ဂီတဖျော်ဖြေပွဲများ၏ အချိုးအကွေ့ အပြောင်းအလဲ တစ်ခုဟုဆိုရမည့် Live 90 ဖျော်ဖြေပွဲများမှာ လက်ရှိအချိန်တွင် မြန်မာပရိသတ်များနှင့် အသားကျစ ပြုလာသည့် ဖျော်ဖြေမှုပုံစံအသွင် ဆောင်လာခဲ့ပေသည်။ Live 90 Culture ကို စတင် အသက်သွင်းခဲ့သူ တစ်ဦးဟုဆိုရမည့် အဆိုတော်လေးဖြူသည် Live 90 ဖျော်ဖြေပွဲများကို Family Entertainment နှင့် ပူးပေါင်းကာ Iron Cross တီးဝိုင်းနှင့်အတူ ပရိသတ်များအတွက် စီစဉ်ဖန်တီးခဲ့သူ ဖြစ်သည်။ Iron Cross ၏ ပင်တိုင်အဆိုရှင်လေးဦး၏ Live 90 ဖျော်ဖြေပွဲများအပြီးတွင် အခြားအဆိုရှင်များအတွက် Live 90 ဖျော်ဖြေပွဲများတွင်လည်း တတ်အားသရွေ့ ပါဝင်ကူညီရန် စီစဉ်ထားသူ အဆိုတော်လေးဖြူနှင့် တွေ့ဆုံ၍ Live 90 ဖျော်ဖြေပွဲများ အကြောင်းအရာ အပါအဝင် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပါသည်။
မေး- Live 90 Culture ကို မြန်မာပရိသတ်တွေနဲ့ ရင်းနှီးအောင် Iron Cross က ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ရာမှာ ဖျော်ဖြေပွဲတွေနဲ့ပတ်သက်လို့ ဘယ်လိုပြန်ပြီး သုံးသပ်ချင်ပါသလဲ။
ဖြေ- Live 90 ဖျော်ဖြေပွဲတွေနဲ့ပတ်သက်လို့ ပရိသတ်များရော၊ အနုပညာရှင်များစွာမှရော အင်မတန် စိတ်ဝင်စား လေ့လာကြပါတယ်။ စပြီးလုပ်ခဲ့ကတည်းကလည်း နိုင်ငံတကာမှာ ရှိနေပြီးဖြစ်တဲ့ Live 90 Culture တစ်ခုဖြစ်လာအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။ အဲဒီရည်ရွယ်ချက်အတိုင်းပဲ ပရိသတ်တွေရော အနုပညာရှင်တွေပါ Live 90 ဖျော်ဖြေမှု ပုံစံနဲ့ ရင်းနှီးမှုရှိလာအောင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ Live 90 မှာ လုပ်ခဲ့ပြီးတဲ့ အဆိုတော်များအဖို့တော့ ငွေရေးကြေးရေးဆိုတာထက် အနုပညာဖျော်ဖြေမှု ပုံစံအသစ်တစ်ခုကို ပိုပြီးစိတ်ဝင်စားခဲ့ကြတာပါ။ ဘာမှမမျှော်လင့်ဘဲနဲ့ ဝင်ကူညီတာက တော့ Family Entertainment က ဦးအေးကျော်နဲ့ MRTV4က ဦးဝင်းမော်တို့ပါပဲ။ သူတို့နှစ်ယောက် ကျေးဇူးနဲ့ပဲ Live 90 ပွဲတွေကို စတင်ဖြစ်သလို အောင်အောင်မြင်မြင်ဖြစ်အောင် တင်ဆက်နိုင်ခဲ့ပါတယ်။
မေး- အခုပြုလုပ်ခဲ့တဲ့ Live 90 ပွဲတွေမှာ တစ်ကိုယ် တော်ပွဲတွေအပြင် နှစ်ယောက်တွဲ ဖျော်ဖြေမှုတွေလည်း တင်ဆက်ခဲ့တယ်ဆိုတော့ အားသာချက် အားနည်းချက်ကိုရော ဘယ်လိုသုံးသပ်မိလဲ။
ဖြေ- တစ်ယောက်ပဲဖြစ်ဖြစ်၊ နှစ်ယောက်တွဲပဲ ဖြစ်ဖြစ် နှစ်မျိုးလုံးက ပျော်စရာကောင်းပါတယ်။ သီချင်းတွေနဲ့ပိုပြီး ထိစပ်တဲ့အရသာမျိုး ဖြစ်သွားစေပါတယ်။
မေး- Live 90 စပြီးပြုလုပ်ခဲ့တဲ့ ရည်ရွယ်ချက်အတိုင်းပဲ မြန်မာပရိသတ်တွေနဲ့ Live 90 ယဉ်ကျေးမှု၊ အဆိုတော်တွေနဲ့ Live 90 ဖျော်ဖြေမှုတွေက အသားတကျ ဖြစ်နေပြီလို့ ယူဆပါသလား။
ဖြေ- ဟုတ်ကဲ့ယူဆပါတယ်။ ရှေ့ဆက်ပြီးတော့လည်း Live 90 ဖျော်ဖြေပွဲတွေကို အသားတကျနဲ့ ဆက်လက် လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုဆိုရင် ပရိသတ်တွေနဲ့လည်း Live 90 Culture က ရင်းနှီးနွေးထွေးလာပြီဖြစ်သလို အဆိုတော်တွေအတွက်လည်း ပိုပြီးအသားကျ နွေးထွေးလာတယ်လို့ ဆိုနိုင်ပါတယ်။
မေး- Iron Cross တီးဝိုင်းနဲ့ ပင်တိုင်အဆိုရှင်တွေအနေနဲ့ Live 90 ဖျော်ဖြေပွဲတွေ တင်ဆက်ခဲ့ရာမှာ တစ်ပွဲနဲ့တစ်ပွဲမတူတဲ့ တင်ဆက်မှုတွေ၊ သီချင်းရွေးချယ်မှုတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ အဲဒီအတွက် ဘယ်လို ညှိနှိုင်း ပြင်ဆင်ခဲ့ရပါသလဲ။
ဖြေ- အဲဒီအတွက်တော့ သီချင်းတွေ ပိုတိုက်ရပါတယ်။ Live 90 ဖျော်ဖြေပွဲတွေတင်ဆက်ခဲ့ရာမှာ Iron Cross တီးဝိုင်းအနေနဲ့တော့ ပိုပင်ပန်းပါတယ်။ တခြားပွဲတွေထက်စာရင် အချိန်လည်း ပိုပေးရတယ်လေ။
မေး- Live 90 အတွက် ဖေဖော်ဝါရီမှာလုပ်ခဲ့တဲ့ ကိုလေးဖြူနဲ့ ကိုအငဲ နှစ်ယောက်တွဲအပြီးမှာ နောက်ထပ် မပါဝင် ဖြစ်တော့မယ့် သဘောလား။
ဖြေ- အဲဒီလိုမဟုတ်ပါဘူး။ ‘နောက်ဆုံးပွဲ’လို့လည်း ဘယ်သူမှ မသတ်မှတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့အတွက်တော့ Live 90 နဲ့ပတ်သက်လို့ တာဝန်ကျေပြီလို့ ကိုယ့်ကိုယ်ကိုယ် ယူဆပါတယ်။ Live 90 Culture အနေနဲ့ ဖျော်ဖြေပွဲတွေ မြန်မာပြည်မှာ ဆက်ပြီးရှိနေဖို့ကတော့ ကျန်တဲ့ အဆိုတော်များမှ ဝိုင်းပြီး စောင့်ရှောက်ကြမှဖြစ်မှာပါ။ ကျွန်တော်တို့ကလည်း ဆက်ပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးရဲ့ ဆန္ဒပါခင်ဗျာ။ ရှိတဲ့တေးရေးတွေရော၊ တီးဝိုင်းတွေရော အဆိုတော်များရော Live 90 Cultureမှာ အကုန်ပါဝင်မှ Live 90 Culture က ဆက်ပြီး အဓွန့်ရှည်ဖို့ရှိပါတယ်။ ဒါကြောင့် အားလုံးပါဝင်ကြဖို့ လိုအပ်ပါတယ်။
မေး- Iron Cross Music Tour အနေနဲ့ တချို့မြို့တွေက ဖျော်ဖြေပွဲတွေကို Live ထုတ်လွှင့်ခဲ့သလို ထပ်မံထုတ်လွှင့်ဖို့လည်း အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်တွေကိုလည်း ပြောပြပေးပါဦး။
ဖြေ- ဒါက BMW ကူညီပံ့ပိုးပေးတဲ့ Free Show တွေကိစ္စပါ။ ပြီးခဲ့တဲ့တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ ပုဂံအာနန္ဒာဘုရားပွဲတွေမှာ အခမဲ့ဖျော်ဖြေပွဲကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ခဲ့ပြီး ရုပ်သံကနေတစ်ဆင့် တစ်နိုင်ငံလုံး ကြည့်ခွင့်ရအောင် ကြိုးစားတဲ့ Iron Cross နဲ့ 4+5 တို့ရဲ့ ၂၀၁၆ လှုပ်ရှားမှု ဖြစ်ပါတယ်။ ဆက်ပြီးတော့ နောက်ထပ်ပြင်ဦးလွင်တို့ အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်တို့ ကမ်းခြေပွဲတို့မှာ ဖျော်ဖြေဖို့ကျန်ပါသေးတယ်။ အဲဒီပွဲတွေကိုလည်း အရင်ပွဲတွေလိုပဲ ဖျော်ဖြေတင်ဆက်သွားမှာပါ။
မေး- သင်္ကြန်ဖျော်ဖြေမှု အစီအစဉ်ကိုလည်း ပြောပြပေးပါဦး။
ဖြေ- Iron Cross အနေနဲ့ ၂၀၁၆ ရဲ့အစဉ်အလာကြီးတဲ့ ရိုးရာသင်္ကြန်မှာ MPT နဲ့ပူးပေါင်းပြီးတော့ မန္တလေးက ပရိသတ်များနဲ့ ဆုံတွေ့ခွင့်ရမှာဖြစ်ပါတယ်။ ပင်တိုင်အဆိုရှင်လေးယောက်အပြင် တက်သစ်စ အမျိုးသမီးအဆိုရှင် နှစ်ယောက်ကို ရှာထားပါတယ်။ ကျွန်တော်တို့တစ်ဖွဲ့လုံးကတော့ မန္တလေးကျုံးရေနဲ့ မန္တလေးပရိသတ်တွေကို တွေ့ရမှာဖြစ်တဲ့အတွက် တစ်ဖွဲ့လုံးက အရမ်းစိတ်လှုပ်ရှား ဝမ်းမြောက်မိပါတယ်။