"Mobile Money ရဲ့ သော့ချက်က Distribution ပါပဲ။နေရာတိုင်းမှာရှိနေရင် ပိုအောင်မြင်မှာပဲ"မကြာမီကာလအတွင်း ပြည်တွင်း၌ Regulation ဝန်ဆောင်မှုများကို စတင်သုံးစွဲနိုင်ရန် ပြင်ဆင်မှုများရှိနေပြီး ဗဟိုဘဏ်မှ သက်ဆိုင်ရာဥပဒေများ ထုတ်ပြန်ပြီးပါက ဝန်ဆောင်မှု စတင်မည်ဖြစ်သည်။ ယခင်က မိုဘိုင်းဖုန်း ကိုင်ဆောင်ရန် မလွယ်ကူသော အခြေအနေများကြောင့် ပြည်တွင်းရှိ သုံးစွဲသူများအနေဖြင့် မိုဘိုင်းဖုန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့်လည်း ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ အလှမ်းဝေးခဲ့ရသည်။ အော်ပရေတာသုံးခု အပြိုင်လုပ်ကိုင်ခဲ့ကြသော တစ်နှစ်တာကာလအတွင်း မိုဘိုင်းဖုန်း ပိုင်ဆိုင်မှုရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မိုဘိုင်းဖုန်းနှင့်ဆက်နွယ်သော ဝန်ဆောင်မှုအမျိုးမျိုးလည်း တိုးပွားလာသည်။ Wave Money ဝန်ဆောင်မှုများကိုပေးမည့်Wave Money မှာ တယ်လီနောနှင့် ရိုးမဘဏ်တို့ပေါင်းပြီး ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ မကြာမီစတင်တော့မည့် Wave Money ဝန်ဆောင်မှုများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းဖြစ်ခဲ့ပြီး ဖော်ပြလိုက်ရပါသည်။မေး- Wave Money ဝန်ဆောင်မှုက ဘယ်အချိန်လောက် စတင်မှာလဲ။ မြို့ရွာဘယ်နှခုလောက်မှာ ဝန်ဆောင်မှုပေးဖို့ ရှိမလဲ။ဖြေ- လက်ရှိမှာတော့ စမ်းသပ်ကာလဖြစ်ပါတယ်။ ဗဟိုဘဏ်ကနေ Regulation ထွက်လာရင်တော့ မိတ်ဆက်ပွဲလုပ်သွားမှာပါ။ မတ်လကုန်လောက်မှာ စတင်နိုင်ဖို့ မှန်းထားပါတယ်။ မြို့နယ်ပေါင်း ၃၀ ကျော်လောက်မှာ စတင်ပါမယ်။ ရှမ်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မွန်စတဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့နယ်ပေါင်း ၃၀ ကျော်ဖြစ်ပါတယ်။မေး- ဒီဝန်ဆောင်မှုမှာ ငွေလွှဲငွေပို့အပြင် အခြားထူးခြားတဲ့ ဘယ်လိုဝန်ဆောင်မှုတွေရော ပါဝင်သေးလဲ။ဖြေ- Air Time Topup လုပ်လို့ရယ်။ ဘီလ် ပေးဆောင်တာတွေ၊ အခွန်အခပေးဆောင်တာတွေရမယ်။ မလေးရှား၊ ထိုင်း၊ စင်ကာပူစတဲ့ မြန်မာအများစု လုပ်ကိုင်နေကြတဲ့နိုင်ငံတွေနဲ့ နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုတွေလည်း ရပါမယ်။မေး- စမတ်ဖုန်းကို အသုံးပြုပြီး ဈေးဝယ်တာမျိုးတွေရော နောက်ပိုင်းမှာ ရလာဖို့ရှိလား။ဖြေ- နိုင်ငံတကာမှာလည်း စစချင်းတော့ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှုတွေနဲ့ အရင်စလေ့ရှိပါတယ်။ နောက်ပိုင်းမှာ အွန်လိုင်းငွေ ပေးချေစနစ်တွေ ပါလာတာပေါ့။ စီးတီးမတ်တွေမှာ ငွေပေးချေနိုင်တဲ့ စနစ်မျိုးတွေကို တိုးချဲ့လုပ်ကိုင်သွားဖို့ရှိပါတယ်။ ဒီလိုဝန်ဆောင်မှုမျိုးတွေ ပေးနိုင်မယ့်အချိန်ကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ လတ်တလောမှာ ငွေလွှဲဝန်ဆောင်မှုကိုပဲ အာရုံပိုစိုက်ပါတယ်။ လက်ရှိအနေအထားအရလည်း ငွေနဲ့ ပေးချေတာကိုပဲ အားသန်ကြသေးတယ်။ အချိန်မရောက်သေးဘူးလို့ ထင်ပါတယ်။ တစ်ချိန်ချိန်ကျရင်တော့ Digital Money တွေ ခေတ်စားလာနိုင်ပါတယ်။
မေး- ငွေလွှဲခတွေက အရမ်းများနေတယ်။ ဒါဟာကျေးလက်ဒေသနေ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမလား။ဖြေ- ဝန်ဆောင်မှု စမ်းသပ်ကာလမှာ ဈေးနှုန်းကိုလည်း Test လုပ်နေပါတယ်။Launch လုပ်ချိန်မှာ ဈေးနှုန်းပြောင်း၊ မပြောင်းဆိုတာက အဲဒီအချိန်ကျမှပဲ သိမှာပါ။ ဒီဝန်ဆောင်မှုမှာ ဘဏ်မရှိတဲ့ နေရာတွေအတွက် ဦးစားပေးထားတယ်။ နောက်ပိုင်းကျရင်တော့ ဘဏ်ရှိတဲ့နေရာတွေကိုပါ ရည်ရွယ်ထားတယ်။ ရုံးချိန်ပြင်ပအချိန်တွေ၊ ပိတ်ရက်တွေ၊ ဘဏ်မရှိတဲ့နေရာတွေမှာ အဆင်ပြေစေဖို့ ဒီဝန်ဆောင်မှုကို ရည်ရွယ်ထားတယ်။
မေး- ခွင့်ပြုချက်ရရင် Mobile Money ဝန်ဆောင်မှုပေးမယ့် ကုမ္ပဏီတွေ အတော်များများရှိနေတာတွေ့ ရတယ်။ ဈေးကွက်ပြိုင်ဆိုင်မှုအတွက် ဘယ်လိုပြင်ဆင်ထားလဲ။ဖြေ- Mobile Money ရဲ့သော့ချက်က Distributiion ပါပဲ။ နေရာတိုင်းမှာရှိနေရင် ပိုအောင်မြင်မှာပဲ။
မေး- Wave Mone Shop တွေကို ဘယ်နှခုလောက်အထိ ဖွင့်ပေးသွားမလဲ။ ဘယ်လိုသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် ဒီဝန်ဆောင်မှုကို ပေးလို့ရမလဲ။ဖြေ- မတ် ၃၁ ရက်မှာ Wave Shop ပေါင်း ၄၀၀၀ လောက်ရှိဖို့ မှန်းထားတယ်။ တစ်သောင်း၊ နှစ်သောင်းလောက် ဆိုရင်တော့ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ Wave Shop ဖြစ်လာဖို့ အချက် သုံးချက်ကို ကြည့်မှာဖြစ်ပြီး အဲဒါတွေကတော့ တယ်လီနောနဲ့ ပတ်သက်ဆက်နွှယ်မှုရှိတဲ့ ဆိုင်ဖြစ်၊ မဖြစ်ကြည့်မယ်။ ဝင်ငွေ၊ ရောင်းရငွေနဲ့ ရောင်းအားကိုကြည့်မယ်။ ရောင်းတဲ့ ကုန်ပစ္စည်းတွေ ဘယ်လောက်စုံလဲ၊ ဘာတွေ ရောင်းလဲဆိုတာကိုကြည့်မယ်။ ဒါတွေနဲ့ ကိုက်ညီမှုရှိရင်တော့ ဖြစ်နိုင်ပါတယ်။
မေး- စမ်းသပ်ကာလမှာ သုံးစွဲသူတွေအနေနဲ့ အဆင်ပြေမှုရှိရဲ့လား။ အဓိကအခက်အခဲက ဘာတွေများဖြစ်မလဲ။ဖြေ- မန္တလေးဝန်းကျင်ဒေသမှာ တွေ့ရတာက ရုံးချိန်ပြင်ပမှာ ဒီဝန်ဆောင်မှုတွေကို သုံးချင်သူတွေ အများကြီးရှိနေတာ တွေ့ရတယ်။ ကုန်သည်တွေကလည်း ဒီဝန်ဆောင်မှုတွေကို လိုချင်ကြပါတယ်။
မေး-Wave Account ဖွင့်ဖို့အတွက်ရော ဘယ်လို သတ်မှတ်ချက်တွေရှိလဲ။ဖြေ- Wave Account ဖွင့်ဖို့အတွက် ဆင်းမ်ကတ်ဝယ်ချိန်မှာ သေချာ Register လုပ်ထားသူ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ချက်တွေရှိပါတယ်။ သုံးစွဲသူရဲ့ Profile မှန်ရမယ် စသဖြင့်ပေါ့။
မေး-ဆင်းမ်ကတ်ဝယ်တဲ့သူတွေ အတော်များများက Register ကို သေချာမလုပ်ကြတာများတယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်းပေးသွားဖို့ရှိလဲ။ဖြေ- ဆင်းမ်ကတ်ဝယ်ခဲ့တဲ့ ဆိုင်ကိုသွားပြီး ဆင်းမ်ကတ်ဝယ်ရင် ဖြည့်ရတဲ့ Form ပြန်ဖြည့်ခိုင်းမယ်။ တခြားနည်းလမ်းနဲ့ ဒါကို ဘယ်လိုမြန်အောင် လုပ်မလဲဆိုတာ နည်းပညာအရ ကြည့်နေတာ ရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တယ်လီနောနဲ့ဆွေးနွေးနေတာ၊ ပေါင်းပြီးလုပ်နေတာ ရှိတယ်။ ကိုယ်ပိုင် ဖြေရှင်းနည်းကိုလည်း ရှာဖွေနေပါတယ်။ စမ်းသပ်ကာလမှာ ဒါတွေကိုသိခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ Rule & Regulation အတိုင်းပဲ လုပ်မယ်။ စမ်းသပ်ကာလမှာ အဲဒီလို Customer တွေကိုတွေ့တယ်။ တယ်လီနောဆိုင်တွေကိုလွှတ်ပြီး Form ပြန်ဖြည့်ခိုင်းတယ်။ အဲဒီကာလမှာ ခဏရပ်ဆိုင်းထားတယ်။ ပြီးမှပြန်ဖွင့်ပေးတယ်။ Wave Account သုံးမယ်ဆိုရင်တော့ အဲဒါတွေလိုပါတယ်။Wave Shop ဝန်ဆောင်မှု ဆိုရင်တော့ မှတ်ပုံတင်ပဲလိုပြီး သုံးလို့ရတယ်။ ဘဏ်တွေမှာ ငွေသွင်းငွေထုတ် လုပ်သလိုမျိုးပါပဲ။