စစ်တွေတွင် အသံဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရ

စစ်တွေတွင် အသံဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရှိရ
Published 11 March 2016
■ သန်းလှိုင်(စစ်တွေ)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓညဝတီ (ခ)ရပ်ကွက် မေယုလမ်း၊ အိမ်အမှတ်(၁၀၉) ရှိ နေအိမ်ခြံဝင်းအတွင်း၌ မတ်လ (၁၀) ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်က အသံဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ မရှိခဲ့ကြောင်း သိရှိရသည်။အဆိုပါ ဖြစ်စဉ်မှာ ဖြစ်စဉ်တွင် ကျယ်လောင်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပတ်ဝန်းကျင်များမှ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းဖြစ်ရပ်ကြောင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ကွပ်ကဲရေးမှူး၊ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး၊ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းလျက် အဆိုပါ နေအိမ်နှင့် နေအိမ်ပါတ်ဝန်းကျင်အား အသေးစိတ်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း၊ ပေါက်ကွဲရာ နေရာအနီးနှင့် အဆိုပါနေအိမ် ညာဖက်ခြမ်း အုတ်နံရံတွင် သံတိုသံစများ ထိမိခံရသည်ဟု ယူဆရသော အပေါက်ငယ်များ ဖြစ်ပေါ်ခဲ့ကြောင်း စစ်တွေမြို့မ ရဲစခန်းမှ အရာရှိ တစ်ဦးက ပြောပါသည်။“လက်ရှိမှာ ပေါက်ကွဲမှု ဖြစ်စဉ်ကို အသေးစိတ် စုံစမ်းနေပါတယ်။ အသံဗုံး တစ်မျိုးလို့ ယူဆရပါတယ်။ တစ်ယောက်ယောက်က လုပ်တာမျိုး ဖြစ်နိုင်တယ်။ ခြောက်လှန့်ရုံ သဘောပဲ ဖြစ်ဖို့ များပါတယ်၊ အလားတူ ဖြစ်စဉ် မဖြစ်ဖို့ လုံခြုံရေးကို တိုးမြင့် ဆောင်ရွက်ထားပါတယ်” ဟု စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး ရီထွန်းသိန်းမှ ပြောသည်။ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပေါ်စဉ် ကျယ်လောင်သော အသံများကြီး တစ်ခု ထွက်ပေါ်ခဲ့ကြောင်းနှင့် အဆိုပါ နေအိမ်တွင် လူနေထိုင်မှု မရှိသည့်အတွက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာမှ လာရောက် စစ်ဆေးခဲ့သော်လည်း မည်သူ့၏ လက်ချက် ဖြစ်သည်ကို မသိရှိရသေးကြောင်းလည်း ယင်းပတ်ဝန်းကျင်တွင် နေထိုင်သော ဒေါ်သန်းမေက ပြောကြားခဲ့ပါသည်။
ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ နေအိမ်ခြံဝန်းအနီးတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်

Most Read

Most Recent