မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ

မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရမိ
Published 5 March 2016
အောင်ကျော်ထက်

မရမ်းကုန်းမြို့နယ် မုဒိတာ အိမ်ရာဝင်းအတွင်း နေအိမ်တစ်အိမ်မှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်ဦးအား မတ် ၃ ရက်ည ၁၀ နာရီက ဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် မုဒိတာ အိမ်ရာဝင်းအတွင်း ဗဟိုလမ်း စီ/၂၀၈ ဆောင်ရှိ ပထမ တိုက်ခန်းတွင် နေထိုင်ကြသည့်သူများမှာ မော်တော်ယာဉ် နှစ်စီးဖြင့် ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါးများ လှည့်လည်ရောင်းချနေကြောင်း သတင်းရသောကြောင့် ရဲတပ်ဖွဲ့က ယင်းနေအိမ်သို့ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ စစ်ဆေးရာမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၄၀၀၀၀ ခန့်၊ ဘိန်းမည်းဟု ယူဆရသည့် အမည်းရောင် အစေးအခဲ ၅၂ ဂရမ်ခန့်၊ ICE ဟုယူဆရသည့် အဖြူရောင် ပုံဆောင်ခဲ ၄၄ ဂရမ်ခန့်နှင့် ကျပ်သိန်း ၁၀၀ တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့ပြင် ယာဉ်အမှတ် 6K/6666 ဟုရေးသား တပ်ဆင်ထားသော Land Cruiser အနက်ရောင် (ပိုင်) မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်အမှတ် 4K/4444 ဟုရေးသားတပ်ဆင်ထားသော Range Rover အဖြူရောင် (ပိုင်) မော်တော်ယာဉ် တစ်စီးကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့မှာ ကချင်ပြည်နယ် ပူတာအိုနှင့် တနင်္သာရီတိုင်း မြိတ်၊ ကော့သောင်းတို့တွင် နေထိုင်ကြသူများဟု ကနဦး စစ်ဆေးချက်များအရ သိရသည်။“ဒီမှာနေကြတဲ့သူတွေတော့ မဟုတ်ဘူး။ နယ်ကနေ ဒီမှာလာလုပ်နေကြတဲ့သူတွေ။ နာမည်တွေကိုတော့ ပြောပြလို့ မရသေးဘူး။ အမျိုးသားတွေကတော့ ၂၄ နှစ်နဲ့ ၄၂ နှစ်ဝန်းကျင်ကြားတွေ။ ကောင်မလေးကတော့ ၁၉ နှစ်ပဲရှိသေးတယ်။ အိမ်ရာဝင်း အတွင်းမှာ နေထိုင်တဲ့သူတွေက  မသင်္ကာလို့ သတင်းပေးရာကနေ ဝင်ရောက်စစ်ဆေးရာကနေ ဖမ်းဆီးမိတာပါ။ ကာလပေါက်ဈေးအရ ဆိုရင်တော့ ငွေကျပ်သိန်း သုံးသောင်းကျော်ဖိုးလောက် ရှိမယ်။ လောလောဆယ်ကတော့ စစ်ဆေးနေဆဲ ဖြစ်တာကြောင့် အသေးစိတ်တော့ ပြောလို့မရသေးဘူး” ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ထို့ပြင် သိမ်းဆည်းရမိထားသည့် မော်တော်ယာဉ်နှစ်စီးမှာ လိုင်စင်အမှန်တကယ် (ရှိ/မရှိ) စုံစမ်းနေကြောင်း သိရသည်။ထို့အတူ မတ် ၂ ရက်ကလည်း တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်တစ်အိမ်မှ ကျပ်သိန်း ၈၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည်။

Most Read

Most Recent