ကရင်ပြည်နယ် ဘားအံမြို့နယ်၊ ရဲတပ်ဖွဲ့ နယ်မြေအတွင်း အိန္ဒုနယ်မြေ ရဲစခန်းမှ (ပ)၈/၂၀၁၆ ဖြင့် အလိုရှိသူ တရားခံ တစ်ဦးအား မတ် ၁ ရက်က မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ ရွှေတစ်ပိဿာကျော်၊ ငွေ သိန်း ၂၀၀ ကျော်နှင့်အတူ ဘားအံမြို့နယ်၊ နောင်လုံကျေးရွာ အုပ်စုအတွင်း ဖမ်းဆီး ရရှိခဲ့ကြောင်း သိရသည်။ကရင်ပြည်နယ် ဘားအံမြို့နယ် ရဲတပ်ဖွဲ့ နယ်မြေအတွင်း ဘားအံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်မင်းအောင်၊ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်အေး၊ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအုပ် အောင်မြင့်ခိုင်၊ အိန္ဒုနယ်မြေ ရဲစခန်းမှူး ရဲအုပ် ဇော်နိုင်အောင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လင်းထွန်းနှင့် ပူးပေါင်း တပ်ဖွဲ့ဝင်များ၊ ခမရ (၂၀၂)ယာယီ တပ်ရင်းမှူး ဗိုလ်မှူးရဲခိုင်၊ စရဖ တပ်စု(၃)မှ တပ်ကြပ်ကျော်သူစိုး ပူးပေါင်းအဖွဲ့ဝင်များသည် အိန္ဒုနယ်မြေ ရဲစခန်းရှိ (ပ)၈/၂၀၁၆ ဖြင့် အလိုရှိသော စောပုံးပုံ ခိုအောင်းနေထိုင်သည့် တဲအိမ်အား ဝင်ရောက် စီးနင်းရာမှ လက်နက်၊ မူးယစ်ဆေးဝါး၊ ယိုးဒယားဘတ်ငွေ၊ မြန်မာငွေ အပါအဝင် ဆက်စပ်ပစ္စည်းများနှင့် ပူးပေါင်းပါဝင် ဆက်နွှယ်သူများအား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၇ နာရီက ဘားအံ-မြဝတီ ကားလမ်း နောင်လုံတိုးဂိတ်တွင် အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ကာရီးနား၊ အဖြူရောင်ယာဉ် တစ်စီးသည် တိုးဂိတ်ရှိ မောင်းတံဂိတ်အား ကားဖြင့် တိုက်ပြီး ကားကိုရပ်ကာ သေနတ်နှစ်ချက် မိုးပေါ် ထောင်ပစ်သည့်အပြင် တိုးဂိတ်ရှိ ဝန်ထမ်းများနှင့် စကားအချေအတင် ပြောဆိုပြီး သေနတ်သုံးချက် ထပ်မံ ပစ်ဖောက်ခဲ့သည့်အတွက် အိန္ဒုနယ်မြေ ရဲစခန်းမှ (ပ)၈/၂၀၁၆၊ လက်နက် ၁၉ (စ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အမှုမှ တရားခံအား ဖမ်းဆီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ မတ် ၁ ရက် နံနက် ၈ နာရီက အမှုမှ အလိုရှိသော တရားခံ စောပုံးပုံမှာ ဘားအံမြို့နယ်၊ နောင်လုံ အနောက်ကျေးရွာအုပ်စု၊ ရွှေလိုင်ကျေးရွာရှိ ယာယီပြုလုပ်ထားသော တဲအိမ်အတွင်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။အဆိုပါ တဲအိမ်အတွင်း စောပုံးပုံ၊ (၄၃) နှစ်၊ (ဘ) ဦးအောင်မု၊ သရက်တောကျေးရွာ၊ ဘားအံမြို့နယ်နေသူ အပါအဝင် အဆိုပါနေရာသို့ ရောက်ရှိနေသည့် စောတင်သိန်း (ခ) ဘတင်၊ (၅၀) နှစ် (ဘ) ဦးရေသာဖြူ၊ ရွေလိုင်ကျေးရွာ၊ ဘားအံမြို့နယ်၊ ဦးစန်းညို (ခ) မောင်ကျော်၊ (၅၈)နှစ်၊ (ဘ)ဦးလင်းရွှေ၊ လိပ်စာတူ သုံးဦးအား တွေ့ရှိပြီး ၎င်းတို့ထံမှ AK-47 တစ်လက်၊ M-16 သုံးလက်၊ M-41/A1၊ ၉မမ ပစ္စတို Smith Wesson တစ်လက် စုစုပေါင်း လက်နက် ခုနစ်မျိုးနှင့်၊ ၅ ဒသမ ၅၆ ကျည် ၂၂၂ တောင့်၊ ၉ မမ ကျည် ၂၃ တောင့်၊ AK ကျည်ငါးတောင့်၊ ၄၀ မမ ဗုံးသီး ၁၈ လုံး၊ AK-47 ကျည်အိမ်တစ်ခု၊ အမ်-၁၆ ကျည်အိမ် ၁၁ ခု၊ ၉ မမ ကျည်အိမ်တစ်ခု၊ ၃၈ ဘို့ ပစ္စတို ကျည်အိမ်တစ်ခု၊ အချက်ပြ မီးကျည်နှစ်တောင့်၊ ဆမ်ဆောင်းတံဆိပ်ပါ လက်ကိုင်ဖုန်း နှစ်လုံး၊ နိုကီယာတံဆိပ်ပါ လက်ကိုင်ဖုန်းတစ်လုံး၊ စကိုင်းတံဆိပ်ပါ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရရှိပြီး ၎င်းတို့ စီးနင်းခဲ့သည့် အဖြူရောင် 5G/5905 ကာရီးနား ယာဉ်တစ်စီးတို့ကို ထပ်မံသိမ်းဆည်း ရရှိခဲ့သည်။စောပုံးပုံအား စစ်ဆေးချက်အရ ၎င်းမှာ ဇနီးဖြစ်သူနှင့်အတူ အမှတ်(၄/၂၂၄)၊ သရက်တောလမ်း၊ သရက်တော ကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း သိရသည့်အတွက် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်မြင့်(ခ)ဒေါ်ခင်ကြဲ၊ (၄၄) နှစ်၊ (ဘ) ဦးဘိဘိနေအိမ်သို့ ဆက်လက် ရှာဖွေရာ နေအိမ်မီးဖိုချောင်တွင် ပလတ်စတစ် အိတ်ပြာဖြင့် ထည့်ထားသော WY စာတမ်းပါ ဆေးပြား ၁၀ ပြား၊ (အလေးချိန် ၁ဂ ရမ်ခန့်)၊ ဆေးရှူရာတွင် အသုံးပြုသော စက္ကူ ပြောင်းငယ် တစ်ခု၊ ဆေးပြား ထုပ်ပိုးရာတွင် အသုံးပြုသည့် မိုင်းကိုင်စက္ကူ တစ်ထုပ်၊ ရွှေထည်ပစ္စည်း မျိုးစုံ တစ်ပိဿာနှင့် သုံးကျပ်သား၊ မြန်မာငွေကျပ် ၂၂၂ သိန်း၊ ထိုင်းဘတ်ငွေ သုံးသိန်းတို့ကို တွေ့ရှိသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ အမှုဖြစ်စဉ်အရ တရားခံ စောပုံးပုံ၊ စောတင်သိန်း(ခ)ဘတင်၊ ဦးစန်းညို(ခ)မောင်ကျော်တို့အား အိန္ဒုနယ်မြေ ရဲစခန်းမှ (ပ)၉/၂၀၁၆၊ လက်နက်ပုဒ်မ ၁၉(စ) ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ သုံးစွဲသူ ဒေါ်ခင်မြင့်(ခ)ဒေါ်ခင်ကြဲနှင့် ၎င်း၏ ခင်ပွန်း စောပုံးပုံတို့အား မယ (ပ) ၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ရ/၂၀ (က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဘားအံမြို့နယ် နောင်လုံတိုးဂိတ်တွင် သေနတ် ပစ်ဖောက်ခဲ့သူအား လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ရွှေတစ်ပိဿာကျော်၊ ငွေကျပ် သိန်း ၂၀၀ ကျော် ဖမ်းဆီး ရရှိ