ခေါင်းဆောင်နဲ့ ပြည်သူ

ခေါင်းဆောင်နဲ့ ပြည်သူ
Published 13 March 2016
နီမင်းဆွေ

လောကမှာ လူဆိုတာ ပြောရေးရှိက ပြောပြီး ဆိုရေးရှိရင်လည်း ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပြောရုံသာပြောပြီး ကိုယ်ကိုယ်တိုင်က ဘာမှမလုပ်ဘဲ နေလို့လည်း မဖြစ်ပြန်ပါဘူး။ အပြောနဲ့အလုပ်မျှတအောင် အသိဉာဏ်နဲ့ ဆင်ခြင် ထိန်းကျောင်းရမှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတော့ ဘာမှသိပ်မပြောဘဲ အလုပ်ကိုသာ ကုန်းရုန်းလုပ်သွားကြတဲ့ လူတချို့ ရှိခဲ့ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ တန်ဖိုးကြီးမားလွန်းလို့ တိုင်းသူပြည်သားတွေက ဘယ်လိုနည်းနဲ့ ကျေးဇူး ပြန်ဆပ်ရမှန်းတောင် မသိအောင်ဖြစ်ခဲ့ကြရပါတယ်။ အဲဒီအကြောင်း ရိုက်ကူးထားးတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၁၉၆၉ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပြီး ဇာတ်ကားနာမည်ကတော့ ‘ဗြိတိန်တိုက်ပွဲ’ Battle of Britain  ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကမ္ဘာသူ ကမ္ဘာသားတွေကို သင်ခန်းစာတွေ အများကြီးပေးသွားနိုင်ခဲ့လို့ လူအများ အထူးနှစ်သက်တာကို ခံရတဲ့ ဇာတ်ကားတစ်ကားအဖြစ် အခုအချိန်အထိ ရပ်တည်နေနိုင်တာကိုလည်း တွေ့ရပါတယ်။
ပြင်သစ်နိုင်ငံဘက်က လူ ၃၆၀၀၀၀ လောက် သေကျေဒဏ်ရာရ၊ ဂျာမနီဘက်က လူ ၁၅၇၀၀၀ လောက် သေကျေဒဏ်ရာရခဲ့ ကြတဲ့ ‘ပြင်သစ်နိုင်ငံတိုက်ပွဲ’ Battle of France လို့ခေါ်တဲ့ တိုက်ပွဲကြီးဟာ ၁၀-၅-၁၉၄၀ ရက်မှာ စတင်ဖြစ်ပွားပြီး ၄၅ ရက်တိတိအကြာ ၂၅-၆-၁၉၄၀ ရက်မှာ ပြီးဆုံးသွားခဲ့ပါတယ်။ အဲဒီလိုပြင်သစ်နိုင်ငံတိုက်ပွဲကြီး ပြီးကာနီး ဗြိတိသျှ တော်ဝင်တပ်မတော်ဘက်က လေယာဉ်တွေဟာ ၁၉၄၀ ပြည့်နှစ် ဇွန်လကုန်ခါနီးမှာ ပြင်သစ်နိုင်ငံထဲမှာရှိတဲ့ လေယာဉ်ကွင်းတစ်ခုကနေ ဗြိတိန်နိုင်ငံထဲကို ဆုတ်ခွာ ပျံသန်းလာကြတဲ့ပြကွက်နဲ့ ဒီရုပ်ရှင်ဇာတ်ကားကို စဖွင့်လိုက်ပါတယ်။ အဲဒီနောက် မကြာခင်မှာ ဂျာမန်လေတပ်ရောက်ရှိလာပြီး အဲဒီလေယာဉ်ကွင်း တစ်ဝိုက်ကို အပြင်းအထန် တိုက်ခိုက် ချေမှုန်းပါတော့တယ်။ ဒါ ကြောင့် ပြင်သစ်နိုင်ငံကို အခုလို ဝင်ရောက်ကျူးကျော်တိုက်ခိုက်အပြီးမှာ နောက်တစ်ဆင့်အနေနဲ့ ဂျာမန်တွေဟာ ဗြိတိန်နိုင်ငံထဲကို ဆက်လက်ပြီး ကမ်းတက် တိုက်ခိုက်လာကြ တော့မယ်ဆိုတာကို အင်္ဂလန်မှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ကောင်းကောင်းသဘော ပေါက်သွားကြပါတယ်။ အဲဒီနောက် မကြာခင်မှာ ပြင်သစ်နိုင်ငံတစ်ခုလုံးကို ဂျာမန်တွေက ဝင်ရောက်သိမ်းပိုက်လိုက်ကြပါတယ်။ ရာနဲ့ချီတဲ့ ‘ဟိုင်ကယ်’ Heikel ဂျာမန်ဗုံးကြဲ လေယာဉ်ကြီးတွေလည်း ပြင်သစ်နိုင်ငံထဲက အင်္ဂလိပ်နဲ့ ပြင်သစ်တို့စွန့်ခွာသွားခဲ့ကြတဲ့ ဒန်းကတ်ကမ်းခြေကို ဘာလင်ကနေ ရောက်ရှိလာကြပါတော့တယ်။ ဟစ်တလာဟာကန ဦးမှာတော့ ဗြိတိန်နိုင်ငံကိုမတိုက်ဘဲ သဘောတူညီမှုတစ်ခုကိုသာ ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒါကတော့ အင်္ဂလန်အနေနဲ့ ဥရောပတိုက်ထဲမှာရှိတဲ့ ဂျာမန်တွေကို မတိုက်ဘဲ သူတို့ပိုင်စိုးထားတဲ့နယ်မြေတွေကို အင်္ဂလန်ဘက်က အသိမှတ်ပြုပေးဖို့နဲ့ ဂျာမန်တွေအနေနဲ့လည်း အင်္ဂလန်ကိုမတိုက်ဖို့ အပြန်အလှန် ကတိပြုကြဖို့ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကြိုးပမ်းချက်ဟာ မအောင်မြင်ဘဲ ပျက်ပြားသွားရပါတယ်။ မအောင်မြင်ဆို ဟစ်တလာ ပြောတဲ့အတိုင်း လိုက်လုပ်လို့ မဖြစ်နိုင်တဲ့အပြင် ဟစ်တလာကိုလည်း ယုံမှမယုံရဲဘဲဟာကိုး။
တစ်ရက်မှာတော့ ဂျာမန်တိုက်လေယာဉ်တွေဟာ အင်္ဂလန်တောင်ပိုင်းမှာရှိတဲ့ လေတပ်စခန်းတစ်ခုကို တိုက်ခိုက်လာကြပါတယ်။ ရည်ရွယ်ချက်ကတော့ တော်ဝင် လေတပ်တပ်မတော်က ‘စပစ်ဖိုင်းယား’ Spitfire နဲ့ ‘ဟာရီကိန်း’ Hurricane တိုက်လေယာဉ်တွေကို မြေပြင်ပေါ်မှာတင်ပဲ ချေမှုန်းလိုက်ဖို့ ဖြစ်ပါတယ်။ စပ်မိလို့ပြောရမယ်ဆိုရင် ဒီစပစ်ဖိုင်းယား တိုက်လေယာဉ်မျိုးဟာ ဟိုတစ်လောကမှ မင်္ဂလာဒုံ လေယာဉ်ကွင်းအောက်မှာ မြှုပ်နှံထားတယ်ဆိုပြီး လာတူးကြတဲ့ လေယာဉ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ဗြိတိသျှရေဒါစခန်းနှစ်ခုကို ဂျာမန်ဗုံးကြဲလေယာဉ်ပျံတွေက ဖျက်ဆီးနိုင်ခဲ့လို့ ဂျာမန်တွေ အောင်မြင်မှုရသွားတယ်လို့ဆိုရပါမယ်။ ဒီပုံစံအတိုင်း ဆက်သွားမယ်ဆိုရင်တော့ ဗြိတိသျှလေတပ်ဟာ တဖြည်းဖြည်းနဲ့ ပွန်းပြတ်ပြတ်ဖု့ိပဲ ရှိတယ်ဆိုတာကို ဗြိတိသျှတွေ သဘောပေါက်လာကြပါတယ်။ တိုက်လေယာဉ်ဆိုတာ လေယာဉ်ကွင်းထဲ ရပ်ထားတဲ့အချိန်မှာ ခြေကျိုးလို့ဝပ်နေတဲ့ ဘဲတစ်ကောင်နဲ့ ဘာမှမခြားပါဘူး။ သူများလုပ်တိုင်း ငုံ့ခံရပြီး ကိုယ်က ဘာမှပြန်မလုပ်နိုင်တဲ့ဘဝပါ။ ဒါ့ကြောင့် အမိနိုင်ငံကို ကာကွယ်ဖို့စွမ်းရည်ထက်မြက်တဲ့ တိုက်လေယာဉ်မှူးတွေက ရန်သူမလာခင် လေယာဉ်တွေနဲ့ လေထဲမောင်းတက်ပြီး ရန်သူနဲ့ တိုက်ပွဲဝင်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဗြိတိသျှဘက်က တိုက်လေယာဉ် ၁၉၀၀ ကျော်ရှိပြီး ဂျာမန်တွေဘက်ကတော့ တိုက်လေယာဉ် ၂၅၀၀ ကျော်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က လေယာဉ်ပျံထက် ပိုပြီး အရေးကြီးနေတာကတော့ လေယာဉ်မောင်းတဲ့ ပိုင်းလော့ပဲဖြစ်ပါတယ်။ လေယာဉ်ပျံရှိသလောက် ပိုင်းလော့မရှိရင် အလကားပါပဲ။ နောက်တစ်ချက်က Fighter Pilot လို့ခေါ်တဲ့ စွမ်းရည်ပြည့်ဝတဲ့ တိုက်လေယာဉ်မှူးတစ်ယောက်ကို ရက်ပိုင်းလပိုင်းအတွင်း မွေးထုတ်ပေးဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပြန်ပါဘူး။
အဲဒီအချိန်ထိ ဟစ်တလာဟာ ဗြိတိန်နိုင်ငံနဲ့ စေ့စပ်နိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တဲ့အတွက် လန်ဒန်ကိုတော့ လုံးဝဗုံးကြဲမခိုင်းခဲ့ပါဘူး။ ဒါပေမဲ့ ရာသီဥတု ဆိုးရွားတဲ့ ညတစ်ညမှာတော့ ဂျာမန်ဗုံးကြဲလေယာဉ်မှူးတွေဟာ လမ်းကြောင်းမှားပြီး လန်ဒန်မြို့ကြီးကို မထင်မှတ်ဘဲ ဗုံးကြဲလိုက်မိကြပါတယ်။ လက်တုံ့ပြန်တဲ့အနေနဲ့ တော်ဝင်လေတပ်မတော်ကလည်း ဘာလင်ကို ဗုံးပြန်ကြဲပါတယ်။ ဒီလိုလုပ်တဲ့အတွက် ဟစ်တလာဟာ အလွန်ဒေါသထွက်သွားပြီး လန်ဒန်မြို့ကြီးကိုမီးလောင် တိုက်သွင်းမယ်ဆိုပြီး လူသိရှင်ကြားကြေညာ လိုက်ပါတယ်။ ဒါကြောင့် ဂျာမန်နိုင်ငံရေးသမားလည်းဖြစ်၊ စစ်ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တဲ့ ‘ဟာမန်ဂိုးရင်း’ Herman Goring ဟာ စစ်ဆင်ရေးကွပ်ကဲဖို့ ပြင်သစ်နိုင်ငံထဲကို ရောက်လာပါတယ်။ ညတစ်ညမှာတော့ ဂျာမန်တိုက်လေယာဉ်တွေဟာ အင်္ဂလန် တောင်ပိုင်းမှာ တပ်စွဲထားတဲ့ တော်ဝင်လေတပ်က တိုက်လေယာဉ်တွေကို ရှောင်ကွင်းပြီး လန်ဒန်မြို့ကြီးကို ဗုံးကြဲလိုက်တာ တစ်မြို့လုံး မီးဟုန်းဟုန်း တောက်သွားပါတော့တယ်။  အဲဒီအချိန်မှာ ဥရောပကနေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ပိုလန်တိုက်လေယာဉ်မှူးတွေ ဗြိတိန်ကို ရောက်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ပိုလန် လေတပ်အုပ်စုတစ်ခုဟာ အင်္ဂလန်မြောက်ပိုင်းတစ်နေရာမှာ လေ့ကျင့်ခန်းဆင်းနေရင်းနဲ့ အစောင့်တွေ လိုက်ပါမလာတဲ့ ဂျာမန်ဗုံးကြဲလေယာဉ်အုပ်စုတစ်စုကို အင်္ဂလိပ်ရေလက်ကြားပေါ်မှာ တွေ့လိုက်ကြရပါတယ်။ အဲဒီမှာ သူတို့တစ်တွေဟာ ဂျာမန်ဗုံးကြဲလေယာဉ် တော်တော်များများကို ပစ်ချနိုင်ခဲ့ကြပါတယ်။ ကိုယ့်ဘက်က အထိအခိုက်မရှိခဲ့ပါဘူး။ နောက်နေ့တစ်နေ့မှာတော့ ဂျာမန်တွေဟာ နေ့ခင်းကြောင်တောင်မှာပဲ လန်ဒန်မြို့ကြီးကို ဗုံးလာကြဲကြပါတယ်။ ဗြိတိန်ဘက်ကလည်း အပြင်းအထန် ခုခံကြလို့ နှစ်ဖက် အဆုံးအရှုံး များပြားလွန်းလှပါတယ်။
အဓိက အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကတော့ ၁၅-၉-၁၉၄၀ ရက်မှာ ပေါ်ပေါက်လာခဲ့ပြီး အဲဒီနေ့မှာ ဝန်ကြီးချုပ် ချာချီကိုယ်တိုင် လေတပ်အုပ်စု အမှတ် ၁၁ နဲ့ မြေအောက်ဘန်ကာထဲက စစ်ဆင်ရေးခန်းမထဲမှာ အစည်းအဝေးလုပ်ပါတယ်။ ဒီအစည်းအဝေးကနေရှိ သမျှလေယာဉ်တွေ အကုန်လုံး လေထဲပျံတက်ပြီး ရန်သူကို တွန်းလှန်တိုက်ခိုက်ဖို့ ဆုံးဖြတ်ကြလိုက်ပါတယ်။ အဲဒီနေ့တိုက်ပွဲမှာ နှစ်ဖက်စလုံးက အကျအဆုံးနဲ့ လေယာဉ်အပျက်အစီးတွေက ကြောက်ခမန်းလိလိပါပဲ။ အဲဒီတိုက်ပွဲအပါအဝင် ဗြိတိန်တိုက်ပွဲကို အစကနေအဆုံးအထိ စာရင်းချုပ်လိုက်တဲ့အခါ ဗြိတိန်ဘက်က လေကြောင်းချီစစ်သည် ၁၅၄၂ ယောက် ကျဆုံးပြီး၊ ၄၂၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။ လေယာဉ် အပျက်အစီးကတော့ ၁၅၄၇ စင်း ဖြစ်ပါတယ်။ ဂျာမန်ဘက်ကတော့ လေကြောင်း ချီစစ်သည် ၂၆၉၈ ဦး ကျဆုံးပြီး၊ ၉၇၆ ယောက် အဖမ်းခံရပါတယ်။ လေယာဉ်ပျက်စီးဆုံးရှုံးမှုကတော့ ၁၈၈၇ စင်းရှိပါတယ်။ နောက်တစ်ရက်မှာ ဂျာမန်တိုက်လေယာဉ်တွေ လာများ လာလေဦးမလားဆိုပြီး တော်ဝင်လေတပ်မတော်က စိတ်ပူပန်စွာနဲ့ စောင့်ဆိုင်းနေကြပေမယ့် ဂျာမန်လေယာဉ်တွေကတော့ ပေါ်မလာကြတော့ပါဘူး။ ဂျာမန်လေတပ်ဟာ အထိနာသွားတဲ့အတွက် ဘာလင်ကို လှည့်ပြန်သွားခဲ့ကြပါပြီ။ ဟစ်တလာဟာ ဗြိတိန်ကို ကျူးကျော်တိုက်ခိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရသလို ဒုတိယကမ္ဘာစစ်ရဲ့ စစ်ရေး ချိန်ခွင်လျှာဟာလည်း ဗြိတိန်တို့ဘက်ကို ပြူ ထွက်သွားခဲ့ရပါပြီ။
ရုပ်ရှင်ဇာတ်ကားအဆုံးမှာတော့ ချာချီ ပြောခဲ့တဲ့ စကားတစ်ခွန်းကို စာတန်းထိုးပြီး ပြတာကို တွေ့လိုက်ကြရပါတယ်။ အဲဒီစာတန်းကတော့ ‘လူသားတွေတိုက်ခဲ့ကြတဲ့ စစ်ပွဲတွေရဲ့သမိုင်းမှာ လူအများကြီးကနေ လူနည်းနည်းလေးကို ဒီလောက်ထိ ကျေးဇူးတင်စရာ ကောင်းလောက်အောင် ဖြစ်ခဲ့ရတဲ့အဖြစ်မျိုး ရှေးယခင်က မရှိခဲ့သေးဘူး’ လို့ဖြစ်ပါတယ်။ ဒါဟာတိုင်းပြည်အတွက် အလုပ်ကို ကြိုးစားလုပ်ပြီး အသက်စွန့်သွားကြတဲ့ ဗြိတိသျှ တော်ဝင် တိုက်လေယာဉ်မှုးတွေကို ရည်ရွယ်ပြီး ပြောဆိုခဲ့တာပဲဖြစ်တယ်။
ဗြိတိန်တိုက်ပွဲမှာ ဗြိတိသျှတွေဘက်က ဘာကြောင့်နိုင်ရသလဲဆိုတာကို သုတေသန လုပ်ကြည့်လိုက်တဲ့အခါမှာ  အရေးပါတဲ့ အချက်အလက်တချို့ကို တွေ့ကြရပါတယ်။ အဲဒါတွေထဲက တစ်ချက်ကတော့ ဆဋ္ဌမမြောက် ဂျော့ချ်ဘုရင်နဲ့ ဝန်ကြီးချုပ် ချာချီတို့ဟာ သေနင်္ဂဗျူဟာ အတတ်ပညာမှာ ကျွမ်းကျင်ကြရုံသာမက အသိဉာဏ်လည်း ထက်မြက်ကြလို့ ဖြစ်ပါတယ်။ ဒါ့အပြင် အရေးကြီးတဲ့အချက် တစ်ချက်ကတော့ ဘုရင်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ စစ်အတွင်းမှာ ပြည်သူတွေရဲ့ခံစားချက်နဲ့အတူ စိတ်ရောကိုယ်ပါ တစ်သားတည်း ဖြစ်အောင် ကျင့်ကြံခဲ့ကြလို့ပါပဲ။ လန်ဒန်မြို့ကြီး ဗုံးကြဲခံရအပြီးမှာ တိုက်ပြိုတိုက်ပျက်တွေကြားမှာ လျှောက်သွားနေပြီး ပြည်သူတွေကို အားပေးနေတဲ့ ဘုရင်ကြီးရဲ ရုပ်သွင်ကို အင်္ဂလန်ပြည်သူတွေ ဒီကနေ့ထိ မမေ့နိုင်ကြသေးပါဘူး။ နောက်အရေးကြီးတဲ့အချက်ကတော့ ပြည်သူရော စစ်မှုထမ်းတွေပါ မလိုအပ်ဘဲ စကားများများပြောမနေကြဘဲ ကျရာတာဝန်ကို တညီတညွတ်တည်း တစ်သဘောတည်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ခဲ့ကြတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီအချိန်က ဗြိတိန်ပြည်သူတွေနဲ့ တိုက်ပွဲဝင် စစ်သည်တွေအားလုံးတို့ကလည်း သူတို့ခေါင်းဆောင် တစ်ယောက်တည်းအပေါ်မှာပဲ လုံးဝဥဿုံ စုပုံ အားကိုးတာမျိုး မလုပ်ခဲ့ကြပါဘူး။ ခေါင်းဆောင်အပေါ်မှာ ယုံကြည်အားကိုးမှုရှိခဲ့ကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ်စီကိုယ်စီမှာလည်း တာဝန်ရှိတယ်လို့ခံယူပြီး လုပ်စရာရှိတာကို မဖြစ်မနေ တာဝန်ကျေအောင် ကြိုးစား လုပ်ဆောင်ခဲ့ကြလို့သာ ဒီတိုက်ပွဲကိုသာမက ဒုတိယကမ္ဘာစစ်ကြီးကိုပါ အင်္ဂလိပ်တွေ အနိုင် တိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Most Read

Most Recent