ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရမှုအတွက် ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့က တရားရင်မဆိုင်တော့ဘဲ ဒေါ်နီလာသိန်း (၈၈ ငြိမ်း/ပွင့်) ကလည်း တရားလိုရဲအုပ်ကို တရားပြန်စွဲရန် တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရသည်။ကျောင်းသားသပိတ်အား ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ထောက်ခံဆန္ဒပြမှုကြောင့် မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ဒေါ်နီလာသိန်း (၈၈ ငြိမ်း/ပွင့်)၊ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့်တရားစွဲဆိုထားသော အမှုအား မတ် ၇ ရက်နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။အဆိုပါရုံးချိန်းမှာ ဒုတိယမြောက် ရုံးချိန်းဖြစ်ပြီး တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် ဒုရဲအုပ် အောင်ဇော်ဝင်းကို စစ်ဆေးခဲ့ရာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က ကျောင်းသားသပိတ်စစ်ကြောင်း ထောက်ခံဆန္ဒပြမှုသည် မရမ်းကုန်းမြို့နယ်ကို ဖြတ်သန်းသွားကြောင်း ဒုရဲအုပ်က ထွက်ဆိုခဲ့ကြောင်း သိရသည်။“ကျွန်တော်တို့ကို နေ့စဉ်နဲ့အမျှ ရုံးထုတ်နေတယ်။ ဒါပေမဲ့ အဲဒီရုံးချိန်းတွေမှာ တရားမျှတမှု၊ တရားစီရင်ရေးရဲ့ မျှတမှု ဘာတစ်ခုမှ မတွေ့ရဘူး။ ရုံးချိန်းတိုင်းမှာ ရဲတွေရဲ့ ထွက်ဆိုချက်တွေဟာ လိမ်လည်ထွက်ဆိုတာတွေကို တွေ့နေရတယ်။ အထင်ရှားဆုံး ဥပမာဆိုရင် ကိုနန္ဒာစစ်အောင်နဲ့ ကိုကျော်ကိုကိုက မတ် ၁၀ ရက်မှာ လက်ပံတန်းမှာ မရှိတာကို ရှိတယ်ဆိုပြီး လက်ပံတန်းရဲကရော ရန်ကုန်ကမာရွတ်ရဲကပါ တရားစွဲထားတယ်။ ကျွန်တော်တို့က ထောင်ထဲကနေလာပြီး တရားရင်ဆိုင်နေရတယ်။ ရင်ဆိုင်တဲ့အခါမှာလည်း သူတို့ပြောချင်တာတွေကို ပြောတာနားထောင်ရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဒါကြောင့် တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်တော့ဘူး။ မေးလည်း မဖြေတော့ဘူး။ ရှေ့နေပါဝါတွေလည်း ရုပ်လိုက်ပြီ” ဟု ဗကသကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင်က ဆိုသည်။
ထို့ပြင် ဒေါ်နီလာသိန်း (၈၈ ငြိမ်း/ပွင့်) ကလည်း “ဒီနေ့ တရားလို ရဲအုပ်သန်းဝင်းကို တရားပြန်စွဲဖို့ တရားရုံးကို လျှောက်တယ်။ ရှေ့နေနဲ့ တိုင်ပင်ပြီး နောက်တစ်ပတ်ရုံးချိန်းမှာ တရားစွဲမယ်။ ဘာပုဒ်မနဲ့ တရားစွဲရမယ်ဆိုတာတော့ ရှေ့နေနဲ့ တိုင်ပင်ရဦးမယ်။ ကျွန်မတို့ကို တရားလို ရဲအုပ်သန်းဝင်းက ပုဒ်မ ၁၈ နဲ့ တရားစွဲထားတဲ့ အမှုအနေနဲ့ မဟုတ်ဘဲ နောက်တစ်မှုအနေနဲ့ ကျွန်မကပြန်ပြီး တရားစွဲမှာပါ” ဟု မီဒီယာများသို့ ပြောကြားသည်။“မြို့နယ်တရားရုံး ရှစ်ခုကနေ ကျွန်မရယ်၊ ကိုနန္ဒာစစ်အောင်ရယ်၊ ကိုလင်းထက်နိုင်ရယ်ကို ပုဒ်မ ၁၈ တွေနဲ့ စွဲထားတယ်။ အဲဒီ အမှုရှစ်မှုစလုံးကို ရှေ့နေပါဝါ ရုပ်မယ်။ အဓိက,ကတော့ လူ့အခွင့်အရေး ကော်မရှင်ကလည်း ရဲတွေပါ အရေးယူသင့်တယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ဒါပေမဲ့ တရားမျှတမှုက အခုထိ ရောက်မလာသေးဘူး။ တရားမမျှတဘူးလို့ ခံစားရလို့ တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ” ဟု မဖြိုးဖြိုးအောင်က ဆိုသည်။နောက်တစ်ပတ် ရုံးချိန်းကို မတ် ၂၁ ရက်သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။
ပုဒ်မ ၁၈ ဖြင့် တရားစွဲခံထားရမှုအတွက် ဗကသခေါင်းဆောင် မဖြိုးဖြိုးအောင်နှင့် ကိုလင်းထက်နိုင်တို့က တရားရင်မဆိုင်တော့ဘဲ ဒေါ်နီလာသိန်း (၈၈ ငြိမ်း/ပွင့်) ကလည်း တရားလိုရဲအုပ်အား တရားပြန်စွဲရန် တရားရုံးသို့ ဦးတိုက်လျှောက်ထား