ပြည်သူကို မျက်နှာမူကြပါ - ၁၂ (ပြည်သူ့သမ္မတ ရွေးချယ်ပေးပါ)

ပြည်သူကို မျက်နှာမူကြပါ - ၁၂ (ပြည်သူ့သမ္မတ ရွေးချယ်ပေးပါ)
Published 13 March 2016
ဦးကြီးမြင့် (နိုင်ငံရေး လေ့လာသူ ဥပဒေပညာရှင်)

(၁)
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်က ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်း ရွေးချယ်ပွဲတွေကတော့ ပြီးသွားခဲ့ပြီခင်ဗျ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၅၈ အရ ‘နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာရရှိသည်’လို့ ဖော်ပြထားပါတယ်။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတတို့၏ အရည်အချင်းများကိုလည်း ပုဒ်မ ၅၉ မှာ (က) မှ (ဆ)အထိ ဖော်ပြထားပါတယ်ခင်ဗျ။
မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ သတင်းစာဆရာကြီး ဘာတေးလ်လင့်တနာနဲ့ လူထုပုံရိပ် သတင်းဂျာနယ်တို့ တွေ့ဆုံဆွေးနွေးခန်းမှာ ဖြေကြားခဲ့တာကတော့ ‘‘အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်ရာထူးယူ ချင်မယ်ဆိုတာ ကျွန်တော်မသိဘူး။ ဒါပေမဲ့ ဘယ်ရာထူးပဲဖြစ်ဖြစ် သူဟာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထက်ပိုပြီး အာဏာမရှိနိုင်ဘူး။ ကာကွယ်ရေးဦးစီးချုပ်က တိုင်းပြည်မှာ အာဏာအရှိဆုံးလူ၊ သမ္မတထက် အခြား ဝန်ကြီးတကာတို့ထက် အာဏာရှိတဲ့သူဖြစ်မယ်’’ (Vol – 4,No – 24, Friday,4 March 2016 လူထုပုံရိပ်သတင်းဂျာနယ်) လို့ ဆရာကြီးက အကဲဖြတ်ခဲ့တာကိုလည်း ကျွန်တော်တို့ သတိပြုရမှာဖြစ်သလို နောင်ကိုလည်း ကျွန်တော်တို့တွေအနေနဲ့ လူထုသမ္မတ၊ လူထုအစိုးရဖြစ်ဖို့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွဲမသွေပြင်ကြရမယ်ဆိုတာ မီးမောင်းထိုး ပြနေပါတယ်ခင်ဗျ။
(၂)
ယနေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပေါ်ပေါက်နေတဲ့ ပြဿနာတွေကတော့ အများအပြားပါပဲခင်ဗျာ။ ဒီပြဿနာတွေကတော့ ပြည်တွင်းငြိမ်းချမ်းရေးမရရှိသေးတဲ့ ပြဿနာ၊ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ပြဿနာ၊ တရားဥပဒေ မစိုးမိုးတဲ့ပြဿနာ၊ တရားစီရင်ရေးတွေမှာ ချို့ယွင်းအားနည်းနေတဲ့ ပြဿနာ၊ ပညာရေးနိမ့်ကျနေတဲ့ပြဿနာ၊ ကျန်းမာရေးမှာ အလွန်စရိတ်ကြီးမြင့်နေတဲ့ ပြဿနာ၊ အလုပ်သမားတွေ အလုပ်ရှင်၏ ဖိနှိပ်မှုတွေကို ဘက်ပေါင်းစုံမှာ ခံနေရတဲ့ ပြဿနာ၊ အလုပ်လက်မဲ့ပြဿနာ၊ လယ်သမားတွေ လယ်သိမ်းယာသိမ်း ခံနေရတဲ့ပြဿနာ၊ လယ်သမားတွေ အလုပ်လက်မဲ့ဘ၀ ရောက်နေရတဲ့ ပြဿနာ၊ ပညာရေး ပြုပြင်မှုကြိုးစားရင်း ကျောင်းသားတွေ အဖမ်းခံနေရတဲ့ ပြဿနာ၊ နိုင်ငံတော်အတွက် နိုင်ငံတော်အစိုးရကို ကြိုးစားတင်ပြရင်း ဆန္ဒထုတ်ဖော်ရာမှ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒုက္ခရောက်နေကြသော နိုင်ငံရေး အကျဉ်းသားများ ပြဿနာ စသဖြင့် ပြဿနာအစုံပါပဲခင်ဗျာ။
(၃)
ပြဿနာစုံကလည်း စစ်အစိုးရအဆက်ဆက် လက်ထက်နဲ့ စစ်အစိုးရတစ်ပိုင်း ဦးသိန်းစိန် လက်ထက်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတွေပါပဲ။ စစ်အစိုးရတွေဆိုတာကတော့ ပြည်သူကို မျက်နှာမမူဘဲ တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ အစိုးရတွေပါပဲ။ ဒါကြောင့် ပြည်သူကို မျက်နှာမမူတာ မဆန်းပါဘူး။ ပြဿနာတွေကလည်း အစုံပါပဲ။ ဟိုယခင်က မကြာဖူးခဲ့တဲ့ မြေသိမ်းယာသိမ်းကိစ္စတွေ စီးပွားရေးမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ အသိမပေးဘဲ လက်သင့်ရာ စားတော်ခေါ် စီးပွားရေးလုပ်ပိုင်ခွင့်တွေ ချပေးခဲ့လို့ လာဘ်ပေးလာဘ်ယူကိစ္စတွေနဲ့ ဖြေရှင်းခဲ့လို့ နိုင်ငံတော်ဘတ်ဂျက်ကို ဝင်ငွေတွေ အပြည့်အဝမရောက်ခဲ့ဘဲ ပြည်သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေဘက်မှာ ဘဏ္ဍာငွေခွဲဝေမှု အပြည့်အ၀ မရခဲ့တာကြောင့် ပြည်သူတွေရဲ့ဘဝမှာ ပင်ပန်းဆင်းရဲကြီးစွာ ဖြစ်ခဲ့ရပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ခေတ်ရောက်ပြန်တော့လည်း အစိုးရသစ်တက်ခါစမှာ ပြည်သူတွေ များစွာမျှော်လင့်ခဲ့ကြသော်လည်း လက်တွေ့ဘဝမှာ ပြောသလောက်မတိုးတက်ခဲ့ဘဲ ဝါဒဖြန့်ချိရေးကသာ ရှေ့တန်းရောက်ခဲ့ပါတယ်။ အလုပ်သမားပြဿနာတွေ၊ လယ်သိမ်းယာသိမ်းကိစ္စတွေ၊ ကျောင်းသားများ အပါအဝင် နိုင်ငံရေးအကျဉ်းသားပြဿနာတွေ ပိုမိုဆိုးရွားလာခဲ့ပြီး ခရိုနီတွေအပေါ် ပွင့်လင်းမြင်သာမှုမရှိဘဲ ဘက်ပင်းမှုများရှိခဲ့ပြီး နိုင်ငံ့ဘဏ္ဍာများ ဆုံးရှုံးမှုများစွာ ရှိခဲ့ပါတယ်ခင်ဗျ။ သယံဇာတတွေလည်း လွန်စွာ ဆုံးရှုံးခဲ့ရပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ စာချုပ်တွေဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံခဲ့ကြရပါတယ်။
(၄)
နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများကို ပုဒ်မ ၅၉ မှာ ပြည်သူကို မျက်နှာမူသော သမ္မတဖြစ်ရမည်ဟူသော ပြဋ္ဌာန်းချက်ကို ပြဋ္ဌာန်းထားတာ မတွေ့ရပါဘူးခင်ဗျ။ အဲဒီအစား ပုဒ်မ ၅၉(က)မှာတော့ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ ဖြစ်ရမည်လို့ပဲ ပါရှိတာကြောင့် ဒါကိုပဲ ပြည်သူကို မျက်နှာမူသော သမ္မတဖြစ်ရမည်လို့ ဆိုလိုသည်ဟု ပြောရတော့မှာပဲ ဖြစ်ပါတယ်ခင်ဗျ။ သို့သော်လည်း ပုဒ်မ ၆၂ မှာတော့ နိုင်ငံတော်သမ္မတ (သို့) ဒုသမ္မတများသည် မည်သည့် လွှတ်တော်ကိုယ်စားလှယ်မှ မဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားပြန်ပါသဖြင့် ပြည်သူကို မျက်နှာမူရာ မရောက်ပြန်တာကို တွေ့ရပြန်ပါတယ်ခင်ဗျ။
(၅)
ဆက်လက်ပြီး သမ္မတ ရွေးချယ်တင်မြှောက်ရာမှာ လွှတ်တော်နှစ်ရပ်မှ ဒုသမ္မတ တစ်ဦးစီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ရွေးချယ်သည့် ဒုသမ္မတတစ်ဦး စုစုပေါင်း ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးပါဝင်သော ‘သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့’က ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်ခင်ဗျ။
ဆောင်းပါးရှင်အနေနဲ့ သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ကို မေတ္တာရပ်ခံလိုတာကတော့ အာဏာတည်မြဲရေးကိုသာ အဓိကထားသော သမ္မတ၊ မြေသိမ်းယာသိမ်းကို အားပေးသော သမ္မတ၊ အရပ်သားတွေကို အရင်းရှင် ခရိုနီတွေနဲ့ပေါင်းပြီး ဒုက္ခပေးမယ့် သမ္မတ၊ ကျောင်းသားတွေနဲ့ နိုင်ငံရေးသမား တွေကို ထောင်ထဲထည့် ဒုက္ခပေးမယ့်သမ္မတ၊ ကုန်ဈေးနှုန်းကျအောင် လုပ်ရမယ့်အစား မသိချင်ယောင်ဆောင်နေတဲ့ သမ္မတ၊ ငြိမ်းချမ်းရေးရအောင် လုပ်ပေးရမယ့်အစား ပြည်တွင်းစစ်ကို သက်တမ်းရှည်အောင် ဆွဲဆန့်မယ့် သမ္မတမျိုးတော့ (လုံးဝ)မရွေးချယ်ဘဲ ‘ပြည်သူကို မျက်နှာမူတဲ့ ပြည်သူတွေ ဒုက္ခရောက်နေတာကို ကူညီကယ်တင်မယ့် ပြည်သူ့သမ္မတကို ရွေးချယ်ပေးကြပါလို့ ပြည်သူကို မျက်နှာမူပြီး တင်ပြရကြောင်းပါဗျာ။

Most Read

Most Recent