ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ် အမှတ် (၆) သကြားစက်မှ သိမ်းယူထားသည့် ကုန်းကြီးကျေးရွာ အုပ်စုရှိ လယ်မြေများအား မြေသိမ်းခံဓားမဦးချ တောင်သူများနှင့် ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဌာန (စက်မှုသီးနှံ)တို့ လယ်မြေလုပ်ပိုင်ခွင့် အပြိုင် လျှောက်ထားရာတွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဝင် ငါးဦး၏ ဆုံးဖြတ်ချက်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာန (စက်မှုသီးနှံ) အား လယ်ယာမြေ လုပ်ပိုင်ခွင့် ထောက်ခံချက်ပေးခဲ့ကြောင်း သိရသည်။အဆိုပါ ထောက်ခံချက်အား ဖေဖော်ဝါ ရီ ၂၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး၊ ထုတ်ပြန်စာတွင် ရေတာရှည်မြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ဒေသခံတောင်သူ ၂၀၇ ဦးနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေးစီးဌာန (ရေတာရှည်မြို့နယ်) တို့ လယ်ယာမြေ လုပ်ပိုင်ခွင့် အပြိုင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကုန်းကြီးကျေးရွာ အုပ်စုကွင်း အမှတ် ၆၄၀-က၊ ဦးပိုင်ပေါင်း ၂၃ ဦးပိုင်၊ မြေဧရိယာ ၅၀၂ ဧကနှင့် ကွင်းအမှတ် ၆၄၀-ခ၊ ဦးပိုင်ပေါင်း တစ်ခု၊ မြေဧရိယာ ၅၄၉ ဒသမ ၉၈ ဧကရှိ လယ်မြေကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှု၏ အစည်းအဝေး အမှတ်စဉ် ၆/၂၀၁၆ အရ လယ်မြေကို အယူခံသူ စိုက်ပျိုးရေး ဦးစီးဌာန (စက်မှုသီးနှံ) ရေတာရှည်မှ လယ်မြေလုပ်ပိုင်ခွင့် လျှောက်ထားခြင်းအား ထောက်ခံကြောင်း ရေတာရှည် မြို့နယ်လယ်/စီ အဖွဲ့မှ အဖွဲ့ဝင် ငါးဦး၏ လက်မှတ်ထိုးဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။“ပထမသိမ်းတာက အမှတ် (၆) သကြားစက်၊ သိမ်းပြီးပြဿနာတွေ တက်လာတော့မှ သကြားစက် လုပ်နေတဲ့ ကုမ္ပဏီကနေပြီး စက်မှုသီးနှံဘက်ကို ပြောင်းပေးလိုက်တာ၊ သူတို့ပြောတဲ့ ကွင်းအမှတ် ၆၄၀-(က) တို့ (ခ) တို့ဆိုတာတွေက အခုမှ ဖြစ်လာတာ၊ အမှန်က ကွင်းအမှတ် ၁၊ ၂၊ ၃၊ ၄၊ ၅ အဲဒီလိုပဲရှိတာ၊ အဲဒါကို သူတို့ဘာသာ သူတို့ကွင်းဆင်း ပလိုက်တယ်။ ဦးပိုင်အမှတ်တွေ ကောက်တပ်လိုက်တယ်။ ပိုင်ဆိုင်ကြောင်း မပြနိုင်တဲ့ သကြားစက်က သူတို့ပိုင်ဆိုင်တယ် ဆိုတာကို မပြနိုင်ဘူး။ လယ်သမားတွေက ဟိုတုန်းကတည်းက ကြံချတာတို့ စပါးဒိုင်ချတာတို့ အဲလိုတွေ ရှိတယ်။ စာရွက်စာတမ်းပြေစာ အထောက်အထားတွေ ရှိတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန် ပြောထားတဲ့ ဥပဒေအရဆိုရင် လယ်သမားတွေက ပြန်ကိုရရမှာ၊ ဓားမဦးချတွေကို ပြန်ပေးရမယ့် လယ်တွေ၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ အဖွဲ့ဝင် ငါးဦးက ပယ်ဖျက်ပါသည်တဲ့ အဲဒီလို ပယ်ဖျက်တော့ ဘာကြောင့်၊ ဘာ့အတွက် ပယ်ဖျက်တယ် ဆိုတာကို မဖော်ပြဘူး။ မပြဘဲနဲ့ စက်မှုသီးနှံကိုပဲ ထောက်ခံပေးတဲ့ အကြောင်း စာထုတ်ပြန်တယ်။ အယူခံဝင်မယ်ဆိုလည်း ရက်ပေါင်း ၃၀ အတွင်း အယူခံဝင်ဖို့ပေါ့၊ အယူခံလည်း ဝင်သွားမှာပါ” ဟု မြေသိမ်းခံ တောင်သူများ၏ မြေယာပြဿနာများအား ကူညီဆောင်ရွက်ပေးနေသူ ကိုချစ်ထွေးက ပြောကြားသည်။အမှတ် (၆) သကြားစက်သည်ရေတာ ရှည်မြို့နယ် ဒိုးတန်း၊ ဆွာမင်းလမ်းကုန်းကြီး၊ သပြေတန်း ကျေးရွာအုပ်စုမှ ကွင်း ၁၊ ၂၊ ၃၊ ၄၊ ၅ ရှိ လယ်မြေဧက ၂၂၀၀ ဝန်းကျင်ခန့်အား ၁၉၉၃ ခုနှစ်ခန့်က စတင်သိမ်းယူခဲ့ပြီး၊ ၎င်းမှ သီးထောက်ချ လုပ်ကိုင်ခွင့်ပေးထားသူများက မြေသိမ်းခံတောင်သူ ၁၀၀ ကျော်ခန့်အား ပုဒ်မ ၄၄၇၊ ၄၂၇၊ ၃၇၉၊ ၅၀၆၊ ၂၉၄ တို့ ဖြင့် တရားစွဲဆိုခဲ့ရာ တောင်သူအချို့ ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရသည်။“မြေသိမ်းခံ တောင်သူဘက်က ကြည့်မယ်ဆိုရင် သူတို့ရဲ့ နစ်နာမှု၊ တွေက အရမ်းများနေတယ်။ အောက်ခြေက ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ ဘက်လိုက်မှုတွေ အဂတိလိုက်စားမှုတွေ ရှိနေတဲ့အတွက် ဓားမဦးချ တောင်သူလယ်သမားတွေဟာ သူတို့လယ်တွေကို သူတို့ ပြန်မရကြဘူး၊ မြေယာပြဿနာ အမှုအခင်းတွေ ဖြစ်နေရတယ်။ မြေလည်း အသိမ်းခံရတယ်။ ပိုင်နက်ကျူးလွန်မှု ပုဒ်မတွေနဲ့လည်း တရားစွဲခံထားရတယ်” ဟု ကိုချစ်ထွေးက ဆက်လက်ပြောကြားသည်။ရေတာရှည်မြို့နယ်တွင် စစ်တပ်၊ ကုမ္ပဏီ၊ စက္ကူစက်၊ သကြားစက်နှင့် အမြန်လမ်း ဖောက်လုပ်စဉ် သိမ်းဆည်းခံခဲ့ရသည့် မြေဧက ၁၁၀၀၀ ကျော် ရှိခဲ့ပြီး စစ်တပ်နှင့် ဆောက်လုပ်ရေး လုပ်ငန်းဌာနတို့မှ သိမ်းယူထားသည့် မြေအချို့အား ပြန်လည် စွန့်လွှတ်ပေးခဲ့သော်လည်း လယ်ယာမြေပြဿနာကြောင့် ဓားမဦးချ တောင်သူများနှင့် သီးစားချတောင်သူများ အကြား ခိုက်ရန်ဖြစ်ပွားမှုများ တရားရင်ဆိုင်နေရခြင်းများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ် အမှတ် (၆) သကြားစက်မှ သိမ်းယူထားသည့် လယ်မြေများကို မြေသိမ်းခံ တောင်သူများနှင့် စိုက်ပျိုးရေးဌာနတို့ လယ်ယာမြေ လုပ်ပိုင်ခွင့်အပြိုင် လျှောက်ထားရာတွင် စိုက်ပျိုးရေးဌာနအား ထောက်ခံချက်ပေး









