ဓားမြှောင်ဖမ်းမိပြီး ဆက်လက်စစ်ဆေးရာမှ ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဓားမြှောင်ဖမ်းမိပြီး ဆက်လက်စစ်ဆေးရာမှ ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
Published 8 March 2016
သီဟအောင်

မတ် ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မူးယစ်တပ်စု (၄၂) အဖွဲ့သည် မူးယစ်ဆေးဝါး သတင်းရသဖြင့် ထန်းတပင်မြို့နယ် တူးချောင်း ဘီးခွန်ကောက်ဂိတ်အနီးတွင် စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းရရှိထားသည့် ဖြိုးဝေကျော် (ခ) အရှည်ကြီး မောင်းနှင်လာပြီး မျိုးမင်းဇော် လိုက်ပါစီးနင်းလာသည့် ပရိုဘောက်အငှားယာဉ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ အရိုးအသွား ခုနစ်လက်မကျော်ခန့်ရှိ ဓားမြှောင်တစ်ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့နောက် မျိုးမင်းဇော်အား ဆက်လက်စစ်ဆေးရာ သုဝဏ္ဏမြို့နယ်အတွင်းရှိ ၎င်းနေထိုင်သည့် နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထားရှိကြောင်း စစ်ဆေးချက်အရ သိရသည်။ ယင်းသို့ သိရသည့်အတွက် သုဝဏ္ဏနယ်မြေရဲစခန်းမှ ရဲအရာရှိများက ၎င်း၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ အဝတ်ဗီရိုအောက်ထပ် အဝတ်များကြားမှ အနီရောင်စက္ကူဘူးအတွင်း အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၂၀၊ အပြာ ရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် WY စာတန်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၈၀ ၊ စုစုပေါင်းဆေးပြား ၁၃၀၀ ၊ စုစုပေါင်း တန်ဖိုးငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်အား သုဝဏ္ဏနယ်မြေရဲစခန်းက မယ(ပ)၅ ၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉ (က)၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) ဖြင့် အမှုဖွင့်ထားပြီး မျိုးမင်းဇော်အား ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။       

Most Read

Most Recent