လူစွာနှင့် လူချာ

လူစွာနှင့် လူချာ
Published 6 March 2016
ရဲထွတ်နီ

ကာလနှယ် ဆိုးပါဘိသူခိုးက လူလူ၊တောလေ့ပေါက်နန်းမူ၊အိမ်သူကို ဧည့်စောင်း။သူကောင်းကို အပြစ်တင်၊တောင်ယာရှင် မျောက်လိုက်လို့မောင်း။လေးတရာ့ဆီ မှန်လျှင်ရေနံလောက် မကောင်း။စိတ်အနေ ရုပ်ပြောင်းလို့၊ချောင်းကိုပ မြစ်ထင်။တူရိယာ နတ်စည်စောင်း၊သူဖုန်းတောင်းချင်းကတဲ့သွင်။ဝါးလုံးခေါင်း လသာချင်တယ်အိမ်ထဲတွင် ကင်းဝပ်လို့မုန်းဇာတ်ကြံကြပြီ၊ဘုန်းရို့ဝသီ။ခုများဖြင့် မုသားညီတယ်၊အပလီ ဗိုလ်မင်းပလေး။(ကလိယုဂ်ဖွဲ့)သာမဏေဝတ်လိုက်၊ လူထွက်လိုက်၊ ရဟန်းဘောင်တက်လိုက် ကျောင်းထိုင်လိုက်၊ တစ်ဖန် လူပြန်ထွက်လိုက်ဖြင့် ကုန်းဘောင်ခေတ် ထင်ရှားသည့် စာဆိုတော် စလေဦးပုည၏ 'ကာလဆိုး' ဟူသော တေးထပ်ဖြစ်သည်။ ဂလိယုဂ်ဖွဲ့ဟု ဆိုသည်။ဖျာပုံတိုက်သစ် ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတ အရှင်သြဘာသာဘိဝံသ၏ သုတေသန သရုပ်ပြအဘိဓာန်တွင် ယုဂ်လေးပါးကို ဖွင့်ဆိုထားပြီး ကတယုဂ်ဆန်းသော နှစ်များ မှာ လူတို့သည် အခြေလေးချောင်းထောက်သကဲ့သို့ သစ္စာကတိတည်၊ ကတညုတ ကတဝေဒီရှိ သူကြီးမိဘရိုသေ၊ တရားစောင့်၏ဟု ဆိုထားပါသည်။တြေတာယုဂ်နှင့် ဒွာပရာယုဂ်တို့ကို ကျော်လျှင် ကလိယုဂ်ဆန်းသော နှစ်များကား အခြေသုံးချောင်း ကျိုးပျက်ကာ တစ်ချောင်းတည်း ထောက်တည်ရသကဲ့သို့ တရားမစောင့်သူ သူယုတ်မာသုံးစု၊ တရားစောင့်သူ ကောင်းတစ်စု ဖြစ်ရချိန်ဟု ဆိုပါသည်။ဆရာတော်က “ဤယခု ငါတို့ဖြစ်ရာခေတ်ကား ကလိယုဂ်ကြီးဖြစ်၍ လူယုတ်မျာပေါများလှ၏” ဟု မြွက်ဆိုထားခဲ့ပါသည်။ သတိသံဝေဂ ရှိဖွယ်ကောင်းလေစွ။ဦးပုည ဖွဲ့ပြသော သူခိုးလူဟစ်၊ သူကောင်းကို အပြစ်တင်၊ အိမ်ထဲမှာ ကင်းဝပ်ပြီး မုန်းဇာတ်ကြံကာ ဝသီက မုသားညီသော အပလီ ဗိုလ်မင်းခေတ်မှာ ပြက်ပြက်ထင်ရှိလှတော့သည်။'စလေဆရာ ဦးပုညကို မြန်မာတို့၏ ရှိတ်စပီးယား' ဟူ၍ ဦးရွှေကြူးက ဆိုခဲ့သည်ဟု မှတ်ရဖူးကြောင်း ဆရာဇော်ဂျီက ဆိုခဲ့ပါသည်။ 'အင်္ဂလိပ်မှာ ရှိတ်စပီးယား၊ မြန်မာမှ စလေဦးပုည' ရေးသား ဖွဲ့ဆိုမှုတို့ထက် ထပ်တူ ပြုသော အကြောင်းသည် လောက သဘာ၀ လူ့သဘာဝတို့ကို ထိုးထွင်းသိမြင်တတ်သော ဉာဏ်ခံရှိရာတွင် ဦးပုညနှင့် ရှိတ်စပီးယားတို့ တူကြသောကြောင့် ဖြစ်တန်ရာသည်ဟု ဆရာက ကောက်ချက်ပြခဲ့ပါသည်။'သူ့မနောကို ချောချောကြီးကျအောင်' ရေးဖွဲ့နိုင်စွမ်းသည်။ 'နု' ရမည့်နေရာတွင် သိမ်သိမ်မွေ့မွေ့၊ ဖျောင်းဖျောင်းဖျဖျ ရေးဖွဲ့နိုင်သလောက် 'ကြမ်း' ရမည့်နေရာတွင် သာသာနှင့် နာနာနှက်ပုံမျိုးကအစ 'ပိဿာလေး နှင့် ဘေးပစ်' သလို ရေးဖွဲ့ပုံအထိ စာဆိုနိုင်စွမ်းသည်ဟု ဆရာမောင်ခင်မင်(ဓနုဖြူ)က ဆိုပါသည်။လိမ်တတ်သူများ လိမ်ကြပုံကို 'လိမ် ဉာဏ်ဆင်' တေးထပ်တွင် ရွတ်ဆိုကြည့်ပါ။ကလိမ်တွင် လိမ်တင်ရ၊ လိမ်ပင်က ဘုရင်၊လိမ်ချင်လှ သခင်ရယ်၊ အလိမ်တွင် ခေါင်ဆုံး။လိမ်ရှုပ်လို့ လိမ်ရုပ်ဖော်သည်၊ လိမ်နှုတ်တော်စွဲသည့်နှလုံး။လိမ်ဟန်နှင့် လိမ်ဉာဏ်ဆင်၊ လိမ်စံသွင် တနှုန်း။လိမ်ပြန်လျှင် တဖုန်းက၊ လိမ်အသုံးခက်အောင်၊လိမ်သလေ လိမ်နေကျ၊ လိမ်မေက ဝမ်း နံပါတ်ဆောင်။လိမ်လွန်းလှ လိမ်ကွန်းဆောင်မှာ၊ လိမ် မွှန်းရောင်ချိန်သစ်လို့၊ကလိမ်ပြစ်အမျိုးဝင်၊ တိုးလို့လိမ်ချင်။ကြိုးလိမ်ရစ် ဆံထိုးခင်ရယ်၊ တစ်မျိုးပင် လိမ်အုံးကွဲ့လေး။    ။ဦးပုည၏ 'အလိမ်ဖွဲ့'တေးထပ်သည် လိမ်တတ်သူတို့မှာ လိမ်လက်စနှင့် အမျိုးမျိုး လိမ်တတ်ပုံ ရှင်းလွန်းလှပါသည်။ဦးပုညသည် ရှင်ပြုနားထွင်းဖိတ်စာ၊ သာသနာလျှောက်စာတို့မှအစ သဒ္ဒါကျမ်း၊ ဗေဒင်ဟောကိန်း၊ မော်ကွန်းများ၊ တေးထပ်၊ ပြဇာတ်၊ မေတ္တာစာများ၊ ဒုံးချင်းများ၊ ဝတ္ထုများ စသည်ဖြင့် ရေးသား ဖွဲ့ဆိုမှုအရေအတွက် အမျိုးအမည်လည်း များပြားသည်ဟုဆိုသည်။ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းနှစ်က မြန်မာစာတွင် 'ဦးပုညဝတ္ထုလေးပုဒ်' ကို သင်ယူခဲ့ရ၊ ဖတ်ရှုခဲ့ကြရသည်။ လူကို သဒ္ဓါထက်သန်စေသည့် ဝတ္ထု၊ လူ့ဘဝဆင်းရဲနုံချာသော်လည်း မေတ္တာကြောင့် ချမ်းမြေ့အေးချမ်းရသည့် ဝတ္ထု၊ လူ့ဘ၀ အဖြစ်သနစ်တို့တွင် ကိုယ်ပြုသည့် ကောင်းမှုကံက ကိုယ့်ကို ကောင်းကျိုးရစေကြောင်း ဝတ္ထုများ ဖြစ်ကြပြီး ဦးပုညကြောင့် မြန်မာစာကို ချစ်ရသည့်အချက်ရှိခဲ့ပါသည်။ ကျောင်းသားများ အကြိုက်နှစ်သက်ဆုံးကား ဆဒ္ဒန်ဆင်မင်းဝတ္ထုပင်။ သူအိုမကြီးဝတ္ထု၊ ယုန်မင်းဝတ္ထု၊ ကာကဝလိ ယဝတ္ထုတို့ ကောင်းပုံမှာလည်း တစ်မျိုးတစ်ဖုံ တစ်နည်းစီ ဖြစ်ပါသည်။ဦးပုည၏အတ္ထုပ္ပတ္တိဘ၀ ဦးပုည၏ စာကဗျာများ အချို့တို့ကို ပြန်ဖတ်မိခိုက်၊ ဆဒ္ဒန်ဆင်မင်း ဝတ္ထုကို တစ်ဖက်တွင် သူ့အလုပ်ကိုလည်း လုပ်နေသည့် ဇနီးသည်ကိုပါ ကြားနာမိရအောင် အသံကျယ်ကျယ်ဖြင့် ဖတ်မိခဲ့ပါသေးသည်။လောကီစည်းစိမ်ကို မညှီမနံ မရွံမရှာနိုင်ကြအောင် ကောင်းလှသည်ဟု ခံစားနေကြပါလျှင် အဖောက်ဖောက်အပြန်ပြန် အဖန်ဖန်အခါခါ နာလိုက်လား သေလိုက်လား၊ ချားရဟတ်ပုံပမာ ငုပ်တုံပေါ်ပြန် ဒုက္ခကြီးဝဲတွင် ဆန်ကြရမည်မို့ ကုသိုလ်ကမ္မပထ ပြုကြပြီး ဆုတောင်းမှန်ကြဖို့၊ ဝဋ်မှဆန်တက်သည့် ဆုကိုသာ တောင်းကြဖို့ ဦးပုညက အဟောကောင်း အပြောကောင်းဖြင့် တရားဟောထားခဲ့ပါသည်။ အလောင်းတော်ကြီး၏အဖြစ်သနစ်မှာ လူ့သဘာ၀ အဖြစ်သနစ်တို့အတိုင်း ပါပင်။ဆရာအခေါ်ခဲ့သည့် ဦးဆန်းဆိုသူက ဦးပုညသည် မင်းပါးစိုးခွင်သို့ ဝင်ထွက်ရရလေအောင် ကြိုးစားကြံဆောင်သော်လည်း မဝင်နိုင်ရသဖြင့် စိတ်အလိုမကျ ဖြစ်သည်ဟု ရေးသည့်အခါ စလေဆရာက 'ပန်ပေးမေတ္တာစာ' ဖြင့် ပြန်တွယ်လိုက်ပေသည်။“ငါ့စရိုက် ငါ့အကြံ၊ မာနကခံရာမှာ၊ ဥဒ္ဓံယာ၀ ဘဝဂ္ဂါစ၊ဘယ်ကလောက် ဆင်းရဲတော့၊ တစ်ပဲမျှ ဝန်မချဘူး၊ မင်းစစိုးစ၊မမမောင်မောင်၊ ထိပ်ခေါင်တင်မဘုရား၊ ထားထားတင်ထင်၊ခင်လေးခင်ပု၊ စုစုစွာစွာ၊ မျက်နှာများ ဂုဏ်လိုက်၍၊အကြိုက်ကိုပြောကြသည်၊ ဝေါဟာရ သတ္တဝါကို၊ဗြဟ္မာနှင့် ကမျဉ်းနီကဲ့သို့ တန္တီစံမျှ၊ ဒဋီ ကမ္မ၊ဥပမော ဥပမေယျ၊ ဆရာ့သဘော ငါ့ မနော၌၊ ချောချောကြီးကျသောကြောင့်ကယ်မပါ ကြည့်ရှုပါ ပြုစုပါ ထောက်ပံ့ပါ၊ မွဲ့သွေ့သွေ့မျက်နှာနှင့်ကိုယ်ချမ်းသာရကြောင်း၊ ငယ်ငေါင်း စုတ်ပဲ့၊ နုန့်နဲ့သည့်စကားများကိုမေ့မှားလို့ဆိုမိလျှင် လျှာတိုအောင် ရိတ်ချင်၏။”မင်းစိုးတို့၏ နန်းတွင်းတွင် ဤကဲ့သို့နှယ် အကြိုက်လိုက်ပြော ဖော်လံဖားပြီး ကယ်မပါ၊ ကြည့်ရှုထောက်ပံ့ပါဟု စုတ်ပဲ့သော စကားများဆိုမိလျှင် သူ့လျှာကို သူရိတ်ပစ်လိုက်ချင်မှာ ဖြစ်၏ဟု ဆိုသည်။ ဤလောကတွင် ဦးပုညမဖြစ်ချင်သော လူစားမျိုးကား အများပင်ရှိ ကြသည်လည်း ပြက်ပြက်ထင်ထင်ဟု ဆိုနိုင်ပါလိမ့်မည်။ထိုမေတ္တာစာ တစ်စောင်လုံး ဖတ်မိလျှင် တစ်တစ်ခွခွနှင့် ထိမိလှသည်ကို ခံစားကြရပါလိမ့်မည်။ ထိသွားပြီ ဟုတ်လှသည်ဟု ဆိုချင်သည်မဟုတ်၊ သတိဝင်ကြဖွယ်ကို ဖတ်ရသိရခြင်း ဖြစ်ပါသည်။ကမ္ဘာပျက်ခါနီးမှ လူ့ဘဝရသော ယောကျ်ားလို မင်းပါးစိုးခွင်ဝင်ရဖို့ ဝိတက်ရမ္မက်မရှိ၊ ဝေးပါ၏ဟုဆိုသည်။ အတိတ်တွင် မင်းက မျက်ဖူးခဲ့သည်ကိုပင် ညှာတာပေးဖို့ ချော့ခဲ့ဖူးသည်မဟုတ်ဟုဆိုသည်။ ကိုယ့်ဇာတာ မသန့်ခိုက်မို့ ဗန်းမော်ဆရာတော်ကြီးအား ထီးရိပ်ပြုနေခဲ့သည်။ ဦးဆန်း၏စာမှာ ကဗျာဂုဏ် မောက်သော်လည်း အနက်မမှန် မဆိုတန် ဆိုချေသည်။ ဝိရောဓ ဒေါသရောက်သည်။ ထို့ကြောင့် နတ်သုဓာထမင်းပွဲ၌ မစင်တစ်ပဲသား ရောဝင်သလို ဖြစ်တော့သည်။ နတ်သုဓာ မွှေးချင်သလောက် မွှေးသော်လည်း ရေအိမ်နံ့က နွယ်ခဲ့ပြီဟုပင် ဆိုသည်။စကားပြောကောင်းလျှင် သဒ္ဓါဟောင်းကဲမိုး သဒ္ဓါသစ်လည်း တိုးသည်။ စကားပြော မပြေပြစ်လျှင်တော့ သဒ္ဓါဟောင်းပင် ပျောက်ရာသည်။ စကားတတ် တရားတတ် ပရမတ် သင်္ကေတ ကျေပွန်သည့် (ကာလုဒါယီအမတ်) မထေရ်မြတ်ကြောင့် ဆွေတော်မျိုးတော် အပေါင်းသည် ဘုရားရှင်၏ကျေးဇူးကို ဖယောင်းနှယ် ပျော့ပျောင်းခဲ့ရလေပြီ။ အခုတော့ ဒကာဦးဆန်းက ရန်ပုံခွင်းစာကို သွင်းပါကလား...။'မင်းခစား မင်းမှုဆောင်၊ မင်းမြှောင် မင်းကပ်၊ရှင်လျှင်ရှင်မွှေ၊ ပေသာပေ တူသာတူ၊ဘိက္ခူကြီးပဂေး၊ ဝိနည်းမှာဝေးစွ၊ရှေးအတီတေ၊ ပုဂံမြေတွင် ဆံကေသာ လက်လေးသစ်၊မုတ်ဆိတ်မွှေး ဗလဗျစ်၊ မဲနှစ်သည့် စီဝရံ နှင့်၊တာတေလံ အကျင့်ဆိုးသော၊ ရှင်သိုးတကာ့ ထိပ်ခေါင်ကြီး၊ရှင်မထီးတို့ကဲ့သို့...”အရည်းကြီးတို့လိုပင် ဒကာကြီးက ယီးတီးယားတား စကားဆိုသည့်အတွက် လူအများပင် ပျက်စီးနိုင်သော စာပူကြီးပါပေဟု ဆိုလေသည်။ “ဖန်ကလပ်အေးတဲ့ သပြေဖူး ငုံစ၊ ပြန်ကလဟပ်ရေးတဲ့ စလေဦးပုည”ပါတည်း။
စာဆိုတော်ကြီး စလေဦးပုည၏ အတ္ထု ပ္ပတ္တိ ဖြစ်စဉ်ဘဝနှင့် စာအချိုးကို ယခုနှယ် နှစ်ခြိုက်စွာပြန်ဖတ်မိခိုက် ဆရာကြီးဆန်းထွန်း(မန်းတက္ကသိုလ်) ၏ စကားစုကို သတိရမိပြန်ပါသည်။ကြာမြင့်လှပါပြီ။ 'ကလျာမဂ္ဂဇင်း'ပါ ဆရာကြီး၏စာတစ်ပုဒ်၌ ဖတ်ဖူးခဲ့မိသည်ထင် ပါ၏။ ထိုစာမှအကြောင်းအရာတို့ကိုလည်း မမှတ်မိတော့၊ မှတ်မိနေသည်ကား ထိုစကားစုကိုသာပင်။'လူစွာလုပ်တာ လူချာက မကြိုက်၊လူချာလုပ်တာ လူစွာက မကြိုက်'ဟူပါ၏။ဆရာကြီး၏ ဆိုလိုရင်းကို ကျွန်တော် နားလည်သည်မှာ 'လူစွာ' ဆိုသည်မှာ 'လူတော်' ကိုဆိုပါသည်။ လူတော်က လုပ်သည်ကို လူချာက နားမလည်ဖြစ်၍ မည်သို့ကြိုက်နိုင်ပါမည်နည်း။အပြန်အလှန်ကတော့ ခပ်ချာချာလူတွေ လုပ်သည်ကို လူတော် (လူစွာ)ကလည်း မည်သို့ကြိုက်နိုင်ပါမည်နည်း။
ထိုစဉ်ကာလက အာဏာရှင်ကြီးက လူ တော်လူကောင်းဟု ရှိပါခဲ့လျက်ကို လူကောင်းလူတော်ဟု ဆိုစေ သုံးစေခဲ့သည် မဟုတ်ပါ လား။

Most Read

Most Recent