အနုပညာလောကတွင် အောင်မြင်မှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သူ တစ်ဦးမှာ သရုပ်ဆောင် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ပင်ဖြစ်သည်။ နှစ်စဉ်ဧပြီ ၁၀ ရက်နေ့ရောက်တိုင်း အောင်မြင်သည့် မွေးနေ့ရှိုးကို ပြုလုပ်လေ့ရှိသူ စိုင်းစိုင်းက ယခုနှစ်ဧပြီ ၁၀ ရက်တွင်လည်း မွေးနေ့ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ Frenzo Music Tour အဖြစ် စိုင်းစိုင်းဦးဆောင်သည့် အနုပညာရှင်များက မြန်မာနိုင်ငံရှိ မြို့ကြီးများ၌ လှည့်လည် ဖျော်ဖြေသွားမည့်အပြင် Frenzo Music Tour ၏ ပထမဆုံးပွဲအဖြစ် မွေးနေ့ရှိုးအား စီစဉ်ထားခြင်း ဖြစ်သည်။ သင်္ကြန်ကာလ မတိုင်မီတွင် ‘သင်္ကြန်ပြတိုက်’ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသရန် စီစဉ်ထားသူ စိုင်းစိုင်းခမ်းလှိုင်နှင့် တွေ့ဆုံ၍ မွေးနေ့ရှိုးအတွက် ပြင်ဆင်မှုနှင့် ရင်ခုန်စိတ်လှုပ်ရှားမှုများ၊ သင်္ကြန်ပြတိုက် ဇာတ်ကားနှင့် ပတ်သက်၍ ခံစားချက်များနှင့် Frenzo Music Tour အတွက် ပြင်ဆင်ထားမှုများအား မေးမြန်းဖြစ်ခဲ့ပါသည်။မေး- စိုင်းစိုင်း ဦးဆောင်တဲ့ Frenzo Music Tour ကို Media 7၊ Ve Ve အချိုရည်တို့နဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ့် အစီအစဉ်တွေကို အရင်သိချင်ပါတယ်။ဖြေ- အဲဒီအစီအစဉ်ကတော့ ကျွန်တော်တို့ ဒီနှစ်မှ ပထမဆုံး လုပ်မယ့် အစီအစဉ်ပါ။ အရင်ကတော့ Frenzo Production အနေနဲ့ ဇာတ်ကားတွေ ရိုက်ကူး ထုတ်လုပ်တယ်။ ကျွန်တော့် သီချင်းခွေတွေ ထုတ်တယ်။ တခြား အနုပညာရှင်တွေရဲ့ သီချင်းခွေတွေလည်း ထုတ်သလို လူငယ်အနုပညာရှင်တွေရဲ့ ပျော်စရာ သီချင်းတွေ စုစည်းပြီးတော့ ပျော်စရာကြီးလို အခွေမျိုးတွေလည်း ထုတ်ခဲ့ဖူးတယ်။ ဒီနှစ်မှာတော့ ကျွန်တော်တို့က မြို့ကြီးတွေကို လှည့်လည်ပြီး ဖျော်ဖြေကြမယ်ဆိုပြီး တိုင်ပင်ဖြစ်တဲ့အခါမှာ Frenzo Music Tour ဆိုပြီး လုပ်ဖို့ဖြစ်လာတာပါ။ ဒီလိုရှိုးပွဲတွေ လုပ်တဲ့အခါ စပွန်ဆာတွေ လိုတယ်။ ကြော်ငြာတွေ လိုတယ်။ ဒီအတွက် Media 7 နဲ့ စကားပြော ကြည့်တဲ့အခါ အဆင်ပြေပါတယ်။ Media 7 ရယ် Ve Ve အချိုရည်တို့ရယ်က ကျွန်တော်တို့ရဲ့ Music Tour ဖျော်ဖြေပွဲတွေအတွက် ကြော်ငြာပိုင်း၊ စပွန်ဆာပိုင်း စသဖြင့် လိုအပ်တာတွေ စီစဉ်ပေးမယ်။ ကျွန်တော်တို့ကတော့ အနုပညာပိုင်းပဲ စီစဉ်ရပါမယ်။ ဖျော်ဖြေပွဲ အနေနဲ့ကတော့ သင်္ကြန်အပြီး မိုးတွင်းလောက်ကမှ ရှိုးပွဲရာသီတွေအတိုင်း ဆောင်းတွင်းအထိကို မြို့ ၁၀ မြို့ကနေ ၁၅ မြို့အထိ ပွဲတွေ လုပ်သွားဖို့ စီစဉ်ထားတာပါ။ Frenzo က အနုပညာရှင်တွေ အနေနဲ့ ကျွန်တော်ရယ်၊ ဘန်နီဖြိုးရယ်၊ Snare ရယ်၊ G Fatt ရယ် ပါဝင်ပါမယ်။ မြို့တွေအလိုက်မှာ တခြားအမျိုးသမီး အဆိုရှင်တွေ၊ လူကြီးအဆိုရှင် လူငယ်အဆိုရှင်တွေ ကျွန်တော့် သူငယ်ချင်းတွေ အခါအားလျော်စွာ ပါဝင်ဖို့တွေလည်း ရှိပါတယ်။ ဒါကတော့ Frenzo Music Tour အတွက် စီစဉ်ထားတာပါ။ တခြားကျွန်တော်တို့ တစ်ဦးချင်းရဲ့ သီးခြားရှိုးဆိုတာ အပါအဝင် အနုပညာ လှုပ်ရှားမှုတွေလည်း အခြားအင်တာတိန်းမန့်တွေနဲ့ လုပ်ဆောင်မှုတွေလည်း ရှိနေဦးမှာပါ။မေး-စိုင်းစိုင်းမွေးနေ့ရှိုးကို Frenzo Music Tour ရဲ့ ပထမဆုံးပွဲအဖြစ် စီစဉ်ဖြစ်တာကရော။ဖြေ- ကျွန်တော်တို့ Frenzo Music Tour လုပ်မယ်ဆိုတဲ့ အချိန်မှာ နှစ်စဉ်ပြုလုပ်နေကျဖြစ်တဲ့ ကျွန်တော့် မွေးနေ့ရှိုးကိုလည်း Media 7 နဲ့ Ve Ve အချိုရည်တို့က ပံ့ပိုး ကူညီပေးမယ်လို့ဆိုတဲ့ အတွက် Frenzo Music Tour ရဲ့ ပထမဆုံးပွဲ အနေနဲ့ မွေးနေ့ရှိုးလုပ်ဖို့ စီစဉ်ဖြစ်သွားတာပါ။ ကျွန်တော့်မွေးနေ့ရှိုးကို ဧပြီ ၁၀ ရက်မှာ ရွှေထွဋ်တင်ကွင်းမှာ လုပ်ပါမယ်။ အခုနှစ်မှာတော့ ပုံမှန် မတ်တတ်ရပ်ကြည့်လို့ရတာအပြင် ထိုင်ခုံတွေကိုပါ ထည့်ဖို့ စိတ်ကူးထားတာပါ။ အဓိကတော့ ကျွန်တော့် ပရိသတ်တွေထဲမှာ ကျွန်တော်နဲ့အတူ အသက်လိုက်ကြီးလာတဲ့သူတွေ ရှိမယ်။ အိမ်ထောင်ကျပြီး ကလေးနဲ့ ဖြစ်နေတဲ့သူလည်း ရှိချင်ရှိမယ်။ သူတို့တွေလည်း အေးအေးဆေးဆေး ကလေးကိုခေါ်လာပြီး ထိုင်ကြည့်ချင် ကြည့်လို့ရအောင် ထိုင်ခုံပါထည့်ဖို့ စိတ်ကူးထားတာပါ။ ဖျော်ဖြေမှု ပုံစံတွေကတော့ အများကြီးပဲ စိတ်ကူးထားပါတယ်။ ဒီဂျေနဲ့ ဖျော်ဖြေမှာပါမယ်။ တီးဝိုင်းနဲ့ ဖျော်ဖြေဖို့ရှိမယ်။ ကိုဓိရာမိုရ်ရဲ့ သံစုံတီးဝိုင်းနဲ့ ဖျော်ဖြေဖို့ စိတ်ကူးထားတာ ရှိတယ်။မေး- Frenzo Music Tour ကို အခုလို စနစ်တကျ စာချုပ်ချုပ်ဆိုပြီး လုပ်ကိုင်ဖြစ်တဲ့အတွက် အားသာချက် အားနည်းချက် ဘာတွေရှိလာမယ်လို့ထင်လဲ။ဖြေ- အမှန်အတိုင်း ဝန်ခံရရင် ပထမဆုံးနှစ် ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ အောင်မြင်တဲ့ရှိုးပွဲတွေ ကျွန်တော်ကျင်းပခဲ့ဖူးပေမယ့် နယ်တွေမှာတော့ ကျွန်တော့်ကို ပွဲငှားမှသာ သွားဆိုဖူးတာပါ။ ကျွန်တော့်အနေနဲ့တော့ ပထမဆုံး စီစဉ်တာ ဖြစ်ပါတယ်။ ရန်ကုန်မန္တလေးမှာ လုပ်ခဲ့တဲ့ ပုံစံအတိုင်းပဲ နယ်တွေကိုလည်း သွားမှာဖြစ်တဲ့အတွက် အခက်အခဲတော့ မရှိလောက်ဘူးလို့ ထင်ပါတယ်။မေး- Frenzo Music Tour မှာ အသစ်ထွက်ဖို့ စီစဉ်ထားတဲ့ Welcome to Frenzo စီးရီးထဲက သီချင်းတွေလည်း ဆိုဖို့ရှိတယ်ဆိုတော့ အဲဒီအခွေကို ဘယ်တော့လောက်ထွက်ဖို့ စိတ်ကူးထားတာလဲ။ဖြေ- Welcome to Frenzo စီးရီးက ကျွန်တော်တို့ သင်္ကြန်အရှေ့မှာတောင် ထွက်ချင်တာပါ။ သင်္ကြန်မမီလိုက်ဘူး ဆိုရင်လည်း သင်္ကြန်ပြီးတာနဲ့ ထွက်ပါမယ်။ သင်္ကြန်မတိုင်ခင် သင်္ကြန်ပြတိုက်ရုံတင်မယ်ဆိုတော့ အချိန်နည်းနည်း ကျပ်နေတာပေါ့လေ။ အခွေမထုတ်နိုင်ရင်တောင် Single တွေအနေနဲ့ အွန်လိုင်းမှာတင် ပေးသွားမှာပါ။မေး- အရင်ပြောခဲ့တဲ့ ရှိပြီးသား သီချင်းသစ်တွေကို အွန်လိုင်းမှာ တစ်လတစ်ပုဒ် တင်မယ်ဆိုတာကရော ဒီအခွေထဲက သီချင်းတွေလား။ စိုင်းစိုင်းရဲ့ တစ်ကိုယ်တော်ခွေထဲက သီချင်းတွေလား။ဖြေ- ကျွန်တော့်ရဲ့ အယ်လ်ဘမ်အတွက်က ကျွန်တော် သီးသန့်လုပ်နေတာပါ။ Welcome to Frenzo အခွေကတော့ ပျော်စရာကောင်းတဲ့ အခွေတစ်ခွေ အနေနဲ့ စီစဉ်နေပါတယ်။ ကျွန်တော် တစ်ယောက်တည်း ဆိုတာလည်း ပါမယ်။ Frenzo က အနုပညာရှင်တွေ ဝိုင်းဆိုကြတာလည်း ပါမယ်။ ဒီသီချင်းတွေကိုပဲ Music Tour မှာ ပျော်ပျော်ပါးပါး ဝိုင်းဆိုကြမယ်ပေါ့။မေး- လတ်တလော ထွက်ထားတဲ့ G Fatt အခွေထဲက စိုင်းစိုင်း ပါဝင်သီဆိုထားတဲ့ Single လေးတွေရှိတ် သီချင်းက အရမ်းပေါက်တယ်နော်။ အခုထွက်မယ့် သီချင်းတွေက အဲဒီလို သီချင်းမျိုးတွေပါမလား။ဖြေ- သီချင်းတိုင်းကတော့ ရှုထောင့်ပေါင်းစုံကနေ ရေးတာပါ။ ကျွန်တော်တို့ ကိုယ်တိုင်သည်လည်း ဂီတရဲ့ပရိသတ် ဖြစ်တယ်။ ကျွန်တော်တို့ ခံစားတဲ့ အကြောင်းအရာတွေက ပရိသတ်တွေ လူငယ်တွေနဲ့ နီးစပ်မယ်လို့ ယုံကြည်ပါတယ်။မေး- မွေးနေ့ရှိုးကို နှစ်စဉ် ကျင်းပလာခဲ့တဲ့ စိုင်းစိုင်းအနေနဲ့ အခုနှစ် မွေးနေ့ရှိုးအတွက် ရင်ခုန်ခံစားရမှုကိုလည်း ပြောပြပါဦး။ဖြေ- နှစ်တိုင်းလည်း မွေးနေ့ဆို ရှိုးလုပ်နေကျဆိုတော့ မလုပ်ရရင် တော်တော်ကြီးကို ဟာတာတာ ဖြစ်နေမှာပါပဲ။ ဒီနှစ်မှာ မွေးနေ့ရှိုးလုပ်မယ်ဆိုတော့ သူငယ်ချင်းတွေကလည်း မြှောက်ပေးတယ်။ အားပေးတဲ့ ပရိသတ်တွေ လည်းရှိတယ်။ ပံ့ပိုးပေးမယ့် ကုန်ပစ္စည်းတွေလည်း ရှိတယ်။ ဝန်းရံပေးမယ့် သူငယ်ချင်းတွေလည်း ရှိတယ်။ ဘာလို့မလုပ်ရမှာလဲပေါ့။ ပြီးရင် တစ်နှစ်ပြီးတစ်နှစ် ငယ်သွားမှာ မဟုတ်ဘူး။ တစ်နှစ်ပြီးတစ်နှစ် ကြီးလာမှာ။ အားပေးမယ် မဆိုနိုင်တော့ဘူးဆိုတဲ့ အချိန်လည်းရှိ လာနိုင်တယ်။ ဆိုနိုင်တယ် အားပေးမယ် မစီစဉ်နိုင်ဘူး ဆိုတာလည်း ရှိလာနိုင်တယ်။ ကျွန်တော်က ဆိုနေခွင့်ရသရွေ့ ဆိုနေချင်တယ်။မေး- သင်္ကြန်ပြတိုက် ဇာတ်ကားက သင်္ကြန်တွင်းမှာ တကယ့်မြင်ကွင်းတွေနဲ့ ရိုက်ကူးထားသလို အမှတ်တရ ဖြစ်ရပ်တွေလည်း အများကြီး ရှိခဲ့တယ်နော်။ အခုရုံတင်ခါနီး အချိန်မှာ ခံစားချက်လေး ပြောပြပါဦး။ဖြေ-အေဒင်ရဲ့ နတ်သမီးနဲ့ လုံးဝမတူကွဲပြားတဲ့ အတွေ့အကြုံ ပင်ပန်းမှုမျိုးပေါ့။ သင်္ကြန်ဇာတ်ဝင်ခန်း အားလုံးကို သင်္ကြန်တွင်းမှာ ပြီးအောင် ရိုက်ရတယ်။ ကျွန်တော့်မဏ္ဍပ်ဖြစ်တယ်။ ဖျော်ဖြေတယ်။ ရုပ်ရှင်လည်း ရိုက်တယ်။ အဲဒီအတွေ့အကြုံက နောက်တစ်ခါ ထပ်လုပ်နိုင်ဖို့ မလွယ်ဘူး။ မင်းသမီးကလည်း အဲဒီအချိန်မှာ အသစ်နှစ်ယောက်ဖြစ်တယ်။ အောင်မြင်တာ မအောင်မြင်တာ နောက်မှ ဇာတ်ကားပြီးသွားပြီ ဆိုတာနဲ့တင် ပီတိဖြစ်ရပါတယ်။မေး- စိုင်းစိုင်းမွေးနေ့ရှိုးကို လာကြည့်မယ့် ပရိသတ်တွကို ပြောချင်တဲ့ စကားလက်ဆောင်များ ရှိမလား။ဖြေ- ပျော်စရာကောင်းတဲ့ ပွဲဖြစ်အောင် ကျွန်တော်စီစဉ်ပါမယ်။ ကျွန်တော့်မှာ မွေးနေ့ရှိုး လုပ်ခဲ့တဲ့ ၁၀ နှစ် အတွေ့အကြုံ ရှိပါတယ်။ သီချင်းသစ်တွေရော အဟောင်းတွေရော ဆိုပါမယ်လို့။