သေမင်းထံမှနှင်စာရ၍

သေမင်းထံမှနှင်စာရ၍
Published 13 March 2016
မျိုးကို

ဆေးရုံဆင်းရန်သေမင်းထံမှနှင်စာရ၍ဘဝလက်ကျန်ရှိသေးသည်။(သိန်းသန်းထွန်း)                ၂ - ၂ - ၂၀၁၆တောင်ကြီး၏ အေးလွန်းသော ဆောင်းရက်များမှာ ဆရာကြီး ဦးသိန်းသန်းထွန်းကို စတင်တွေ့ဖူးခဲ့သည်။ နာမည်ကြီး စာရေးဆရာ၊ ကဗျာဆရာတစ်ယောက်ကို ပထမဆုံး တွေ့ခဲ့သည့် အဖြစ်အပျက်ကတော့ ကဗျာမဆန်ခဲ့ပါ။ လောကကြီး၏ ထုံးစံအတိုင်း တွေ့ခဲ့ကြပုံက စိတ်ကူးယဉ်ထားသည်နှင့် ဆန့်ကျင်စွာ လက်တွေ့ကျလွန်းနေခဲ့သည်။ မျှော်လင့်ထားသည်က စာရေးပညာနှင့် ပတ်သက်၍ လမ်းလျှောက်သင်ခါစ ဝါသနာရှင်တစ်ယောက်က စာရေးဆရာကြီးထံမှ နည်းနာ နိဿယခံယူရန်ဖြစ်သော်ငြား တကယ့်လက်တွေ့မှာတော့ ကျွန်တော်ထိုင်နေကျ ဆေးခန်းသို့ လူနာတစ်ယောက်အနေဖြင့် ဆရာကြီးက ရောက်ရှိလာခဲ့သည်။ထိုနေ့က ဆရာကြီးအတော်ပင် မောနေခဲ့၏။ နာမည်ကို ကောင်းစွာရင်းနှီးနေသော်လည်း လူချင်းမတွေ့ဖူးသည်မို့ ဆေးခန်းစာအုပ်ပေါ်က ဦးသိန်းသန်းထွန်းဆိုသည့် နာမည်ကို တွေ့သည့်အချိန်မှာ ညံ့ဖျင်းစွာပင် အမှုမဲ့၊ အမှတ်မဲ့။ နာမည်ကြီး စာရေးဆရာတစ်ယောက်ကို ယခုလို အပ်ကျမပ်ကျတွေ့ဖို့  မမျှော်လင့်ရဲတာလည်း ပါပါလိမ့်မည်။ လူနာ နှင့်တွဲလျက် နောက်ကပါလာသော ဒေါက်တာ မြနှင်းနုကိုတွေ့တော့မှသာ “ဒါ ဆရာကြီးပဲ” ဟု ကြည်နူးစွာ ခရီးဦးကြိုပြုရသည်။ ဆင်တစ်ကောင်လုံးတွေ့တာတောင် ဆင်ခြေရာ ရှာနေရသည့်အဖြစ်ပါလားကွယ်။သူက ကိုယ့်ကို မသိသော်ငြား ကိုယ်ကတော့ ဒေါက်တာမြနှင်းနုကို ကောင်းကောင်း သိနေခဲ့ပါသည်။ ကိုယ့်ထက် ဆေးကျောင်းတစ်တန်း ငယ်လင့်ကစား နုနယ်လှပသည့် နာမည်နှင့်ချောမောသည့် ရုပ်ရည်ထက်မှာ ဆရာ(ဦး)သိန်းသန်းထွန်းနှင့် ဆရာမ အင်းလေးသန္တာခင်တို့၏ သမီးဆိုသည့် ဂုဏ်ရည်က အယဉ်ဆင့်နေတော့ မန္တလေးဆေးကျောင်းမှာ သူ့ကို မသိသူရှိမည်ဟု မထင်။ သို့တစေ ထိုစဉ်က အတန်းချင်းမတူသလို  တောသားချင်းသာ ပေါင်းသင်းတတ်သည့် ကိုယ့်စရိုက်ကြောင့် စိုးစိမျှပင် ရင်းနှီးကျွမ်းဝင်မှုမရှိခဲ့။တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ တာဝန်ကျတော့မှသာ ဒေါက်တာမြနှင်းနုနှင့် အမှတ်မထင် တွေ့ဆုံရာက ရင်းနှီးလာခဲ့သည်။ နောက် တောင်ကြီးဆရာဝန်အသင်းတိုက်မှာ ကျင်းပသည့် ဆေးပညာနှီးနှောဖလှယ်ပွဲတွေမှာ ရံဖန်ရံခါ တွေ့ဆုံစကားပြောဖြစ်ခဲ့သည်။ စပ်မိစပ်ရာ ပြောဖြစ်ခဲ့သော်လည်း စာရေးဆရာမောင်နှံ၏ သမီးဆိုသည်ကို သိပါလျက် တွေ့သည့်အခိုက် နှုတ်မှာ အာစေးထည့်ထားသလို မိဘတွေအကြောင်း မေးမြန်းဖို့ မိုက်မဲစွာပင် မေ့လျော့နေခဲ့၏။အသားဖြူဖြူ၊ လူပုံချောချောနှင့် ဆရာကြီးကိုတွေ့သည့်အခါ ဝေဒနာခံစားနေရသည်ကို တွေ့စေကာမူ နာမည်ကြီး စာရေးဆရာတစ်ယောက်ကို ကုသခွင့်ရတော့မည်ဆိုသောအတွေးကြောင့် ရင်ထဲမှာ ပျော်သွားခဲ့ပါသည်။ သို့တိုင် လူနာရိပ်မိသွားလျှင် မစာနာတတ်ရန်ကောဟု အထင်လွဲသွားနိုင်သည့်အတွက် ကြည်နူးစိတ်ကို ခပ်သွက်သွက် ဘရိတ်အုပ်လိုက်ရ၏။ ကျွန်တော်က စိုးရိမ်မိသော်ငြား တကယ်တမ်းအားဖြင့် ဆရာကြီးက လူတွေကို ကောင်းကောင်း နားလည်ပေးတတ်ပုံရပါသည်။အနည်းငယ် ဝဖိုင့်ဖိုင့်နိုင်သည့် ခန္ဓာကိုယ်ကို ကြိုးစားထိန်းသိမ်းရင်း လမ်းလျှောက်ဝင်လာသည့် ဆရာကြီးမှာ အတော်ပင်မောနေခဲ့၏။ စမ်းသပ်စစ်ဆေးကြည့်လိုက်တော့ နာတာရှည် ရင်ကျပ်ရောဂါကြောင့် ဖြစ်ပွားသည့် နှလုံးဖိစီးမှုဝေဒနာ(Cor pulmonale)။ ဆယ်စုနှစ် တစ်ခုနီးပါးခန့် ငုပ်လျှိုးနေပြီးမှ ယခုတစ်ဖန် ပြန်လည်ခေါင်းထောင်လာခြင်း။ အသက်က ရှစ်ဆယ့်လေးနှစ်၊ ဆီးကျိတ်ရောင်လို့ နှစ်ခါတိတိ အခွဲခံထားရ၊ အစာအိမ်သွေးကြောကလည်း ပေါက်ဖူးသေးဆိုတော့ ဇရာ နှင့် ဗျာဓိအကြောင်းကို ဆရာကြီးတစ်ယောက် ကောင်းကောင်းနောကျေနေလောက်ပြီဟု ထင်သည်။မျက်နှာနှင့်ခြေထောက် အနည်းငယ်အန်းနေပြီး အသက်ကို ပင်ပင်ပန်းပန်း ရှူရှိုက်နေရသည့်အဖြစ်ကြောင့် ဆေးရုံတက်ရန် ဆရာကြီးကို တိုက်တွန်းခဲ့သည်။ အကုန်အကျ သက်သာစေရန် စဝ်စံထွန်းဆေးရုံမှာ တက်ဖို့ အကြံပြုသော်လည်း လွတ်လပ်မှုကို မြတ်နိုးသည့်ဆရာကြီးက ပုဂ္ဂလိကဆေးရုံကိုသာ ရွေးချယ်ခဲ့၏။ဆေးရုံရောက်ပြီး နှစ်ရက်မြောက်လောက်မှာ ရောဂါသက်သာကာ ထူထူထောင်ထောင် ဖြစ်လာသဖြင့် ထွေရာလေးပါးပြောနိုင်လာသည်။ စာအကြောင်း ပေအကြောင်း၊ တောအကြောင်း တောင်အကြောင်း။ ဆရာမ က သမီးနှင့်အတူနေပြီး ဆရာကြီးက သား နှင့်အတူနေ၊ သားကလည်း အလုပ်တစ်ဖက်နှင့်ဆိုတော့ ဆရာကြီးခမျာ တော်တော်လေး အဖော်ငတ်နေဟန်တူ၏။ အခန်းထဲရောက်လို့ ရောဂါအခြေအနေကို ကြည့်ရှုစမ်းသပ်ပြီးသည်နှင့် ရှေးဟောင်းနှောင်းဖြစ်တွေကို မရပ်တမ်းပြောတော့သည်။ ပြောရင်းက သတိရလာပြီး အားတုံ့အားနာဖြင့် ကျွန်တော့်ကို ပြန်ခိုင်း၏။ ပြန်ခိုင်းပြီးမှတစ်ဖန် ပြောစရာပေါ်လာပြီး ထပ်ပြောပြန်သည်။
“မိုးတစ္ဆေ“၊ “မပန်ပါနဲ့ ကြွေချင်တယ်”၊ “ဘယ်ပန်းချီရေးလို့မှမမီ”၊ “လမင်းငယ်ငယ် အပြုံးရှင်” စသည့်ဝတ္ထုများရေးဖြစ်ခဲ့သည့် နောက်ခံအကြောင်းတရားတွေကို ဆရာကြီးက စိတ်လိုလက်ရ ပြောပြခဲ့သည်။ ရုပ်ရှင်မင်းသား လင်းထင် နာမည်ကြီးခဲ့သည့် “ဘယ်ပန်းချီရေးလို့မှမမီ”ကို လွိုင်လင်မှာ ရေးခဲ့ပြီး  “လမင်းငယ်ငယ်အပြုံးရှင်”ကို နန့်စန်လေတပ်မှာ ရေးသားခဲ့သည်ဆို၏။ “မြင်းမိုရ်တောင်ထိပ်က ပန်းပွင့်လေးတွေ” အခန်းဆက်ဝတ္ထု ရှည်ကို ထိုစဉ်က နာမည်ကြီး ရှုမဝမဂ္ဂဇင်းမှာ တစ်ဆယ့်ခြောက်လတိတိ ရေးပြီးမှ ရပ်နားလိုက်သဖြင့် ဇွဲကောင်းကောင်းခြင့် တစိုက်မတ်မတ်စောင့်ဖတ်နေသော ပရိသတ်အချို့ ၏ ရန်တွေ့ခြင်းကို ခံခဲ့ရသေးသည်တဲ့။တကယ်တော့ ဆရာကြီး၏ စာအများစုကို ကျွန်တော် မဖတ်ဖူးပါ။ မှတ်မှတ်ရရ ကျောင်းသားဘဝက အလယ်တန်းကဗျာ လက်ရွေးစင်စာအုပ်ထဲမှာ ပါသော ဆရာကြီး၏ ကဗျာတစ်ပုဒ်ကို ဖတ်ဖူးသည်။ နောက် မဂ္ဂဇင်းနှင့်ဂျာနယ်တွေမှာပါသော ဆောင်းပါးအချို့။ နောက်ဆုံးအနေဖြင့် မကြာသေးခင်ကမှ ထုတ်ဝေခွင့်ရထားသည့် “ပန်းပွင့်ပေါ်သာ နားချင်ကြတယ်” လုံးချင်းနှင့် ကမ္ဘောဇတိုင်းဂျာနယ်မှာ ပါသည့် “ပအိုဝ်းသူကြီးက သိပ်ကြိုက်တဲ့ ပိုခလုပ်” ဆောင်းပါးကို ဖတ်ရ၏။ “ပန်းပွင့်ပေါ်သာ နားချင်ကြတယ်” က ဗုဒ္ဓါနုဿတိ၏ အကျိုးကျေးဇူးကို ဖော်ညွှန်းထားသည့် ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး  “ပအိုဝ်းသူကြီး က သိပ်ကြိုက်တဲ့ ပိုခလုပ်”မှာတော့ ပအိုဝ်း လူမျိုးများက ဗိုလ်ချုပ်အောင်ဆန်းကို ဘုရား နှင့်တစ်ဂိုဏ်းတည်းနီးပါးထားကာ လွန်စွာမှ ချစ်ခင်လျက်ကြည်ညိုလေးစားကြသည့်အကြောင်း ကြည်နူးစဖွယ်ဖတ်ရသည်။ဆရာကြီးအကြောင်း ဆောင်းပါးရေးမည်ကြံတော့ ဆရာကြီးရေးခဲ့သည့် စာအုပ်တွေကို လိုက်ရှာသည်။ လက်လှမ်းမီသမျှ စာကြည့်တိုက်နှင့် စာအုပ်ဆိုင်တွေမှာ မေးတော့တွင်တွင်သာ ခေါင်းခါပြကြ၏။ မသိ မသိ။ သိန်းသန်းထွန်းဆိုသည့် ကလောင်အမည်ကို ကြားပင် ကြားဖူးကြပုံမရ။ မပန်ပါနဲ့ ကြွေချင်တယ်၊ ဘယ်ပန်းချီရေးလို့မှမမီ။ ဘာတွေလာမေးနေတာလဲဟု အဓိပ္ပာယ်ရသည့်အကြည့်ဖြင့်သာ တုံ့ပြန်ကြသည်။ အင်းလေ ကိုယ်တောင်မှ ဆရာကြီး၏ စာတွေကို အနည်းအကျဉ်းလောက်ပဲ ဖတ်ဖူးသည်ဆိုတော့ ကိုယ့်ထက် အသက်ငယ်သူတွေက မကြားဖူးကြသည်မှာ သိပ်တော့မဆန်းပါ။  ဆရာကြီး၏ ထင်ရှားခဲ့သော ဝတ္ထုများက နှစ်ပေါင်းငါးဆယ်ခန့် ကြာခဲ့ပြီကိုး။ သိန်းသန်းထွန်းဆိုတာ အောင်ဘာလေထီဆိုင်လားလို့ မမေးသည်ကိုပင် ကျေးဇူးတင်ရသေး၏။ သို့နှင့် အကြံကုန်ကာ ဂဠုန်ဆားချက်ဖို့  အင်တာနက်ကို ဖွင့်ရသည်။ ဒီတော့မှ “ဘယ်ပန်းချီရေးလို့မှမမီ”ကို  တွေ့ရ၏။ နာမည်ကြီး “မပန်ပါနဲ့ ကြွေချင်တယ်” ကိုတော့ ဘယ်လိုမှ ရှာလို့မရနိုင်ခဲ့။ ရုပ်ရှင်ကြည့်ဖူးပြီး နှစ်သက်စွဲလမ်းခဲ့ရသည့် “ဘယ်ပန်းချီရေးလို့မှမမီ”ကို ခုမှစိမ်ပြေနပြေ ဖတ်ခွင့်ရတော့သည်။ကိုယ်ကျင့်တရား ကောင်းမွန်သော်ငြား အရက်၏ သွေးဆောင်ဖြားယောင်းမှုကြောင့် အော့နှလုံးနာဖွယ် လူမဆန်သည့် ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့သူ အဖအတွက် အချစ်နှင့်ဘဝကို စတေးခံလိုက်သူ တိုင်းရင်းသားလူရိုးလူဖြောင့်၊ မဟုတ်မခံ လူရွယ်တစ်ယောက်နှင့် ခါးသီးရက်စက်လှသည့် ကံကြမ္မာ မိုးနှင့်မုန်တိုင်းဒဏ်ကို ခါးစည်းခံစားရင်းကနေ နောက်ဆုံးမှာ အားမတန်လို့ မာန်လျှော့ခဲ့ရသည့်ချစ်သူငယ်က ကြင်မြတ် မိသက်မှတ်တို့အကြောင်းကို ရင်နင့်စွာဖတ်ရ၏။ကွယ်လွန်သွားရှာပြီဖြစ်သော စာရေးဆရာကြီး မြသန်းတင့်က စာရေးခြင်းကို အလုပ်တစ်ခုလို သဘောထားပြီး နေ့စဉ် စာရေးဖြစ်အောင် ရေးကြောင်း ဖတ်ဖူးသည်။ တကယ်တော့လည်း စာရေးခြင်းသည်ပင် စာရေးဆရာတို့၏ အလုပ်မဟုတ်ပါလား။ ဆရာကြီး ဦးသိန်းသန်းထွန်းသည်လည်း စာရေးဆရာ ပီသပါပေသည်။နည်းနည်းလေး နေကောင်းလာသည်နှင့်  စာတွေတစ်ပုဒ်ပြီး တစ်ပုဒ်ရေးတော့သည်။ ဆေးရုံမှာပင် ဝတ္ထု တို၊ ဆောင်းပါး သုံးပုဒ်လောက် ရေးသွား၏။ တာဝန်ကျေပွန်လွန်းလှသည့် ဦးညွှတ်ဖွယ် ရှေးစာရေးဆရာကြီးများ။  ဆေးရုံဆင်းအပြီး တစ်ပတ်အကြာ ဆေးခန်းမှာ ပြန်လာပြတော့ ဆရာကြီး၏ ကျန်းမာရေးအခြေအနေက ဒေါင်ဒေါင်မြည်နေပြီ။ ကောင်းလာတော့မှပင် ဆေးရုံတက်စဉ်ကလောက် အချိန်မပေးနိုင်တော့သဖြင့် စကားတွေတဝကြီး ပြောချင်သော်ငြား စာအကြောင်း၊ ပေအကြောင်း အာသာပြေရုံမျှ သာပြောပြီး ကျေနပ်ခဲ့ရသည်။ကျွန်တော် ပြောင်းရမည်ကြားသဖြင့် ဆရာကြီးမျက်နှာမကောင်း။ ခင်မင်လို့မှ မဝသေးခင် ခွဲခွာရမည်မို့ ကျွန်တော်လည်း နှလုံးသားက ညို့ချင်သည်။ မခွဲခင်ဖြစ်ချင်သည့် ဆန္ဒတစ်ခုက ရင်ထဲမှာ လူးလွန့်လာ၏။ဆရာကြီးရထားသည့် ဆေးရုံကဆင်းရန် သေမင်း၏ နှင်စာသက်တမ်းကို နောက်ထပ် အနှစ် နှစ်ဆယ်လောက် တိုးပေးပါရန် သေမင်းထံမှာ တိုးလျှိုးတောင်းပန် အသနားခံဖို့။

Most Read

Most Recent