Paper Cut Art အနုပညာသည် ဘီစီ ၆ ရာစုခန့်တွင် တရုတ်ပြည်၌ စတင်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ဘီစီ ၈ ရာစုနှင့် ၉ ရာစုနှစ်များတွင် အရှေ့အာရှနှင့် တူရကီနိုင်ငံများအထိ ရောက်ရှိပျံ့နှံ့ခဲ့ပြီး ဘီစီ ၁၆ ရာစုခန့်တွင် အရှေ့အလယ်ပိုင်းနိုင်ငံများအထိ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် Paper Cut Art အနုပညာကို တွင်ကျယ်စွာ ဖန်တီးနေသည့်နိုင်ငံမှာ ဂျပန်နိုင်ငံဖြစ်ပြီး Paper Cut Art အနုပညာကို အလှဆင်သည့် ပစ္စည်းအဖြစ်သာမက အနုပညာ ဖန်တီးမှုလက်ရာများအဖြစ်ပါ ဖန်တီးပြုလုပ်လာကြကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ပထမဆုံး Paper Cut Art အနုပညာဖြင့်ဖန်တီးထားသည့် ပန်းချီပြပွဲတစ်ပွဲ ထွက်ပေါ်လာခဲ့သည်။ အဆိုပါပန်းချီပြပွဲတွင် Paper Cut Art အနုပညာရှင် ကိုထွေးအောင်လွင်က Paper Cut Art အကြောင်းကို မိတ်ဆက်ပြသခဲ့သည်။ ထို့နောက် Paper Cut Art ပန်းချီကားများကို အဆက်မပြတ်ဖန်တီးရင်း ယခု ၂၀၁၆ ခုနှစ် မတ် ၁ ရက်မှ ၃ ရက်တွင်လည်း ဒုတိယမြောက် Paper Cut Art ပြပွဲကိုထပ်မံပြသခဲ့ပြန်သည်။ စွန့်ဦးတီထွင်တို့၏ ထုံးစံအတိုင်း အခက်အခဲများ၊ အတားအဆီးများ၊ စိန်ခေါ်မှုများစွာ ဖြတ်သန်းခဲ့ပြီးဖြစ်သည့် Paper Cut Art အနုပညာရှင် ကိုထွေးအောင်လွင်နှင့် တွေ့ဆုံပြီး Paper Cut Art အနုပညာနှင့် ပတ်သက်သည့်အကြောင်းအရာများ၊ ဖြတ်သန်းမှုများအကြောင်းကို မေးမြန်းခဲ့ပါသည်။
မေး။ ။ ပြုလုပ်ပြီးစီးခဲ့တဲ့ ဒုတိယမြောက် တစ်ကိုယ်တော်ပြပွဲမှာ ရရှိခဲ့တဲ့ ခံစားမှုလေးအကြောင်း ပြောပေးပါဦး။ဖြေ။ ။ ပြောရရင်တော့ အရမ်းဝမ်းသာပါတယ်။ Paper Cut Art ကို လူတွေ ပိုသိလာတာ၊ ပိုအားပေးလာတာကို တွေ့ရတယ်။ ပီတိဖြစ်ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ Paper Cut Art ကို အတိုင်းအတာတစ်ခုအထိ လူတွေသိလာတာကို ပြတာပါပဲ။မေး။ ။ ပြပွဲရက်အတွင်း လုပ်ပေးခဲ့တဲ့ Workshop နဲ့ပတ်သက်ပြီး ပြောပြပေးပါဦး။ဖြေ။ ။ ကျွန်တော့်ရည်ရွယ်ချက်က ပထမပွဲပြီးကတည်းက ဆုံးဖြတ်ထားတာက နောက်တစ်ခါ ကျွန်တော်ပြပွဲလုပ်ရင် ကျွန်တော့်လက်ရာတွေ ပြတာအပြင် ဒီပညာကို ပြန်လည် မျှဝေချင်တာကြောင့် ပြပွဲနဲ့အတူ အလုပ်ရုံဆွေးနွေးပွဲလေးတစ်ခုလုပ်ဖို့ ရည်ရွယ်ထားတယ်။ အခု ဒုတိယမြောက်ပွဲမှာ Workshop လုပ်ဖြစ်တယ်။ ဝါသနာရှင်တော်တော်များများ လာတာကိုတွေ့ရတော့ အရမ်းဝမ်းသာတယ်။ အခုလိုမျိုး Paper Cut Art ကို စိတ်ဝင်စားတာတွေ့ရတော့ အားရှိပါတယ်။ ဒီ Workshop မှာ Paper Cut Art ဆိုတာ ဘာလဲ။ Paper တွေကို ဘယ်လိုဖြတ်ရတယ်ဆိုတာ လက်တွေ့လုပ်ခိုင်းတယ်။ အခက်အခဲတွေ ဘယ်လိုရှိတယ်ဆိုတာမျိုးကို ပြောပြခဲ့တယ်။
မေး။ ။ ပထမဆုံး၂၀၁၄ ခုနှစ်တုန်းကလုပ်ဖြစ်ခဲ့တဲ့ ပြပွဲနဲ့ အခုလုပ်ခဲ့တဲ့ပြပွဲမှာ ဘယ်လိုတိုးတက်ပြောင်းလဲမှုတွေ ရှိလာတယ်လို့ မြင်မိလဲ။ဖြေ။ ။ ကျွန်တော်က အမြဲတမ်း ကိုယ့်လက်ရာတွေကို ဆန်းသစ်နေတယ်။ ဘယ်လို အပြောင်းအလဲ လုပ်ရမလဲဆိုတာ အမြဲစဉ်းစားပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနဲ့မတူတဲ့ ပန်းချီကားသစ်တွေ ပြဖြစ်ခဲ့တယ်။မေး။ ။ နိုင်ငံတကာမှာလည်း Paper Cut Art အနုပညာနဲ့ ဖန်တီးတာတွေရှိတော့ အခု အစ်ကိုဖန်တီးနေတဲ့ Paper Cut Art နဲ့ ဘာတွေကွာခြားမှုရှိလဲရှင့်။ဖြေ။ ။ Paper Cut Art ကို စတင်ခဲ့တာက တရုတ်ပြည်ပေါ့။ ဒါပေမဲ့ တရုတ်မှာက အခုနောက်ပိုင်း Paper Cut Art ကို အနုပညာမြောက် ဖန်တီးတာ နည်းလာတယ်။ သူတို့က အလှဆင်ဖို့၊ နှစ်ကူးတွေမှာ ချိတ်ဖို့အတွက်လောက်ပဲ သမားရိုးကျတွေပဲ ဖန်တီးကြတာများတယ်။ Paper Cut Art လုပ်တဲ့အထဲမှာမှ အခုကျွန်တော်လုပ်နေတဲ့ Layer အထပ်ထပ်ပြီး ဖန်တီးတဲ့ Paper Cut Art ကတော့ လုပ်တာ တော်တော်နည်းပါတယ်။ Layer ထပ်တာက စကေးတွေ၊ Method တွေ နည်းနည်းမှ လွဲလို့မရဘဲ လိုချင်တဲ့အရောင်ကအစ Layer ထပ်ပြီး ဖန်တီးရတာပါ။ ကျွန်တော့် ပန်းချီကားတချို့မှာLayer ကို ရှစ်လွှာအထိ ထပ်ပြီး ဖန်တီးခဲ့ဖူးတယ်။
မေး။ ။ ပန်းချီကားတစ်ကားဖန်တီးဖို့အတွက် အ ကြောင်းအရာရွေးချယ်တဲ့အခါ ဘယ်အရာက ဆွဲဆောင် မှုဖြစ်ပြီးဖန်တီးဖြစ်ခဲ့တာလဲ။ဖြေ။ ။ အဓိက,က ခံစားမှုပါပဲ။ ပထမဆုံး မြင်လိုက်ရတဲ့ ခဏမှာ ရင်ထဲရောက်သွားတဲ့ ခံစားမှုဆိုရင် အဲဒီခံစားမှုအတိုင်းရဖို့ ကျွန်တော် ဖန်တီးတယ်။ ပန်းချီနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ ဆရာဝင်းဖေမြင့်က သဘာဝကို ချစ်တတ်ဖို့ သင်ပေးတော့ သဘာဝနဲ့ နီးစပ်တဲ့ ကားလေးတွေ ဖန်တီးရတာ သဘောကျတယ်။ နောက်ပိုင်းမှာတော့ တခြား Subject ပိုင်းတွေကိုပါ ဖန်တီးမှာပါ။မေး။ ။ Paper Cut Art နဲ့ ပတ်သက်လာရင် မြန်မာနိုင်ငံမှာ ကိုယ်က ပထမဆုံးလို ဖြစ်နေတော့ တွေ့ကြုံရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။ဖြေ။ ။ Paper Cut Art ကို ကျွန်တော်စပြီး စိတ်ဝင်စားတဲ့အချိန်မှာ အင်တာနက်ကနေ စပြီးလေ့လာခဲ့ပါတယ်။ Paper Cut Art တဲ့စက္ကူ၊ဓားတွေကို နိုင်ငံခြားကနေ မှာရတယ်။ အခုထိ ဒီမှာပစ္စည်းတွေ မရှိသေးဘူး။ နောက်ပြီး ကိုယ်က စလုပ်တဲ့သူ ဖြစ်နေတော့ တစ်ခုခုအခက်အခဲရှိရင် တိုင်ပင်စရာမရှိဘူး။ ကိုယ့်ဘာကိုယ်စဉ်းစား၊ စမ်းသပ်ပြီး လုပ်ကြည့်၊ ဖြစ်လာတာရှိရင် ဝမ်းသာရသလို ဖြစ်မလာတာရှိရင်လည်း စိတ်ညစ်ရတာပေါ့။ အချိန်ပေးပြီး လုပ်ထားသမျှ အားလုံး ပျက်စီးခဲ့တာတွေ ရှိတယ်။မေး။ ။ Paper Cut Art နဲ့ ပတ်သက်ရင် အနာဂတ်မှာ ဘာတွေလုပ်ဖို့စီစဉ်ထားသလဲ။ဖြေ။ ။ ကျွန်တော့်လက်ရာတွေကို ပြည်ပမှာ သွားပြဖို့ရှိတယ်။ နောက်ပြီး Paper Cut Art နဲ့ ပတ်သက်တဲ့ Workshop ကို အချိန်လေးပေးပြီး အခြေခံကစပြီး ပရော်ဖက်ရှင်နယ် ကျတဲ့အထိ ပညာ မျှေ၀ သင်ကြားပေးချင်တယ်။ အဲဒီအတွက်လည်း ထပ်စီစဉ်ပေးသွားမှာပါ။