ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ရှစ်လေးလုံး နှစ်ပတ်လည် ထောက်ခံလမ်းလျှောက်မှုတွင် ပါဝင်သည်ဟုဆိုကာ တရားရုံး သုံးရုံးက စွဲဆိုထားသည့် ပုဒ်မ ၁၈ ကို တစ်ရုံးတည်း ပေါင်းစစ်ဆေးရန် ခရိုင် တရားရုံးသို့ လျှ

ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ရုံးထုတ်ပြီး ရှစ်လေးလုံး နှစ်ပတ်လည် ထောက်ခံလမ်းလျှောက်မှုတွင် ပါဝင်သည်ဟုဆိုကာ တရားရုံး သုံးရုံးက စွဲဆိုထားသည့် ပုဒ်မ ၁၈ ကို တစ်ရုံးတည်း ပေါင်းစစ်ဆေးရန် ခရိုင် တရားရုံးသို့ လျှ
Published 9 March 2016
ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း

လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးမှု အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးက ထောင်ဒဏ် ငါးနှစ်ကျော်အထိ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ကို မတ် ၉ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် တရားစွဲထားသည့် အမှုကို စစ်ဆေးရန် ချိန်းဆိုထားသော်လည်း စွပ်စွဲခံရသူများ၏ ရှေ့နေ မလာသဖြင့် မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းအား မတ် ၁၆ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ထို့ပြင် ရှစ်လေးလုံး (၂၆) နှစ်ပြည့် အရေးတော်ပုံ နှစ်ပတ်လည် ထောက်ခံလမ်းလျှောက်ပွဲတွင် ပါဝင်သည်ဟုဆိုကာ စွပ်စွဲခံရသူများကို  တရားစွဲဆိုထားသော မြို့နယ်တရားရုံး သုံးရုံးက ပုဒ်မ ၁၈ ကို မင်္ဂလာတောင်ညွန့် မြို့နယ် တရားရုံးတွင်သာ တစ်ပေါင်းတည်း စစ်ဆေးရန် ခရိုင်တရားရုံးသို့ လျှောက်ထားမည်ဖြစ်ကြောင်း သိရသည်။“အန်တီတို့ အမှုက အန်တီရဲ့ရှေ့နေ မလာလို့ မစစ်ဖြစ်ဘူး။ ဒါပေမဲ့ ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့ မြို့နယ်သုံးခုက အမှုတွေကို မင်္ဂလာတောင်ညွန့်မှာ ပေါင်းစစ်ဆေးဖို့ တရားသူကြီးကို လျှောက်တယ်။ တရားသူကြီးက အမှုပေါင်းပြီး စစ်ဖို့ဆိုရင် ခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုလို့ အန်တီတို့က ခရိုင် တရားရုံးကို လျှောက်မယ်။ အဲဒါကြောင့် ဒီတစ်ပတ်ထဲမှာ မဟုတ်ရင် နောက်ရုံးချိန်းမှာ အန်တီရှေ့နေနဲ့ပြောပြီး ရုံးပေါင်းစစ်ဆေးဖို့ ခရိုင်တရားရုံးကို လျှောက်ထားပါမယ်” ဟု တရားစွဲခံထားရသည့် ဒေါ်နော်အုန်းလှက မတ် ၉ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ကိုမိုးသူနှင့် ကိုစည်သူတို့ကို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် သြဂုတ် ၈ ရက်က ပြုလုပ်ခဲ့သည့် ရှစ်လေးလုံး (၂၆)နှစ်ပြည့် အရေးတော်ပုံ လမ်းလျှောက်ထောက်ခံပွဲတွင် ပါဝင်ခဲ့သည်ဟု ဆိုကာ တာမွေမြို့နယ် မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတို့တွင် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး လက်ရှိတွင် တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ကိုစည်သူမှာ လွတ်မြောက်နေသဖြင့် သက်ဆိုင်ရာ တရားရုံးတို့က တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။ပြီးခဲ့သည့်နှစ် မေ ၁၅ ရက်က လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုအား ဖော်ထုတ်ပေးရန် ကျောက်တံတားမြို့နယ်မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့မှုဖြင့် မြို့နယ်တရားရုံး အသီးသီးက ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ဒေါ်နော်အုန်းလှအား ထောင်ဒဏ်ခြောက်နှစ်ကျော်နှင့် ကိုတင်ထွဋ်ပိုင်အား အလုပ်နှင့်ထောင်ဒဏ် ငါးနှစ်ကျော် ချမှတ်ထားကြောင်း သိရသည်။၂၀၁၆ ခုနှစ် ဇန်နဝါရီတွင် တက်ကြွလှုပ်ရှားသူများအား ယခင် ဆန္ဒပြခဲ့မှုများဖြင့် ထပ်မံ တရားစွဲဆိုမှုများရှိကာ လက်ရှိတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ကျော် တရားစွဲဆိုခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း မကုန်မီ ကာလအတွင်း ပြစ်ဒဏ် ကျခံနေရသည့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး သပိတ်မှောက် ဆန္ဒပြ ကျောင်းသားခေါင်းဆောင်များအား အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ပြုလုပ်ရှိသည်ကို နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent