နယ်မှာ လေးနှစ်နီးနီး အလုပ်လုပ်ဖြစ်ခဲ့တဲ့ အချိန်မှာ ကြုံခဲ့တွေ့ခဲ့ရတဲ့ လူငယ်တွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာလေးတွေကို ဆောင်းပါး အခန်းဆက်သဘော ရေးနေခဲ့တာပါ။ နယ်ကလူငယ်တွေကို နှိမ့်ချလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ နိုင်ငံရေး အပြောင်းအလဲကြောင့် ပေါ်ပေါက်လာမယ့် အခွင့်အလမ်းတွေကို လူငယ်တွေအားလုံး အပိုင်ရယူနိုင်ကြဖို့ပဲ ရည်ရွယ်ပါတယ်။ ဆောင်းပါးခေါင်းစဉ်က ဒီလိုတပ်ထားပေမယ့် တိုက်ဆိုင်မှုရှိနေတဲ့ လူငယ်အားလုံးအတွက် အကျိုးတစ်စုံတစ်ရာ ရှိလိမ့်မယ်လို့ ယုံကြည်မိပါတယ်။■ ပြဿနာ ၄ - ရည်မှန်းချက်ကြီးကြီး မရှိခြင်းများသောအားဖြင့် လူငယ်တွေနဲ့ စကားပြောကြည့်ရင် လစာနှစ်သိန်း ရနေတဲ့သူက ဘယ်သူကတော့ဖြင့် သုံးသိန်းရနေပြီ၊ ဘယ်အဖွဲ့မှာ၊ ဘယ်ကုမ္ပဏီမှာ၊ ဘယ်လိုအလုပ်ရသွားတယ် စသဖြင့် ပြောတတ်ကြတာတွေ မကြာမကြာ ကြားမိပါတယ်။ တကယ်ဆို ဒီထက် လစာ အဆပေါင်းမြောက်မြားစွာရတဲ့ အလုပ်၊ ဒါမှမဟုတ်လည်းအဖွဲ့တစ်ခုခုရဲ့ ခေါင်းဆောင်၊ သူများကိုတောင် အလုပ်ပြန်ခန့်နိုင်တဲ့ အနေအထားမျိုး စသဖြင့် မြင့်မြင့် မှန်းကြစေချင်တယ်။သူတို့ကိုပြောရင်တော့ အဲဒါ ရောင့်ရဲတာလို့ ပြန်ဖြေကြတယ်။ တကယ်တော့ ရည်မှန်းချက်မကြီးတာ Ambitious မဖြစ်တာကို ရောင့်ရဲတာလို့ ထင်နေကြတာပါ။ အဲဒီလိုရည်မှန်းချက်မရှိတော့ ဖြစ်ချင်စိတ်နည်းတယ်။ စိတ်အားထက်သန်မှုလည်း နည်းတယ်။ ဒီလိုနဲ့ ကိုယ်မှန်းထားမြင်ထားတဲ့ အတိုင်းပဲ လစာနည်းနည်း၊ ဝင်ငွေနည်းနည်းနဲ့ ဘဝတစ်ခုကို ကုန်ဆုံးကြရတော့တယ်။ဓာတ်ပုံလေးတစ်ပုံ မြင်ဖူးတယ်။ လူတစ်ယောက်က သူအပေါ်တက်ရင် သုံးရမယ့်လှေကားကို တစ်ဖဲ့စီချိုးပြီး လတ်တaလာ အအေးဒဏ်သက်သာဖို့ မီးဖိုနေတဲ့ပုံလေးပါ။ ရေးထားတဲ့စာလေးက “သင့်ရဲ့ လတ်တလော သက်သာရာသက်သာကြောင်းအတွက် ကိုယ့်တက်လမ်းကို မဖျက်ဆီးပါနဲ့” ဆိုတာပါပဲ။ရည်မှန်းချက်မြင့်မြင့်မရှိရင်လည်း ဒီလိုဖြစ်တတ်ပါတယ်။ တန်ဖိုးရှိတဲ့အချိန်တွေ အလဟဿ ဖြုန်းပစ်တတ်တယ်။ အသုံးပြုရင် ထက်လာမယ့် ကိုယ်စွမ်းဉာဏ်စွမ်းတွေကို သံချေးအတက်ခံကြတယ်။ နောက်ပြီး နည်းနည်းလေး အခက်အခဲတွေ့လိုက်တာနဲ့ နောက်ဆုတ်သွားတတ်ကြပါတယ်။ လက်ရှိမှာ လစာတစ်ခုနဲ့ နေနေရတာကို ကျေနပ်နေမယ်၊ ကိုယ့်ရဲ့ကြိုးစားမှုတွေကို ရပ်ပစ်လိုက်မယ် ဆိုရင်တော့ အဲဒါဟာ ကိုယ်တက်ရမယ့် လှေကားကို ကိုယ့်ဟာကိုယ် ပြန်ချိုးနေတာနဲ့ အတူတူပါပဲ။ကျောင်းသားဘဝက စာသင်ချိန်တစ်ခုမှာ ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေ အရမ်းများလို့ ကြောက်လန့်ပြီး ငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ ဘာလို့ဆိုတော့ အဲဒီ Stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လိုဆရာဝန်လုပ်လို့ ရမလဲတဲ့။ ဆရာဝန်ဘဝဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful Condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။ တကယ်တော့ ဆရာဝန်မှ မဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီးများလာမှာ ဖြစ်ပါတယ်။ ဒါ ကြောင့် အလုပ်နဲ့ဘဝမှာ ဘယ်လို အခက်အခဲတွေ စိတ်ညစ်စရာတွေပဲ ကြုံလာလာ ဒါတွေဟာ ကိုယ့်ဘဝတိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီးရအောင် ကျော်လွှားနိုင်ဖို့ လိုပါတယ်။အဲဒါက ပညာရပ်တစ်ခုလို သင်ကြားလို့လည်း မရနိုင်ပါဘူး။ ကိုယ့်ရဲ့ခံယူချက်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကြောင့်ဘဝမှာ အခက်အခဲ တွေနဲ့ကြုံလာတိုင်း လက်လျှော့ အရှုံးမပေးလိုက်ပါနဲ့။ ၉ တန်းအောင်ပြီးမှ ၁၀ တန်း တက်လို့ရပါတယ်။ ၉ တန်းကခက်လို့ ခဏနေဦး၊ ၁၀တန်း အရင်တက်မယ် လုပ်လို့မရပါဘူး။ လူငယ်ဘဝ၊ ဝန်ထမ်းငယ်ဘဝ၊ ကျောင်းသားဘဝမှာ အောက်သက်ကျေခဲ့မှ ဒီထက်အဆင့်မြင့်တဲ့ နေရာတွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ မြင့်မြင့်တက်ချင်တဲ့ သူတိုင်းဟာ ခက်ခက်ခဲခဲ လုပ်ရတာချည်းပါပဲ။ ဒါကြောင့် ဖိအားတွေ၊ စိန်ခေါ်မှုတွေ ကြောက်မနေကြဖို့ လိုပါတယ်။ကျွန်တော်လက်ရှိလုပ်နေတဲ့ အဖွဲ့အစည်းမှာလည်း သူနာပြုဆရာမလေးတွေ ရှိကြပါတယ်။ (နှိမ့်ချပြီး ပြောတယ်မထင်ပါနဲ့၊ ချစ်လို့ပြောတယ်ပဲ မှတ်ပေးပါ) အဲဒီဆရာမလေးတွေ အများစုဟာ နယ်မှာမွေးဖွားကြီး ပြင်းခဲ့ကြသူတွေပါ။ ဒါကြောင့် သူတို့တွေဟာ ရည်မှန်းချက်မြင့်မြင့် မထားတတ်ကြပါဘူး။ ယူထားရတဲ့ တာဝန်ကိုတော့ ကျေပွန်အောင် လုပ်နိုင်ကြသူတွေဆိုပေမယ့် ဝန်ထမ်းတွေကို စီမံခန့်ခွဲရမယ်ဆိုတဲ့အခါ၊ တာဝန်ကြီးကြီး ယူရမယ်ဆိုတဲ့အခါ နောက်ဆုတ်သွားတတ်ကြတယ်။ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိကြဘူး။ဒါပေမဲ့ အဲဒီဆရာမတွေထဲကနေပဲ နိုင်ငံရဲ့ ကျန်းမာရေးစနစ်ကြီး ပိုကောင်းလာဖို့ကို တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ လုပ်နေတဲ့ ဆရာမတွေ၊ နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ ပညာဆက်သင်ဖို့ ကြိုးစားနေတဲ့သူတွေ၊ အကြောင်းကြောင်းကြောင့် အစိုးရအလုပ်မဝင်တော့ဘဲ ခုလုပ်နေတဲ့ NGO အလုပ်မှာပဲ ရာထူးမြင့်မြင့်ရဖို့ ရည်မှန်းထားတဲ့သူတွေလည်း တွေ့ဖူးပါတယ်။ သူတို့တွေကိုဆို ကျန်တဲ့ ဆရာမငယ်လေးတွေက သိပ်လေးစားကြတာ၊ အားကျကြတာလည်း တွေ့ရတယ်။ တကယ်ဆို အားကျနေရုံမဟုတ်ဘဲ အတုပါ ယူကြစေချင်တယ်။အဲဒီဆရာမလေးတွေဟာ အရွယ်က ငယ်သေးလေတော့ ကျန်တဲ့သူတွေနဲ့ အရည်အချင်းချင်း ယှဉ်လိုက်ရင် ဘာမှတော့ သိပ်မကွာလှသေးပါဘူး။ နောင်တစ်ချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်လာမယ်လို့ မြင်ထားသလဲ ဆိုတဲ့အချက်လေးတစ်ခုပဲ ကွာပါတယ်။ ဒါပေမဲ့ အဲဒီကွာခြားချက်သေးသေးလေးကပဲ နောင်တစ်ချိန်မှာ ခြားနားမှုအကြီးကြီးကို ဖြစ်ပေါ်လာစေမှာပါ။ လက်ရှိမှာတော့ ကိုယ်ဟာ ကြောင်လေးတစ်ကောင် ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါ အရေးမကြီးပါဘူး။ ဒါပေမဲ့ မှန်ကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ခြင်္သေ့လို့ မြင်နေဖို့တော့ လိုပါတယ်။ဘဝပေးအခြေအနေက သူများထက် နိမ့်ကျခဲ့ပေမယ့် ကိုယ်ထူးကိုယ်ချွန် ကြိုးစားခဲ့လို့ ထိပ်တန်းရောက်နေတဲ့သူတွေ နေရာတိုင်းမှာရှိပါတယ်။ သူတို့တွေကို ကြည့်လိုက်ရင်လည်း အင်မတန် ရည်မှန်းချက်ကြီးကြတာကို တွေ့ရပါလိမ့်မယ်။ တကယ်တော့ ဆင်းရဲတာ၊ မိဘပံ့ပိုးမှုမရှိတာဟာ အောက်သက်ကျေစေတယ်၊ ဘဝကို ပိုပြီးအနှစ်သာရ ရှိစေတယ်၊ ပိုက်ဆံတန်ဖိုးကို ပိုပြီး နားလည်စေတယ်။ ဒါကြောင့်လည်း ဝါရင်းဘတ်ဖတ်လို သူဌေးကြီးက သူ့သားသမီးတွေ ဘာမှလုပ်စရာမလိုတော့ဘူး ထင်သွားမှာစိုးလို့၊ သူဌေးသား၊ သူဌေးသမီးတွေအဖြစ်နဲ့ပဲတန် ဖိုးမဲ့ကုန်မှာစိုးလို့ အမွေတွေကို အလုပ်လုပ်လို့ရရုံပဲ ပေးခဲ့မယ်ပြောတာ ဖြစ်ပါတယ်။ဒါကြောင့် လူငယ်တွေကိုပေးချင်တဲ့ မက်ဆေ့ချ်နံပါတ် (၄) ကတော့ ရည်မှန်းချက် ကြီးကြီးထားပါ။ မြင့်မားတဲ့ ရည်မှန်းချက်တစ်ခု ရှိနေတဲ့သူဟာ ဘဝမှာရော အလုပ်မှာပါ စိတ်ဓာတ် တက်ကြွနေတယ်။ ဘယ်သွားရမှန်း မသိ တဝဲလည်လည် ဖြစ်မနေဘူး။ တော်ရုံပင်ပန်းမှုလောက်ကို မမှုဘူး။ အမြဲကြိုးစားနေတယ်။ မရှိသေးတာတွေ ထပ်ထပ်ဖြည့်နေတယ်။ ဒါကြောင့် Ambitious ဖြစ်ဖို့ အရေးကြီးပါတယ်။ကိုယ်ဘာပဲလုပ်နေလုပ်နေပါ။ ဘယ်နယ်ပယ်မှာမဆို ချန်ပီယံ (Champion) ဖြစ်ချင်တယ်ဆိုရင် C သုံးလုံးအရေးကြီးပါတယ်Clear goals - တစ်နေ့ ငါဘာဖြစ်ရမယ်ဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်Challenge - မိမိကိုယ်မိမိ စိန်ခေါ်ဖို့၊ ကြုံလာရသမျှ စိန်ခေါ်မှုတိုင်းကို ရင်ဆိုင်နိုင်ဖို့နဲ့နောက်ဆုံး C ကတော့Coummitment- မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတို့ပဲ ဖြစ်ပါတယ်။
ဒီ C သုံးလုံး ပြည့်စုံသွားတဲ့အချိန်မှာတော့ ဘယ်သူမဆို ကိုယ့်သက်ဆိုင်ရာ နယ်ပယ်မှာ ချန်ပီယံတစ်ယောက် ဖြစ်လာပါလိမ့်မယ်။










