အိုးဝေဦးညိုမြ၏ ရှမ်းဗိန်ထုံ

အိုးဝေဦးညိုမြ၏ ရှမ်းဗိန်ထုံ
Published 12 March 2016
မြေနီသစ္စာ

ဗမာ့ခေတ် သတင်းစာတွင် လွန်ခဲ့သော အနှစ် ၇၀ ကာလ ပထမပင်လုံ ညီလာခံ ပြီးဆုံးချိန် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဤဆောင်းပါး ပါရှိခဲ့သည်။ဟိုတောင် အကွေ့ကျတော့၊ မောင်ပွေ့ပါမယ်။ ဟိုတောင်တန်းကျတော့၊ မောင်ထမ်းပါ့မယ်။ ဟိုတောင်ရိုးကျတော့၊ မောင်ပိုးပါ့မယ်။ရှမ်းပြည်သို့ သွားရောက်သူတိုင်း ဤသီချင်းလေးကို သတိရမိကြပေမည်။ သတိရရုံ သာမက ထိုသီချင်းကလေးကို အော်ဟစ်၍ပင် ဆိုမိကြပေမည်။ ကောက်စိုက်သမများသည်  ရွာနှင့်ဝေးရာ လယ်တော၌ အော်ချင်တိုင်း အော်၍ ဆိုချင်ရာ ဆိုကြသလိုပင် ဖြစ်ပေသည်။ ကျွနု်ပ်တို့သည် လူနှင့်သူနှင့် ဝေးလေလေ ထင်သလို ပြုလုပ်တတ်ကြလေလေ မဟုတ်ပါလော။ရှမ်းပြည်တွင် ထင်းရှူးပင်များ ပေါ၏။ ထင်းရှူးပင်မှာ အဖျားရှူးတတ်သော သဘောရှိ၏။ မောင်သုမန (အိုးဝေမောင်ညိုမြ) သည် မကြာမီက ပင်လုံ၌ ကျင်းပခဲ့သော တောင်တန်း ညီလာခံကြီးကို အဖျားရှူးသည်ဟု ပြောရန်မရည်ရွယ်ပါ။ အမှန်အားဖြင့် ပင်လုံကိစ္စကို အထူးကျေနပ်ပါ၏။ဗိုလ်ချုပ်၏ ဘိလပ်စာချုပ်နှင့် ပတ်သက်၍ ဝိတက်၊ ဝိစာရများ ပေါ်ပေါက်ခဲ့သော်လည်း ပင်လုံစာချုပ်နှင့် တောင်တန်းချစ်ကြည်ရေး ကြိုးပမ်းမှုများအတွက်ကား ဗိုလ်ချုပ်နှင့်တကွ ဖဆပလ လူစုကို လက်ဖက်ရည် တိုက်ချင်လောက်အောင် သဒ္ဓါတရားများ ပေါက်ဖွားမိတော့၏။အင်္ဂလိပ်များ ပြန်ရောက်သည်မှစ၍ ဗိုလ်ချုပ်အောင်ဆန်း ဆောင်ရွက်ခဲ့သမျှသော ကိစ္စအ၀၀တို့တွင် တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရေး လုပ်ငန်းမှာ အထူးကျေနပ်ဖွယ် အောင်မြင်သည်ဟု ကျွန်တော် ယူဆ၏။ ကရင်ဗမာ ချစ်ကြည်ရေး၊ ဂျင်းဖောမြန်မာ ချစ်ကြည်ရေးတို့ကစ၍ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်သည် တိုင်းရင်းသားများ ပေါင်းသင်း ညီညွတ်ရေးကို ကောင်းစွာ အုတ်မြစ်ချခဲ့၏။အနော်ရထာခေတ်၊ ဘုရင့်နောင်ခေတ်၊ အလောင်းဘုရားခေတ်တို့ လွန်သည်ကစ၍ မြန်မာတစ်ပြည်လုံး ရိုင်းပင်း ညီညွတ်ရေးမှာ ပင်လုံညီလာခံလောက် တစ်ခါမျှ စည်စည်ကားကား ထိထိရောက်ရောက် ရှိခဲ့သည်ကို မမြင်ဖူးသေးပါ။ရှမ်းပြည်တောင်တန်းရပ်များတွင် အဆက်မပြတ် လေတဟူးဟူး တိုက်ခတ်၏။ တောင်လေ၊ မြောက်လေ စသဖြင့် လေအမျိုးမျိုး တိုက်ရာတွင် ထင်းရှူးပင်ကလေးများလည်း ဟိုယိမ်းဒီယိမ်းနှင့် ယိမ်းသမကလေးများလို တနွဲ့နွဲ့ ရှိလေသည်။အလွန်ချမ်းစိမ့်သော မြောက်လေနှင့်တူသည့် ဗြိတိသျှ လေအေးဖြန်းသန်း တိုက်ခတ်ချိန်၌ ထင်းရှူးပင်ကလေးများမှာ အစိမ်းရောင် ရှောစောင်နှင့်တူသော အကိုင်းအခက်များကို သိမ်းဆည်းပိတ်ခြုံကာ မေးခိုက်ခိုက်တုန်လျက် ရှိကြကုန်၏။အောင်လေနှင့်တူသော မြန်မာပြည်က မေတ္တာလေဟုန် တိုက်ခတ်သော အခါ၌ကား ထင်းရှူးပင်လေးများသည် အကိုင်းအခက်များကို ဆန့်တန်းဖြန့်ချိလျက် ကြည်လင်စွာ လေညှင်းခံကြကုန် သတည်း။ရှမ်းပြည်၏ ထင်းရှူးပင်ကလေးများ သဘာဝကို ထောက်ရှုကာ မောင်သုမနသည် မသန်းအေး (ဒိုရာသန်းအေး) ၏ သီချင်းကို သတိရမိ၏။“ယိမ်းနွဲ့နွဲ့ ပန်းရွှေညာတံ ဝတ်ရည် ချူ မယ့်သူပေါသည် ရနံ့သင်းတဲ့ ပန်းကလေးကို မနမ်းသေးခင် အလှမ်းဝေးအောင် ထိန်းသိမ်းတော့မည်”(ချူမယ့်သူပေါသည်) ဟူသော စာပိုဒ်မှာ ဗြိတိသျှ စိန်တံချူကို ဆိုလိုဟန်ရှိ၏။ ဗြိတိသျှ ကိုယ်စားလှယ် (ဘော်တွန်ပလီ) တို့၏ အတွင်းသဘောကို ထင်းရှူးပင်က ရိပ်မိဟန်တူ၏။ သို့သော် အချို့သော တောင်တန်းခေါင်းဆောင်များ၏ သဘော၌ မြန်မာများကိုလည်း မယုံဘဲ ရလျှင်ချူမည့် သူများဟု ယူဆဟန် ရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် ပင်လုံစာချုပ် ရေးဆွဲနေချိန်၌ လက်မှတ်ထိုးမလားဟု မေး၏။ ဗိုလ်ချုပ်က (မဟုတ်ပါ။ ဗြိတိသျှ အစိုးရကို တင်ပြရပါဦးမယ်) ဟု ပြန်ပြောရာ ချင်းဆရာက (ကျုပ်တို့က သက်သေတစ်ဦးလောက် လိုချင်လို့ပါ) ဟု မြန်မာခေါင်းဆောင်များကို မယုံသည့်ဟန်ဖြင့် ပြန်ပြောကြောင်း ကြားသိရ၏။ပင်လုံစာချုပ်အရ ရှမ်းများကို အတိုင်ပင်ခံ ဝန်ကြီးတစ်နေရာပေး၍ ဂျင်းဖောနှင့် ချင်းများကို လက်ထောက်အတိုင်ပင်ခံ ဝန်များအဖြစ်နှင့် ထားမည်ဟု ကြားသိရ၏။ ထိုအချက်ကို ပို၍ကောင်းအောင် မြှင့်တင်ပေးသင့်သည်ဟု မောင်သုမန သဘောရ၏။ အဘယ်ကြောင့် ဂျင်းဖောနှင့် ချင်းများကို လက်ထောက်ဝန်ကလေးများသာ ဖြစ်စေရမည်နည်း။ သူတို့ကို ရှမ်းများနှင့် တန်းတူထားစေချင်၏။ ရှမ်းပြည်က လူများစုဖြစ်လျှင် ရှမ်းများကို နေရာပို၍ ပေးရန်သာရှိ၏။တောင်တန်းနယ်များနှင့် ပတ်သက်၍ နစ်နာစရာရှိလျှင် ကျွန်တော်တို့ မြန်မာလူမျိုးများသာ အနစ်နာခံသင့်ပါသည်။ ယခင်က တောင်တန်းလူမျိုးများ အပေါ်တွင် မြန်မာများက ပျက်ကွက်ခဲ့သမျှသော ရာဇဝင်ကြွေးများကို ယခုအချိန်၌ စေတနာ ဗရပွနှင့် လှလှကြီး ပြန်ပေးဆပ်ကြရန် ဖြစ်ပါသည်။မောင်သုမနသည် မြန်မာပြည်ကို ရှမ်းများ၊ ကရင်များ၊ ဂျင်းဖောများ၊ ချင်းများ အုပ်ချုပ်သည်ကို လက်ခံနိုင်ပါ၏။ ဗြိတိသျှများနှင့် နှိုင်းလျှင် တောင်တန်းလူမျိုးများသည် ကျွန်တော်တို့အား အုပ်စိုးလိုက အုပ်စိုးခွင့် ရှိပါသည်။ ဗြိတိသျှတို့ကား မြန်မာနှင့် ဘယ်လိုမျှ မသက်ဆိုင်သဖြင့် မြန်မာပြည်တွင် ဘာမျှအုပ်စိုးခွင့် မရှိပါ။ ပင်လုံ၌ မျက်နှာဖြူများ တက်ရောက်ခြင်းကိုပင် ကျွန်တော်မရှုဆိတ်ပါ။ယခုအချိန်၌ ပင်လုံစာချုပ်ကို အတည်ပြုရန် ဘိလပ်သို့ တင်ပို့ထားသည်ဟု ကြားသိရ၏။ ဗြိတိသျှပယောဂကြောင့် အဖျားမရှူးပါစေနှင့်ဟု ဆုတောင်းပါ၏။ထင်းရှူးပင်သည် အဖျားရှူး၏။ ထို့အတူ စေတီပုထိုးများလည်း အဖျားချွန်သည် မဟုတ်ပါလော။ အမှန်အားဖြင့် စေတီနှင့် တင်းရှူးပင်တို့၏ သဘောကား ကောင်းကင် အထက်လမ်းသို့ မျှော်မှန်း၍ နိဗ္ဗာန်တည်းဟူသော လွတ်မြောက်ရေးကို ရည်စူးကြခြင်းသာ ဖြစ်သည်။ပင်လုံသို့ သွားသူများထံမှ မောင်သုမန ထောက်လှမ်းရရှိသော သတင်းတိုများကား-(၁) ညောင်ရွှေစော်ဘွား၏ မဟာဒေဝီသည် အလွန်ချော၏။ ဧည့်ခံမဏ္ဍပ်တွင် မဟာဒေဝီနှင့်တကွ သမီးတော်တို့က ကိုယ်တိုင် လက်ဖက်ရည်ကို သယ်ဆောင်ကာ ဧည့်သည်များအား ကျေပွန်စွာ ပြုစုစောင့်ရှောက်၏။(၂) ရန်ကုန်သတင်းထောက်များမှာ ပင်လုံပွဲဈေးရှိ ရှမ်းမကလေး တစ်ယောက်ကို ဝိုင်း၍ ဂေါ်ကြ၏။ ရှမ်းမကလေးကား ဖော်ဖော်ရွေရွေ ရှိလှ၏။ သို့သော် မည်သူမျှ မစွန်။(၃) ဦးတင်ထွတ်နှင့် ဦးစိန်ရွက်တို့မှာ ဆွေမျိုးတော်စပ်သဖြင့် တစ်ခန်းတည်း အိပ်ကြ၏။ ချမ်းလွန်းသဖြင့် မီးသွေးဝယ်၍ မီးဖိုရန် သူတို့နှစ်ဦး သဘောတူ ဆုံးဖြတ်ကြ၏။ သို့သော် မီးသွေးဈေး အနည်းငယ် တက်နေသဖြင့် ပိုက်ဆံတတ်နိုင်သော်လည်း မဝယ်ဖြစ် နိုင်ရှိနေကြ၏။ ပြန်လာသည့်နေ့အထိ အအေးခံ၍ အိမ်ပြန်ကြလေသည်။ သတ္တဝါအများ ချမ်းသာကြပါစေ။ယင်းသည် ပင်လုံစာချုပ်အပေါ်တွင် (ကျွန်တော်၏ သတင်းစာ ပညာသင်ဆရာ) အိုးဝေဦးညိုမြ၏ သဘောထား ထင်မြင်ချက်တို့ပင်။ ပင်လုံစာချုပ်ကို ပြည်ထောင်စု တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အညီအညွတ် ချုပ်ဆိုခဲ့ကြသည်မှာ အနှစ် ၇၀ ရှိခဲ့လေပြီ။မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှနှင့် ဗိုလ်ချုပ်ခေါင်းဆောင်သော မြန်မာတို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ လန်ဒန်မှာ စာချုပ်ကြ၏။ ပြဿနာတစ်ခုကြောင့် တောင်တန်းသားတို့ပါ မြန်မာ့လွတ်လပ်ရေးမှာ ပါအောင် ဆက်လက် ဆောင်ရွက်ကြရာက ပင်လုံညီလာခံ ဖြစ်ပေါ်လာခြင်းပင်။၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၉၊ ၁၀၊ ၁၁ ရက်များတွင် ရှမ်းပြည်တောင်ပိုင်း ပင်လုံမှာ မျက်နှာချင်းဆိုင် တွေ့ကြ၏။ တောင်တန်းသား ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာတို့ အပြန်အလှန် ညှိနှိုင်း၏၊ ဆွေးနွေး၏။ ပြည်မနှင့်ပေါင်း၍ အတူတကွ လွတ်လပ်ရေး ရယူရန် (၁၂-၂-၁၉၄၇ ) နေ့မှာ သဘောတူကြရာက ပင်လုံစာချုပ် ဖြစ်ပေါ်လာခြင်းပင်။ပင်လုံ စာချုပ်ချုပ်ဆိုပြီး ငါးလအကြာမှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရ၏။ ယင်းမှာ ပင်လုံစာချုပ် သဘောတူညီချက်များလည်း ဗိုလ်ချုပ်နှင့်အတူ ပါသွားသည့်ပမာ မသိချင်ယောင် ဆောင်ခံခဲ့ရသည်ဟု တိုင်းရင်းသားတို့က ပြောဆိုလာကြ၏။ယခုအခါ လူမျိုးစုအချို့နှင့် ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်သည် တိကျသော ငြိမ်းချမ်းရေးမရသေးဘဲ ဆက်လက်ဖြစ်ပွား လျက်ရှိ၏။ ငြိမ်းချမ်းရေး ရရှိရေးတွင် ယနေ့အထိ တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြသော်လည်း အားနည်းချက်များ ရှိနေ၍ ငြိမ်းချမ်းရေး မရရှိခြင်းမှာ ပင်လုံစာချုပ်နှင့် အတိုင်းအတာ တစ်ခုမက ပတ်သက်နေလေသည်။ ပင်လုံစာချုပ်ကို မည်သူတွေက မလိုက်နာကြပါသနည်း။ယင်းတို့ကို လေ့လာသုံးသပ် စိစစ်ဝေဖန်နိုင်ကြပါရန် ၁၉၅၈ ခုနှစ်စ၍ ကျွန်တော့်ကို သတင်းစာ ပညာသင်ကြား ပို့ချပေးခဲ့သူ ဆရာ ဦးညိုမြ၏ (လွန်ခဲ့သော အနှစ် ၇၀ ခန့် က) ဤဆောင်းပါးကို ရှာဖွေတင်ပြရခြင်း ဖြစ်ပါသည်။ ယင်းကို ဖတ်ရှု၍ လေ့လာသုံးသပ်ကြပြီးသော် ရှေ့ဆက်လုပ်ကြရမည့်  လိုအပ်ချက်တို့ကို သက်ဆိုင်သူတို့ ရှာဖွေတွေ့ရှိလျက် လေးလေးစားစား ဆက်လက် ဆောင်ရွက်ကြမည်ဆိုပါက အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးသည် ငြိမ်းချမ်းသာယာ ဝပြောစည်ပင်နိုင်စေမည်ကို မျှော်လင့်မိပါကြောင်း အရှိအတိုင်း ဖော်ပြအပ်ပါသည်။

Most Read

Most Recent