စ ရှင်းပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အခွန်ပေးဆောင်မှုကို စုံစမ်းတဲ့ အခါ ပထမ သုံးနှစ်မှာ ဥပဒေ အရ အခွန် ကင်းလွတ်ခွင့် ရခဲ့ပေမယ့် လစာ ၁၀ သိန်း ရပြီးနောက်ပိုင်း နောက်ပိုင်းမှာ အခွန်ပေးဆောင် ခဲ့ကြတယ်လို့ သိရပါတယ်။
■ သမိုင်းကြောင်း ရှင်းဖို့လိုနောက်တစ်ပိုင်းက ဝန်ကြီး လုပ်မယ့် သူဟာ သမိုင်းကြောင်း ရှင်းဖို့ လိုပါတယ်။ ဒီနေရာမှာ ဥပမာအားဖြင့် ပြန်ကြားရေးဝန်ကြီး ဖြစ်ဖို့ ရေပန်းစားနေတဲ့ ဒေါက်တာ ဖေမြင့်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဟောင်း အကြောင်းပဲ ပြောချင်ပါတယ်။ အခု အသစ် ဖွဲ့လိုက်တဲ့ စာနယ်ဇင်းကောင်စီက လူတွေကို မဆိုလိုပါဘူး။စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့ဟောင်းဟာ သမ္မတ ဦးသိန်းစိန် ဆီကနေ အလှူငွေ ကျပ်သိန်း ၅၀၀ ယူပြီးချိန်မှာ နာမည် ပျက်သွားပါတယ်။ နောက်ပြီး အဲဒီ အဖွဲ့ဟောင်းရဲ့ လုပ်ဆောင်မှုတွေဟာ ရိုးသားမှု မရှိခဲ့ပါဘူး။ သူတို့ အဖွဲ့ထဲမှာ အာဏာရှင် ဝါဒဖြန့်ချိရေး ယန္တာရားရဲ့ အစွယ်အပွားတွေ ပါခဲ့သလို ကိုယ့်လူကိုယ် ဝိုင်းကြီးချုပ် စနစ်နဲ့ ပြန်တင် လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ ဒီနည်းနဲ့ပဲ ဒေါက်တာဖေမြင့်က စာနယ်ဇင်းကောင်စီ (ယာယီ) မှာ ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ဒေါက်တာ ဖေမြင့်ဟာ NLD ကို ကူညီခဲ့သူ တစ်ဦး ဖြစ်ပေမယ့် တစ်ဖက်မှာလည်း သူဟာ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး လက်ကိုင်တုတ် MPC အဖွဲ့ရဲ့ ဆွေးနွေးဖက် တစ်ဦး ဖြစ်နေပါတယ်။ ဒီ အချက်အလက်တွေ ကြောင့်ပဲ သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သူတို့ အပေါ် မီဒီယာ လောကရဲ့ ယုံကြည်မှု ကျဆင်းခဲ့သလို ပြည်သူ ယုံကြည်မှုလည်း မရခဲ့ပါဘူး။ဒီလို ဖြစ်ခဲ့တဲ့ အဖွဲ့ဟောင်းက လူတစ်ဦးဦးကို ဝန်ကြီးနေရာ ပေးမယ် ဆိုရင် ဒါဟာ NLD အစိုးရ အနေနဲ့ မီဒီယာကို ကိုင်တွယ်ဖို့ လက်ပါးစေ မွေးတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နိုင်ပါတယ်။ ဒီအခါ NLD အစိုးရနဲ့ မီဒီယာ အကြားမှာ စိုနေတဲ့လက် ခြောက်တဲ့ အနေအထား ရောက်ပြီး ထိပ်တိုက် တိုးမှုတွေ ဖြစ်လာနိုင်ပါတယ်။ဒီအတိုင်းပဲ NLD ပါတီ အမာခံထဲက မဟုတ်ဘဲ အခြား နယ်ပယ်က သမိုင်းကြောင်း မရှင်းတဲ့ သူတွေကို တာဝန်ပေးမယ် ဆိုရင် သူတို့ရဲ့ သမိုင်းကြောင်း မရှင်းမှုတွေ အပါအဝင် Conflict of Interest ကိစ္စတွေမှာ သက်ဆိုင်ရာ နယ်ပယ်က လူတွေနဲ့တင် မကဘဲ ပြည်သူနဲ့ပါ ထိပ်တိုက် တိုးလာနိုင်ပါတယ်။
■ အမာခံတွေကို နေရာပေးပါပြည်သူ့ အစိုးရ အဖွဲ့မှာ သမိုင်းကြောင်း ကောင်းခဲ့သူတွေ ပါဖို့ ဆိုရင် NLD ပါတီထဲက အမာခံတွေကို များများ ရွေးချယ်ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအပေါ် သစ္စာရှိပြီး တိုင်းပြည်အတွက် ဘဝနဲ့ ရင်းပြီး အနစ်နာ ခံခဲ့သူ NLD ပါတီ အမာခံတွေကို နေရာများများ ပေးရပါလိမ့်မယ်။ဦးဝင်းထိန် ပြောထားသလို အစိုးရ အဖွဲ့ရဲ့ ရာခိုင်နှုန်း ၃၀ ကနေ ၄၀ အထိပဲ တာဝန်ပေးတာမျိုးထက် အစိုးရ အဖွဲ့ရဲ့ သုံးပုံ နှစ်ပုံဟာ NLD အမာခံတွေ ဖြစ်ရပါမယ်။ သူတို့နဲ့ ပတ်သက်ရင် ပြည်သူရဲ့ ယုံကြည်မှု ရထားပြီး ဖြစ်တယ်။ ယုံကြည်မှု တည်ဆောက်ဖို့ အချိန် ထပ်ပေးနေစရာ မလိုပါဘူး။ဒါ့အပြင် သူတို့ဟာ ပြည်သူ့ အစိုးရမှာ ပါဝင်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ ကိုက်ညီပါတယ်။ မှန်ကန်တဲ့ သမိုင်းကြောင်း သူတို့မှာ ရှိထားတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကြည့်ရုံနဲ့တင် အဂတိ လိုက်စားမှု ကင်းရှင်းသူတွေလည်း ဖြစ်တယ်။ အခွန်ရှောင်သူတွေ မဟုတ်ကြသလို ပြည်သူအပေါ် နှိပ်စက်ခဲ့ကြ သူတွေလည်း မဟုတ်ပါဘူး။နောက်ပြီး သူတို့ရဲ့ အရည်အချင်းပိုင်းနဲ့ ပတ်သက်ပြီး သံသယ ဖြစ်စရာ မရှိပါဘူး။ ဥပမာ အနေနဲ့ ကြည့်ရင်လည်း ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင်မှုကို ပြခဲ့သလို ဒေါ်ခင်စန်းလှိုင်တို့လို လွှတ်တော် ကိုယ်စားလှယ်တွေကလည်း သူတို့ ယူထားတဲ့ နေရာနဲ့ ထိုက်တန်တဲ့ အရည်အသွေးကို ပြခဲ့ပါတယ်။ ဒီအတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နည်းတူ NLD ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာတဲ့ ဒေါက်တာ ဇော်မြင့်မောင်တို့လို အရည်အချင်း ရှိသူတွေ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၊ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ရာနဲ့ချီ ရှိပါတယ်။သူတို့လိုပဲ NLD ပါတီကို နှစ်ပေါင်း များစွာ ကူညီလာတဲ့ ဝန်းရံ ကော်မတီထဲတွေမှာလည်း အရည်အချင်း ရှိသူတွေ ရှိနေကြပါတယ်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ဝန်းရံ ကော်မတီထဲက လူတွေက အများကြီး အကူအညီ ပေးနိုင်ပါတယ်။ဒီလို လူတွေ များစွာ ရှိနေပါလျက် NLD အမာခံ မဟုတ်တဲ့ အပြင်က အငြင်းပွားစရာ လူတွေကို ပြည်သူ့အစိုးရ အဖွဲ့မှာ တာဝန် ပေးနေစရာ မလိုပါဘူး။ အရှုပ်အရှင်းနဲ့ အငြင်းပွားစရာ ရှိနေသူတွေ ပြည်သူ့အစိုးရမှာ ပါဝင်နေရင် ခရီးတွင်ဖို့ ခက်ပါတယ်။ သူတို့ကို တာဝန်ပေးပြီးမှ စွပ်စွဲ ပြစ်တင်ခံရလို့ နုတ်ထွက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ဒီနေရာ သမိုင်းထဲက သင်ခန်းစာကို သတိချပ်ဖို့ လိုပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အပြီး NLD ပါတီကို အာဏာရှင်တွေက မျက်စိဒေါက်ထောက် ကြည့်ခဲ့ပြီး လူမှုရေး အားနည်းချက် ရှိသူတွေ၊ အရှုပ်အရှင်း ရှိသူတွေရဲ့ ပျော့ကွက်ကို ကိုင်ပြီး အမျိုးသား ညီလာခံကို တက်ခိုင်းတာ၊ ပါတီက နုတ်ထွက်ခိုင်းတာတွေ လုပ်ခဲ့တဲ့ သာဓက များစွာ ရှိခဲ့ပါတယ်။အခုလည်း NLD ပါတီကို စောင့်ကြည့်နေကြပါတယ်။ အစိုးရ အဖွဲ့မှာ ပါမယ့် သူတွေကိုလည်း အလွတ် မပေးထားပါဘူး။ ဒီအခါမှာ သမိုင်းကြောင်း မကောင်းခဲ့သူတွေ၊ အရှုပ်အရှင်း ရှိခဲ့သူတွေ နေရာ ရခဲ့မယ် ဆိုရင် သူတို့ကြောင့် အနှောက်အယှက် ဖြစ်လာနိုင်ပါတယ်။ သူတို့ကြောင့် သမိုင်းတစ်ပတ် ပြန်လည်ရတာကို မလိုချင်ပါဘူး။
■ လက်ဝေခံ အစိုးရ မဖြစ်စေချင်အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းထိန်နားမှာ နေရာ ရလိုဇောနဲ့ ကပ်နေတဲ့ သူတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ ဒီလူတွေထဲမှာ အခွန်ရှောင်မှုတွေ လုပ်ခဲ့တဲ့ ခရိုနီ လုပ်ငန်းရှင်တွေ၊ စီးပွားရေး သမားတွေ ပါသလို၊ ဟိုဘက် ဒီဘက် ခုန်ကူးနေတဲ့ သာကူးတွေ၊ နိုင်ငံရေး လျှော်ဖွတ်မှု (political laundry) လုပ်ချင်နေသူတွေ၊ မျောက်လို လူစားတွေနဲ့ နိုင်ငံရေး ဆိတ်လစိ လုပ်ချင်သူတွေလည်း ပါဝင်နေပါတယ်။သူတို့ရဲ့ ကပ်ဖား လျက်ဖား စကားတွေကို နားယောင်ပြီး သူတို့နဲ့ ဆက်နွှယ် နေသူတွေ၊ သူတို့ အကျိုးစီးပွားကို စောင့်ရှောက်မယ့် သူတွေကို တာဝန် ပေးတာ မလိုလားပါဘူး။အခုလည်း Facebook စာမျက်နှာတွေမှာ “အမေ ...အမေ” ခေါ်ပြီး ကပ်ဖား လျက်ဖား လုပ်နေသူ လော်ဘီတွေ အများကြီး တွေ့နေရပါတယ်။ သူတို့တွေက Facebook Account သစ်တွေ ဖွင့်ပြီး အမေ လုပ်သမျှ အားလုံး မှန်တယ်၊ အမေ့ ဆုံးဖြတ်ချက် အားလုံး လိုက်နာရမယ် ဆိုတာမျိုးတွေ ဝါဒဖြန့် လော်ဘီ လုပ်နေကြတာဟာ သတိထားရမယ့် ကိစ္စ ဖြစ်ပါတယ်။ သူတို့ထဲမှာ အရင် အစိုးရတုန်းက အခကြေးငွေ ယူပြီး လော်ဘီ လုပ်သူတွေလိုပဲ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဆိုတဲ့ လော်ဘီတွေ များနေပါတယ်။မြစ်ဆုံ အရေးလို ပြည်သူ ဆန့်ကျင်တဲ့ ကိစ္စမှာတောင် အမေ လုပ်ရင် လက်ခံတယ်လို့ ပြောနေသူတွေ နောက်မှာ ခရိုနီတွေနဲ့ တရုတ် လုပ်ငန်းရှင်တွေ ငွေကြေး ထောက်ပံ့ပြီး စေခိုင်းသူတွေ ပါနေပါတယ်။ သူတို့တွေက ဒေါ်အောင်ဆန်းစုကြည် လုပ်သမျှ အားလုံး မှန်တယ်၊ လက်ခံတယ်၊ ကျန်တဲ့ သူတွေလည်း လက်ခံရမယ် ဆိုတဲ့ ဝါဒ ဖြန့်ချိရေး လှိုင်းလုံးကို ရည်ရွယ်ချက် ရှိရှိ အသုံးပြု နေကြပါတယ်။ တစ်ဖက်မှာလည်း NLD ပါတီတွင်း ပြိုကွဲမှု ဖြစ်အောင် သပ်လျိုသွေးခွဲမှုတွေ လုပ်နေကြပါတယ်။ဒီအတိုင်းပဲ လက်ရှိ အခြေအနေမှာ ကန့်လန်ကာ နောက်ကွယ်က လက်မည်းကြီးဟာ NLD ဘက်မှာရော၊ တပ်မတော်ဘက်မှာပါ မျက်နှာ နှစ်ဖက်နဲ့ ခလောက်ဆန်ဖို့ အခင်းအကျင်း ချနေတာကို တွေ့ရပါတယ်။ အမျိုးသား ညီညွတ်ရေး ခေါင်းစဉ် အောက်ကနေ သူတို့ အသုံးပြုမယ့် ထရိုဂျန်တွေ ပြည်သူ့ အစိုးရသစ်ထဲ ပါမလာဖို့ အရေးကြီးပါတယ်။သေချာတာက သူတို့ လုပ်ရပ်တွေက ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းတင် မကဘဲ ဒေါ်အောင်ဆန်းစုကြည်လိုပဲ တိုင်းပြည်အပေါ် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ NLD အမာခံတွေ၊ NLD ကို ယုံကြည်စွာ မဲပေးခဲ့တဲ့ ပြည်သူကိုပါ စော်ကားသလို ဖြစ်လာပါတယ်။ဒီလို လူတွေရဲ့ ထောက်ခံမှုနဲ့ အနားပြာ စားဖားတွေရဲ့ အယုံသွင်းမှုကို ယုံကြည်မိပြီး ပြည်သူ့ အစိုးရကို အသက်သွင်းမယ် ဆိုရင် ဘေးထွက် ဆိုးကျို းတွေပဲ ဖြစ်လာနိုင်ပါတယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးခြောက်ကြီး ရွေးချယ်မှုကို ရည်ညွှန်းပြီး Proxy Government (လက်ဝေခံ အစိုးရ) ဆိုတဲ့ ပုံဖော် ရေးသားမှုတွေကို ဖတ်နေရပါတယ်။ အဲဒီလို ပုံဖော် ရေးသားမှုတွေကို မကြိုက်ပါဘူး။ အစိုးရသစ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ဝေခံ အစိုးရ မဟုတ်ပါဘူး။ ရုပ်သေး အစိုးရလည်း မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် စီမံ ခန့်ခွဲတဲ့ အစိုးရပဲ ဖြစ်ရပါမယ်။ဒီအတွက် ဆိုရင် အစိုးရသစ်ဟာ ပြည်သူ့ အစိုးရ ဖြစ်ဖို့ပဲ လိုပါတယ်။ ပြည်သူ့ အစိုးရ ဖြစ်ဖို့ဆိုရင် NLD ပါတီထဲမှာ လူထု ယုံကြည်မှု ရရှိထားပြီး ဖြစ်တဲ့ သူတွေကို အစိုးရ အဖွဲ့မှာ များများခန့်ဖို့ လိုပါတယ်။ သူတို့ များများပါမှ ဖြစ်မှာပါ။ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းနဲ့ ပြည်သူ့ အစိုးရ ဖော်ဆောင်လို့ မရပါဘူး။ပြောရရင်တော့ ကြီးခြောက်ကြီး ခန့်အပ်မှုမှာ ပါခဲ့တဲ့ ဦးတီခွန်မြတ်ကို မကြိုက်ပါဘူး။ ဦးဟင်နရီ ဗန်ထီးယူလို့ အငြင်းပွားစရာ ရှုပ်ထွေးမှုတွေ ဖြစ်နေတာကိုလည်း မလိုချင်ပါဘူး။ နောက်ဖွဲ့မယ့် အစိုးရ အဖွဲ့မှာ ဒီလိုမျိုးတွေ ထပ်ဖြစ်မှာကို မလိုလားပါဘူး။ ဒီလို မဟုတ်ဘဲ အရှုပ်အရှင်း ရှိသူတွေ၊ သမိုင်းကြောင်း မရှင်းသူတွေ၊ အခွန်ရှောင်ခဲ့ကြတဲ့ စီးပွားရေး လုပ်ငန်းရှင် ခရိုနီတွေ၊ အခြား ပါတီက လူတွေ၊ ပြည်သူကို နှိပ်စက်ခဲ့သူတွေ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ Conflict of Interest ဖြစ်လာနိုင်သူတွေကို အစိုးရ အဖွဲ့မှာ ထပ်မံပြီး ထည့်သွင်းမယ် ဆိုရင် NLD အစိုးရဟာ လူထုယုံကြည်မှု ရဖို့ ခက်ခဲ ပါလိမ့်မယ်။သေချာတာကတော့ ပြည်သူ့ အစိုးရမှာ ပါဝင်မယ့်သူတွေ သမိုင်းကြောင်း ကောင်းရပါမယ်။ ပြည်သူ့ အစိုးရ ဖြစ်တာနဲ့ အညီ ဒေါ်အောင်ဆန်းစုကြည်ကပဲ ရွေးရွေး၊ တပ်မတော်ကပဲ ရွေးရွေး၊ ရွေးလိုက်တဲ့ သူဟာ မှန်ကန်တဲ့ သမိုင်းကြောင်း ရှိရပါမယ်။ အဂတိ လိုက်စားမှု ကင်းရပါမယ်။ အခွန် တိမ်းရှောင်သူ မဖြစ်ရပါဘူး။ ပြည်သူ အပေါ် နှိပ်စက်ခဲ့တဲ့ လူတွေ မဖြစ်ရပါဘူး။ ဒါဟာ ပြည်သူ့ အစိုးရမှာ ပါဝင်ချင်သူတွေ ရှိရမယ့် အရည်အသွေး ဖြစ်ပါတယ်။ ဒီအရည်အသွေးနဲ့ မကိုက်ညီသူတွေ၊ သူတို့ရဲ့ သားသမီးတွေ၊ သူတို့နဲ့ ပတ်သက် ဆက်နွှယ် နေတဲ့ အစွယ်အပွားတွေ ပြည်သူ့ အစိုးရမှာ ပါခဲ့ပြီ ဆိုရင် သူတို့ အကြောင်းကို ပြည်သူသိအောင် ရေးဖို့ ကျွန်တော်တို့က လက်တွန့်နေမှာ မဟုတ်ပါဘူး။










