ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်တွင် ဒေါ်လာအတု ပြုလုပ်သည့် ပစ္စည်းများဖြင့် ဖမ်းဆီးရမိသော လိုက်ဘေးရီးယား နိုင်ငံသားကို တရားမဝင် ပတ္တမြားများ သယ်ဆောင်မှုဖြင့် ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မတ် ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဇန်နဝါရီ ၂၅ ရက်မွန်းလွဲပိုင်းတွင် ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက်ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုသော လိုက်ဘေးရီးယားနိုင်ငံသား Mr.RAYMOND SAM CHO (၃၅ နှစ်) ထံတွင် ဒေါ်လာအတု ပြုလုပ်သည့် ပစ္စည်းများ ပါရှိကြောင်း သိရသဖြင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ၎င်းတည်းခိုသည့် အခန်းအတွင်းမှ အမေရိကန်ဒေါ်လာနှင့် အရွယ်အစားတူသည့် စက္ကူရွက် ၆၀၀၀ ခန့်အား ပေါင်ဒါမှုန့်၊ ဂွမ်းစတို့ဖြင့် ထုပ်ပိုးထားသည်ကို တွေ့ရှိခဲ့သည်။ထို့ပြင် ဒေါ်လာအတု ပြုလုပ်ရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ဆေးရည်ပုလင်းသုံးမျိုးနှင့် ဆပ်ပြာအထုပ်ငယ်တစ်ထုပ်၊ ကျောက်နီအထုပ်ငယ် ခြောက်ထုပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိရာ ၎င်းအား ဒဂုံမြို့မရဲစခန်းက (ပ)၂၁/၂၀၁၆ ပြစ်မှုပုဒ်မ ၄၂၀/၄၈၉-ဃ ဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။ယင်းသို့သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများအနက် ကျောက်နီအထုပ်ငယ်များအား မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းသို့ ပို့ဆောင်၍ ထင်မြင်ချက် တောင်းခံခဲ့ရာ အဆိုပါကျောက်နီများမှာ ဖန်သွင်းအပူပေး ပြုပြင်ထားသည့် အာဖရိက ပတ္တမြားများဖြစ်ကြောင်း သိရသဖြင့် အဆိုပါ ပတ္တမြားများကို တရားမဝင် သယ်ဆောင်လာသည့် လိုက်ဘေးရီးယား နိုင်ငံသားအား မတ် ၁၀ ရက်တွင် ဒဂုံမြို့မရဲစခန်းက (ပ)၄၉/၂၀၁၆ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ဒေါ်လာအတု ပြုလုပ်သည့် ပစ္စည်းများဖြင့် ဖမ်းဆီးရမိသော လိုက်ဘေးရီးယား နိုင်ငံသားကို တရားမဝင် ပတ္တမြားများ သယ်ဆောင်မှုဖြင့် ထပ်မံအမှုဖွင့်