‘ပြည်သူတွေရော နိုင်ငံအတွက်ပါ ထိခိုက် နစ်နာတာတွေကို ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ
အရင်ဆွေးနွေးဖို့ လိုပါမယ်’
ကချင်ပြည်နယ်ရှိ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ NLD အစိုးရနှင့် ပူးပေါင်း ဆွေးနွေးပြီး အဘက်ဘက်က လက်ခံနိုင်မည့် နည်းလမ်းကို ရှာဖွေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်သည် ရပ်ဆိုင်းထားခဲ့သည့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ပြန်လည် အသက်သွင်းဖို့ လမ်းစရှာနေတဲ့ ပုံစံမျိုးဖြစ်နေသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ကိစ္စရပ်များကို ဆောင်ရွက်နေသည့် ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်များ ဖော်ပြလိုက်ပါသည်။
မေး - အခု တရုတ်ဘက်ကနေ မြစ်ဆုံစီမံကိန်းကို ဘက်ပေါင်းစုံ လက်ခံနိုင်တဲ့ နည်းလမ်းရှာမယ်ဆိုပြီး တရုတ်သံအမတ်က ပြောပါတယ်။ ဒ့ါကြောင့် အခုတက်လာမယ့် အစိုးရသစ်အနေနဲ့ ဘယ်လို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ - အစိုးရအသစ် တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ အခုလို အရေးကြီးတဲ့အချိန်မှာ တရုတ်အစိုးရ ကိုယ်စားလှယ် သံအမတ်က အခုလို ပြောလာတာဟာ အစိုးရသစ်ကို အကျပ်အတည်းရောက်အောင် ရည်ရွယ်တယ်လို့သုံးသပ်တဲ့အတွက် ကန့်ကွက်ပါတယ်။ NLD ပါတီ ဦးဆောင်တဲ့ အစိုးရသစ်ဟာ အင်မတန် ခက်ခဲတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးဆောင်ရမှာပါ။ ဒီအချိန်မျိုးမှာ တရုတ်ပြည်ရဲ့ စီးပွားရေးနဲ့ စွမ်းအင်အကျိုးအမြတ် အသာစီးရရေးကို ဦးစားပေးတဲ့ အခုလို အဆိုပြုချက်ကို ပြောလာတာဟာ နိုင်ငံရေး ရည်ရွယ်ချက်ပါတာမို့ မလုပ်သင့်ဘူးလို့ ပြောကြားလိုပါတယ်။ လူ့အခွင့်အရေး ဒီမိုကရေစီအရေး ဦးစားပေးအလေးထားတဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကိုလည်း အလေးထားဖို့ တာဝန်ရှိတဲ့အချက်ကို အခွင့်ကောင်းယူပြီး ထိုးနှက်တိုက်ခိုက်တဲ့ သဘောထားကို သတိပြုမိပါတယ်။ အခုလို စီမံကိန်းတွေပြန်စဖို့ နည်းလမ်းစုံနဲ့ ကြိုးပမ်းမယ် မပြောခင် ယခင်အစိုးရအဖွဲ့ဝင်တွေနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ အကျင့်ပျက် ခြစားမှုတွေ ဘယ်လိုလုပ်ခဲ့ကြတယ်ဆိုတာကို အရင်ဆုံး ဖော်ထုတ်စမ်းစစ် အရေးယူဖို့ တရုတ်နိုင်ငံအစိုးရကို တိုက်တွန်းချင်ပါတယ်။ တရုတ်ဘဏ်တွေက ချေးငွေတွေကို လာဘ်ပေးလာဘ်ယူတွေအတွက် သုံးစွဲခဲ့တယ်လို့ စွပ်စွဲချက်တွေကို အရင်ဖြေရှင်းပြီးမှသာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို မြန်မာပြည်သူတွေရော အစိုးရကပါ လက်ခံသင့် မခံသင့် စဉ်းစားမှာဖြစ်ပါတယ်။
မေး - အခုမြစ်ဆုံနဲ့ပတ်သက်ပြီး သိရသလောက် တရုတ်ဘက်က EIA SIA မပြီးသေးဘဲနဲ့ တချို့လုပ်ငန်းတွေ လုပ်ထားတယ်လို့သိရတယ်။ အဲဒီအတွက် သူတို့ကို ဘယ်လိုအချက်တွေနဲ့ ပြန်ထောက်လို့ ရပါသလဲ။
ဖြေ - ဒီလို EIA SIA မလုပ်ဘဲနဲ့ လုပ်ငန်းစတာတွေကို တရုတ်ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်တဲ့ စီမံကိန်းအများစုမှာ တွေ့ရ ကြားရပါတယ်။ သက်ဆိုင်ရာ အစိုးရဌာနများက သိခဲ့ကြသော်လည်း အရင်အစိုးရနဲ့ ပါတီခေါင်းဆောင်များရဲ့ အဲဒီစီမံကိန်းတွေနဲ့ အကျိုးစီးပွား ပတ်သက်တာကို သိထားတဲ့အတွက် ထောက်ပြရင် အနိုင်အထက် ပြုခံရမှာ ကြောက်ရတာမှာမို့ မဖော်ထုတ်ပြခဲ့ကြတာလို့ သိထားနားလည်ထားပါတယ်။ အရပ်ဘက် အဖွဲ့အစည်းများက လုပ်ထားတဲ့ သုတေသနတွေမှာလည်း ခိုင်မာတဲ့ အထောက်အထားတွေ ရှိပါတယ်။အစိုးရနဲ့ လွှတ်တော်လက်ထက်မှာ ဒီလိုချိုးဖောက်မှုတွေကို ဖော်ထုတ်ဖြေရှင်းတာ အားကောင်းလာမယ် မျှော်မှန်းပါတယ်။ ဖော်ထုတ်ပြီးရင်တော့ တရားရေးမဏ္ဍိုင်က ထိထိရောက်ရောက် အရေးယူဖို့ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက်မှာ အဲဒီတရားရေးမဏ္ဍိုင်ကလည်း အကျင့်ပျက်ခြစားမှု နည်းလာမယ်လို့ မျှော်လင့်ပါတယ်။
မေး - ပြည်သူတွေရော ပတ်ဝန်းကျင် ပညာရှင်တွေရော ဘက်ပေါင်းစုံကနေ ကန့်ကွက်နေတဲ့ ဒီစီမံကိန်းကိုဆက်လုပ်မယ်ဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ။
ဖြေ - ခုနက ဆွေးနွေးသလို အရင်အစိုးရလက်ထက်မှာ ပြည်သူသဘောမတူဘဲ ချုပ်ခဲ့တဲ့ ဒီစီမံကိန်းတွေကို မရမက ပြန်စဖို့ လုပ်မယ်ဆိုတဲ့ အားထုတ်မှုတွေဟာ ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရသစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တာဝန်ကို နိုင်ငံရေး အကျပ်အတည်းဖြစ်စေတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သုံးသပ်တဲ့အတွက် ဆက်မလုပ်ဖို့ ပြတ်ပြတ်သားသား တောင်းဆိုပါတယ်။ မြန်မာပြည်မှာ စီးပွားရေး ကြည်ကြည်ဖြူဖြူ လုပ်ချင်ရင် ပြည်သူတွေနဲ့ ပြည်သူတွေ ရွေးချယ် တာဝန်ပေးထားတဲ့အစိုးရရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားဖြစ်စေတဲ့ ပူးပေါင်းမှုမျိုး လုပ်ပါလို့ အလေးအနက် အကြံပြုချင်ပါတယ်။ မြန်မာပြည်သူများက နိုင်ငံရေး ရေချိန်မြင့်ပါတယ်။ တရုတ်အစိုးရက မြန်မာပြည်သူတွေ စစ်အစိုးရလက်အောက်မှာ အခက်အခဲများစွာကြုံနေခဲ့ရစဉ်မှာ ပြည်သူဘက်က မရပ်တည်ခဲ့တဲ့အချက်တွေ၊ ယခင်အစိုးရလက်ထက် ချုပ်ဆိုခဲ့တဲ့ စီမံကိန်းတွေဟာ ပြည်သူနဲ့နိုင်ငံကို စတေးပြီး အာဏာတည်မြဲရေးနဲ့ ပုဂ္ဂလိက ကိုယ်ကျိုးစီးပွားအတွက် လုပ်ခဲ့တဲ့ စီမံကိန်းတွေအဖြစ် မြင်တယ်ဆိုတဲ့ အချက်တွေကို ဘယ်လိုကုစားမလဲဆိုတာကို တရုတ်နိုင်ငံသံအမတ်အနေနဲ့ အလေးထား ဦးစားပေး လေ့လာသုံးသပ်ဖို့ တိုက်တွန်းပါတယ်။
မေး - တကယ်လို့ စီမံကိန်းကို ရပ်တန့်လိုက်မယ်ဆိုရင် နောက်တက်လာမဲ့ အစိုးရက လျော်ကြေးကို ဘယ်လို လုပ်ဆောင်သင့်ပါသလဲ။
ဖြေ - မြစ်ဆုံအတွက် မြန်မာဘက်က လျော်ကြေး ဘယ်လိုပေးမလဲဆိုတာကို မပြောခင် မြစ်ဆုံစီမံကိန်း အပါအဝင် ပိုက်လိုင်းစီမံကိန်း၊ လက်ပတောင်းစီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်တွေကြောင့် ပြည်သူတွေရော နိုင်ငံအတွက်ပါ ထိခိုက်နစ်နာတာတွေကို ဘယ်လို ဖြေရှင်း လျော်စားပေးမလဲဆိုတာ အရင်ဆွေးနွေးဖို့လိုပါမယ်။ မြစ်ဆုံပြောရင် ကချင်ပြည်နယ် လက်ရှိအခင်းအကျင်းနဲ့ တရုတ်အစိုးရနဲ့ စီးပွားရေးသမားတွေရဲ့ အခြား ပါဝင်ပတ်သက်မှုတွေကိုပါ ဆွေးနွေးဖို့လိုပါမယ်။ လတ်တလော မူးယစ်ပြဿနာနဲ့ ပတ်သက်ပြီး ကချင်လူထုရဲ့ Pat Jasan အကြမ်းမဖက် လှုပ်ရှားမှုဟာ ဘိန်းနဲ့ မူးယစ် လုပ်ငန်းတွေမှာ တရုတ်ဘက်က ပါဝင်ပတ်သက်နေတာကို ဖော်ထုတ်ပြလိုက်သလို ကျောက်စိမ်းနဲ့သစ် တရားမဝင် မှောင်ခိုစီးပွားတွေမှာ တရုတ် စီးပွားရေးသမားများနဲ့တကွ တရုတ်ပြည်ရဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေကပါ ပါဝင်ပတ်သက်မှုတွေက ကမ္ဘာသိဖြစ်ပါတယ်။ ဒီဟာတွေကို လျစ်လျုရှုပြီး မြစ်ဆုံကို ပြန်စဖို့ တောင်းလာမယ်၊ လျော်ကြေးတောင်းဖို့ လုပ်လာမယ်ဆိုရင်တော့ ခုနက ပြောသလို မတည်ငြိမ်အောင် လုပ်တဲ့ နိုင်ငံရေး ရည်ရွယ်ချက် ပါနေတယ်လို့ သုံးသပ်ရပါမယ်။
မေး - မြစ်ဆုံစီမံကိန်းကို တားမှဖြစ်မယ်ဆိုတဲ့ အကြောင်းအရာကို ဖြစ်စေတဲ့ အချက်ရှိရင် ပြောပေးပါ။
ဖြေ - မြန်မာပြည်နဲ့ တိုင်းရင်းသားအားလုံးရဲ့ အရေးကြီးဆုံးသော သဘာဝအရင်းအမြစ် သမိုင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ဘာအကြောင်းကြောင့်မှ မြစ်ဆုံစီမံကိန်းကို မလုပ်သင့်ပါဘူး။ မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ဖို့ အဆိုပြုချက် လုပ်ဆောင်ချက်မှန်သမျှဟာ ပြည်သူရွေးချယ် တာဝန်ပေးထားတဲ့အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးပြီး နက်နဲရှုပ်ထွေး တာဝန်ကြီးမားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပျက်စီးစေလိုတဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ရှုမြင်တဲ့အတွက် ကန့်ကွက်ပါတယ်။ မြစ်ဆုံနဲ့ ဧရာဝတီဟာ တိုင်းပြည်ရဲ့အသက်၊ တိုင်းပြည်ရဲ့အနာဂတ်၊ တိုင်းပြည်နဲ့ တိုင်းရင်းသား အားလုံးရဲ့ အရေးကြီးဆုံးသော သဘာဝအရင်းအမြစ်၊ တိုင်းပြည်ရဲ့သမိုင်းနဲ့ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့အတွက် မြစ်ဆုံနဲ့ဧရာဝတီကို ဖျက်ဆီးတဲ့ စီမံကိန်းမှန်သမျှကို ဘာအကြောင်းကြောင့်မှ မလုပ်သင့်ပါဘူး။မြစ်ဆုံစီမံကိန်းကို ပြန်လုပ်ဖို့ အဆိုပြုချက် လုပ်ဆောင်ချက် မှန်သမျှဟာ ပြည်သူ ရွေးချယ်တာဝန်ပေးထားတဲ့ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးပြီး နက်နဲ ရှုပ်ထွေး တာဝန်ကြီးမားတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပျက်စီးစေလိုတဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်နေတာလို့ ရှုမြင်တဲ့အတွက် ကန့်ကွက်မှာဖြစ်ပါတယ်။မြစ်ဆုံ စဖို့လုပ်လာရင် ပြည်သူက အစိုးရသစ်ကို ဖိအားပေးတာ မလုပ်ပဲ အဲလိုလုပ်လာသူကိုသာ ဦးတည်ပြီး မြန်မာပြည်သူတွေက ဆန့်ကျင် ဒဏ်ခတ်မယ်ဆိုတာကို သိထားဖို့ အသိပေးချင်ပါတယ်။