ရန်သူတွေ များလာနေပြီလား

ရန်သူတွေ များလာနေပြီလား
Published 11 March 2016
ထွန်းထွန်းအောင် (စီးပွား)

စာရေးသူတို့ ဗုဒ္ဓဘာသာမှာ ရေ၊ မီး၊ ခိုးသူနဲ့ မချစ်မနှစ်သက်သော သူဆိုတဲ့ ရန်သူမျိုးငါးပါး ရှိပါတယ်။ ကမ္ဘာကြီးက ဂလိုဘယ် လိုက်ဇေးရှင်းလို့ခေါ်တဲ့ ရွာကြီးတစ်ရွာ အသွင်းပြောင်းလဲရာမှာ ဒီကနေ့ဆိုရင် ရန်သူမျိုးငါးပါး သာမကတော့ဘဲ ငါးပါးထက် ပိုများလာနေတယ်။မြန်မာနိုင်ငံမှာရော ကမ္ဘာ့နိုင်ငံတွေမှာပါ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်မှု အမည်တွေတပ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နေကြတယ် ဆိုပေမယ့် တစ်ဖက်မှာ ခေါင်က မိုးမလုံတော့ နေရာတိုင်းမှာ Zero Sum Game လို့ခေါ်တဲ့ အပေါင်းသုညတွေ ဖြစ်လာနေတယ်။ ဒီသဘောတရားက (+၁) နဲ့ (-၁) ပေါင်းလိုက်ရင် သုညရသလိုပဲ။ တစ်ဖက်က ကောင်းတာတွေ လုပ်တယ်။ အခြားတစ်ဖက်က မကောင်းတာ လုပ်သူတွေကလည်း ရှိနေတော့ တိုးတက်မှု မရှိဘဲ အပေါင်းသုည ဖြစ်သွားစေတာဖြစ်တယ်။ ဒီလိုနဲ့ မူလက ရန်သူမျိုးငါးပါးသာ ရှိခဲ့ရာက ဒီကနေ့ ကမ္ဘာကြီးမှာ ရန်သူတွေ ပွားများလာနေတယ်။(၁) ရေရေလို့ဆိုရာမှာ သောက်ရေနဲ့ သုံးရေဆိုပြီး လူတွေကို အကျိုးပြုတာတွေ ရှိသလို ရေဆိုးလို့ခေါ်တဲ့ အိမ်ထောင်စု တစ်ခုချင်းကနေ နေ့စဉ်နဲ့အမျှ စွန့်ပစ်တဲ့ရေ၊ စက်ရုံအလုပ်ရုံတွေကနေ စွန့်ပစ်တဲ့ရေ၊ ရေဆိုးမြောင်းတွေ အတွင်းကို အမှိုက်တွေ စွန့်ပစ်ကြတာလည်း ရေမြောင်းတွေ ပိတ်ဆို့စေပြီး လမ်းတွေကို ရေလျှံမှုတွေ ဖြစ်လာစေတာကလည်း လူတွေအတွက် ဆိုးကျိုးတွေ ဖြစ်စေတယ်။ နောက်တစ်ခုက သဘာဝတွေကို မထိန်းသိမ်းကြတဲ့အတွက် အချိန်အခါမဟုတ် မိုးတွေရွာသွန်းစေတာတွေကနေ မြစ်ကမ်းနံဘေးမှာ ကမ်းတွေပြို၊ နေအိမ်တွေပြို ရေထဲပါသွားတာကြောင့် ရေတွေကနေ လူတွေကိုရော မြေတွေကိုပါ ပျက်စီးစေတာဖြစ်တယ်။လူတွေမှာ ရေတစ်ရက် မသောက်ရရင် အသက်ဆုံးရှုံးနိုင်တယ်လို့ ဆိုတယ်။ လူတစ်ဦးရဲ့ ခန္ဓာကိုယ်အတွက် တစ်ရက်ကို ရေပုလင်း ရှစ်ပုလင်းလောက် သောက်သုံးဖို့ လိုအပ်တယ်လို့ ဆိုတယ်။ လူရဲ့ ခန္ဓာကိုယ် ကျန်းမာရေးမှာ ရေကလည်း အစိတ်အပိုင်း အနေနဲ့ အရေးကြီးတာ ဖြစ်သလို စိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း ရေမရှိရင် စိုက်ပျိုးသီးနှံတွေ အောင်မြင်မှု မရှိနိုင်စေပါ။ ရေကြောင့် လူတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ ရေကို ရန်သူမျိုးငါးပါးမှာ တစ်ပါးအနေနဲ့ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ စာရေးသူတို့နိုင်ငံမှာ ရေဘေးကြောင့် တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ၁၂ ခုမှာ ရေလွှမ်းတာတွေ ခံကြရတယ်။(၂) မီးမီးကလည်း ရန်သူမျိုး ငါးပါးထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်။ လူတွေနေ့စဉ် ချက်ပြုတ်စားသောက်ရာမှာ မီးကမရှိမဖြစ် လိုအပ်တယ်။ အတိတ်ကာလ နည်းပညာ မတိုးတက်ခင်မှာ ထင်းနဲ့ မီးသွေးတွေကို အလေးထား အသုံးပြုခဲ့ကြရပေမယ့် ဒီကနေ့ ခေတ်ကာလမှာ ဓာတ်ငွေ့မီးဖို၊ ကွိုင်တွေနဲ့ ဆက်ပြီး လျှပ်စစ်မီးဖို၊ ဇီဝဓာတ်ငွေ့ မီးဖိုတွေကိုပါ အသုံးပြုလာနေကြတယ်။ သို့ပေမဲ့ မီးက စနစ်တကျ အသုံးပြုရာမှာ လူတွေအတွက် အကျိုးပြုစေပေမယ့် ပေါ့ပေါ့ဆဆ အသုံးပြုရာမှာ မီးက ရန်သူဖြစ်လာတယ်။ မီးက ဘယ်လောက် ကြောက်စရာ ကောင်းသလဲဆိုရင် မြို့တွေရွာတွေကို ပြောင်တလင်း ခါသွားစေနိုင်တာဖြစ်တယ်။ ဒီနှစ်ထဲမှာ အခုလကနေစပြီး အယ်လ်နီညိုကြောင့် အပူဓာတ်တွေ လွန်ကဲပြီး မီးလောင်မှုတွေ ပိုမိုဖြစ်ပွားနိုင်တယ်လို့ သတိပေးထားတယ်။ သူခိုးဓားပြထက် မီးဆိုတဲ့ ရန်သူက ပိုဆိုးတယ်လို့ ဆိုတယ်။ မီးကလည်း လူတွေရဲ့ ရန်သူတစ်ပါးအဖြစ် သတ်မှတ်ထား ခဲ့တယ်။(၃) မင်းမင်းဆိုတာက နိုင်ငံတွေကို အုပ်ချုပ်ကြတဲ့ ရှေးအခေါ်မင်း၊ ဘုရင်၊ ယခုအခေါ် အစိုးရတွေကို ဆိုလိုတာဖြစ်တယ်။ နိုင်ငံတစ်နိုင်ငံမှာ မင်းလို့ခေါ်ကြတဲ့ အုပ်ချုပ်သူက အရည်အချင်းလည်း ပြည့်၀ မိမိနိုင်ငံနဲ့ နိုင်ငံသားတွေ အပေါ်မှာလည်း စေတနာထားပြီး ရင်ဝယ်သားလို အုပ်ချုပ်နိုင်ပါမှ နိုင်ငံလည်း တိုးတက်၊ နိုင်ငံသားတွေလည်း ဘဝအရည်အသွေး တိုးတက်လာစေမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံမှာက နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး စစ်အာဏာရှင် ပုံစံနဲ့ အုပ်ချုပ်ပြီး ကိုယ်ကျိုးရှာခဲ့ကြတာကြောင့် နိုင်ငံက အောက်ဆုံးအဆင့် ရောက်သွားခဲ့ရတယ်။ ဒါတွေကို ပြန်လည် သုံးသပ်ပြီး မိမိတို့ လုပ်ဆောင်ခဲ့မှု အမှားတွေကို ဝန်ခံ၊ မိမိတို့ မတရား ရယူထားတာတွေကို နိုင်ငံကို စနစ်တကျ ပြန်လည်အပ်နှံကြဖို့ လိုအပ်တယ်။(၄) ခိုးသူသူခိုးဆိုတာ မိမိမပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာ ပစ္စည်းတွေကို ပိုင်ရှင်မသိအောင် ရယူပိုင်ဆိုင်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။  (၅) မချစ်မနှစ်သက်သောသူလူတွေအချင်းချင်း ဆက်ဆံကြရာမှာ မိမိနဲ့ သဟဇာတ မဖြစ်သူတွေက မိမိရဲ့အကျိုးမဖြစ်နိုင်စေတာကို နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်တတ်ကြတာကြောင့် ရန်သူထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ လူတွေမှာ မိမိနဲ့အယူအဆ မတူသူတွေကို ရန်သူအဖြစ် သတ်မှတ်တတ်ကြတယ်။ လူတွေမှာ ကိုယ်ကျိုးစီးပွား ရှာဖွေတတ်သူက မိမိလုပ်ဆောင်ချက် အမှားတွေကို မသိဘဲ မိမိလုပ်ဆောင်ချက် မှန်တယ်ဆိုတဲ့ အဝိဇ္ဇာ ဖုံးလွှမ်းနေတာကြောင့် မိမိရဲ့ရန်သူအဖြစ် သတ်မှတ်တတ်ကြတယ်။အမှန်က မိမိနိုင်ငံသား အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြရမှာ ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦး မလိုမုန်းတီးစိတ်တွေ များလာရာကနေ ရန်သူတွေလို ဖြစ်လာခဲ့ကြတယ်။ မချစ်မနှစ်သက်သူတွေ အချင်းချင်းက တစ်ဦး အကျိုးတစ်ဦး လိုလားကြမှာ မဟုတ်ဘဲ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ပုံစံဖြစ်လာစေတာ ဖြစ်တယ်။ ဒါကြောင့် မချစ်မနှစ်သက်သူတွေကို ရန်သူအဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလော အခြေအနေအရ မြန်မာနိုင်ငံမှာ သာမက တစ်ကမ္ဘာလုံးမှာပါ ရန်သူမျိုးက ငါးပါးထက် ကျော်လွန်လာတာကြောင့် အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။(၆) လေလူတိုင်းက သန့်ရှင်းတဲ့လေကို ရှူရှိုက်နိုင်စေဖို့ အရေးကြီးတာ ဖြစ်တယ်။ ဒီကနေ့မှာ လေထုညစ်ညမ်းမှုက ကမ္ဘာ့လူသားတွေရဲ့ အသက်ရှင် နေထိုင်နိုင်မှုကို အဟန့်အတား ဖြစ်လာနေတယ်။ မြန်မာနိုင်ငံ အပါအဝင် မိမိနိုင်ငံရဲ့ အနာဂတ်ရှေ့ရေး အမြင်မရှိသူတွေ အုပ်ချုပ်ခဲ့ကြတဲ့ နိုင်ငံတွေမှာ သဘာဝက ပေးထားတဲ့ မြေပေါ်မြေအောက် သယံဇာတတွေကို နိုင်ငံနဲ့ နိုင်ငံသားတွေ အကျိုးအတွက် မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက် လွန်ကဲစွာ ထုတ်ယူကြတာကြောင့် ဥပမာ မြေပေါ်မှာ ရှိနေတဲ့ သစ်ပင်တွေက လေထဲမှာ ရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ကို စုပ်ယူပြီး အောက်ဆီဂျင် ဓာတ်ငွေ့ကို ပြန်လည်ထုတ်လွှတ်ပေးတာကြောင့် လူသားတွေအတွက် အောက်ဆီဂျင် ဓာတ်ငွေ့ကို လေထုအတွင်း ထုတ်လွှင့်ပေးတာကြောင့် လူသားအကျိုးပြုစေတယ်။ သို့ပေမဲ့ သစ်ပင်တွေကို လွန်ကဲစွာ ခုတ်ကြတဲ့အတွက် လေထုညစ်ညမ်းမှုတွေဖြစ်တဲ့ အဲဒီညစ်ညမ်းနေတဲ့ လေကို လူတွေက ရှူရှိုက်ကြရတဲ့အခါ ရောဂါပေါင်းစုံ ဖြစ်စေတော့တာ ဖြစ်တယ်။ဒါက သာမန်လေထု သန့်ရှင်းမှု ဖြစ်ပါတယ်။ နောက်တစ်ခု သတိပြုရမှာက လေမုန်တိုင်း ဖြစ်ပါတယ်။ လေမုန်တိုင်းဖြစ်ပေါ်မှု သဘာ၀ ဘေးအန္တရာယ်လို့ သတ်မှတ်ပါတယ်။ အခုအခါ လေဆင်နှာမောင်း တိုက်ခတ်ခံရရင်  အဲဒီလေဆင်နှာမောင်း လမ်းကြောင်းမှာ ရှိနေတဲ့ သက်ရှိသက်မဲ့တွေကို သေကျေပျက်စီးနိုင်စေတာ ဖြစ်တယ်။(၇) မြေမြေက လူသားတွေ နေထိုင်နိုင်ဖို့ ဘ၀ ရပ်တည်နိုင်စေဖို့ စိုက်ပျိုးရေး လုပ်ငန်းတွေ အပါအဝင် အကျိုးပြုနိုင်စေပေမယ့် အဲဒီမြေနဲ့ ဆက်စပ်ပေါ်ပေါက်လာနိုင်တဲ့ မြေငလျင် လှုပ်ရှားမှုတွေနဲ့ မီးတောင်ပေါက်ကွဲမှုတွေက လူသားတွေနဲ့ အဆောက်အအုံတွေကို ပျက်စီးယိုယွင်းစေတာကြောင့် တစ်ဖက်မှာ လူတွေကို အကျိုးပြုစေပေမယ့် အခြားတစ်ဖက်မှာ လူတွေရဲ့ ရန်သူအဖြစ်လည်း ရပ်တည်နေတာကို သတိပြုစေဖို့ လိုပါတယ်။(၈) မူးယစ်ဆေးမူးယစ်ဆေးဝါးက စာရေးသူတို့ ဗုဒ္ဓဘာသာရဲ့ အခြေခံ ငါးပါးသီလမှာ ပါပါတယ်။ ဒါကလည်း ရန်သူအဖြစ် လူတွေကို ရပ်တည်နိုင်စေတာကြောင့် စာရေးသူက ရန်သူအဖြစ် သတ်မှတ် ထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဟိုယခင်က ဘိန်းဘင်း ကဇော် လှော်စာ အရက်ဆိုတာ ရှိခဲ့တယ်။ ဒီကနေ့ကာလ နည်းပညာ မြင့်မားလာချိန်မှာ ဘိန်းတွေက ဘိန်းဖြူ အဖြစ် လူတွေကို ဖျက်ဆီးလာတယ်။ အလားတူ ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ မူးယစ်ဆေးဝါးတွေက လူတွေရဲ့ ရန်သူလို ဖြစ်လာနေတယ်။ စာရေးသူတို့နိုင်ငံမှာရော ကမ္ဘာမှာပါ တတိယ အများဆုံးဆိုတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိပေမယ့် အဲဒီမူးယစ်ဆေးဝါးတွေကို ပိုင်ရှင်မဲ့ လုပ်ပစ်လိုက်ကြတယ်။ ဘာကြောင့် ဒီလိုလုပ်ကြတာလဲ။ ဘယ်သူတွေနဲ့ ပတ်သက် ဆက်နွှယ်နေကြလို့လဲ။မကြာမီကပဲ မြစ်ကြီးနားဒေသမှာ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးပစ်ရာမှာ ဘိန်းခင်းဖျက်သူတွေကို ပစ်ခတ်ကြတာကြောင့် ဒဏ်ရာရသူတွေသော်မှ ရှိရတယ်လို့ သိရတယ်။ မြန်မာနိုင်ငံအတွင်း ဘိန်းခင်းတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ် ဆိုပေမယ့် အဲဒီဘိန်းခင်းတွေကို တစ်ဖက်မှာ အားပေးနေသူတွေ ရှိနေတာကြောင့် အားလုံးက ဝိုင်းဝန်းပြီး လုပ်ဆောင်နိုင်ပါမှ မြန်မာနိုင်ငံ တစ်ဝန်းမှာ မူးယစ်ဆေးတွေလုံး၀ ပပျောက်သွားမှာ ဖြစ်ပါတယ်။ဒါတွေက စာရေးသူ လက်လှမ်းမီသမျှတွေ ရေးပေးတာပါ။ စာရေးသူထက်ပိုပြီး အသိကြွယ်တွေ အနေနဲ့ ရန်သူအဖြစ် သတ်မှတ်နိုင်တာတွေ ရှိရင်လည်း ထပ်ဆင့်ဖြည့်ဆည်း ရေးပေးစေလိုပါတယ်။ အဓိက,ကတော့ မိမိတို့ရဲ့ ရန်သူတွေကိုသိပြီး ရှောင်ကြဉ်နိုင်စေဖို့ပါ။ မိမိကိုယ်တိုင်လည်း ရန်သူတွေ အထဲမှာ မပါဝင်စေလိုပါ။

Most Read

Most Recent