အခြေခံ လူတန်းစားတို့ အားထားရာ

အခြေခံ လူတန်းစားတို့ အားထားရာ
Published 2 March 2016
မောင်ကြွယ်စိုး

မွမ်ဘိုင်း၊ ဂျကာတာနဲ့ ဘန်ကောက်မြို့ရဲ့ လူသူရှုပ်ထွေးတဲ့ လမ်းတွေနဲ့ လမ်းကြားတွေမှာ တစ်လမ်းဝင် တစ်လမ်းထွက် သွားနေတဲ့ တုတ်တုတ် အမည်ရှိ သုံးဘီး ယာဉ်ငယ်လေးဟာ အာရှကနေ အာဖရိကကို ရောက်ရှိနေပါပြီ။ ဒီတုတ်တုတ်ယာဉ်တွေ ပေါများလာတဲ့အတွက် လူတွေကို အလုပ်အကိုင် ပိုရရှိခဲ့သလို ယာဉ်မတော်တဆ ဖြစ်မှုတွေလည်း နည်းသွားပါတယ်။တုတ်တုတ်ယာဉ်ငယ်ဟာ ဈေးနှုန်းချိုသာပြီး အချိုသာဆုံး မော်တော်ဆိုင်ကယ် အငှားယာဉ်၊ စက်တပ်သုံးဘီး ဆိုင်ကယ်တွေထက် စာရင်တော့ ဘေးကင်းတယ်လို့ ဆိုနိုင်ပါတယ်။ လူသူ ရှုပ်ထွေးတဲ့ လမ်းပေါ်မှာ တုတ်တုတ်တွေ နေရာဝင်လာတာ ခရီးသည်တွေ အတွက်ကော မောင်းနှင်သူတွေ အတွက်ပါ တွက်ခြေ ကိုက်နေပါတယ်။တန်ဇန်းနီးယားနဲ့ အီသီယိုးပီးယားမှာ ဘာဂျာလို့ ခေါ်ပြီး အီဂျစ်မှာ တုတ်တုတ်၊ နိုင်ဂျီးရီးယားမှာ ကီကီ-မာဝါ၊ ဆူဒန်မှာ ရက်ရှားလို့ ခေါ်ဆိုကြပါတယ်။ ဒီသုံးဘီးယာဉ်ငယ်ဟာ လိုင်ဘေးရီးယားမှာလည်း အသုံး တွင်ကျယ်နေပြီး ဒေသခံတွေက ချစ်စနိုး ကေကေလို့ ခေါ်ဆိုကြပါတယ်။လိုင်ဘေးရီးယား မော်တော်ဆိုင်ကယ် အငှားယာဉ်တွေကို တယာခွက်လုံးလို့ ခေါ်ဆိုကြပါတယ်။ လိုင်ဘေးရီးယားမြို့တော် မွန်ရိုဗီးယားမှာ ၂၀၁၃ ခုနှစ်ကစပြီ မော်တော်ဆိုင်ကယ် အငှားယာဉ်တွေကြောင့် လူအသေအပျောက် များတဲ့အတွက် မဆင်မခြင် မောင်းနှင်နေတဲ့ ဆိုင်ကယ် အငှားယာဉ်တွေကို ပိတ်ပစ်ခဲ့ပါတယ်။ ဒီအခါမှာ စီးပွားရေး အကွက်ချောင်းနေတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက လိုင်ဘေးရီးယားနိုင်ငံကို သုံးဘီးယာဉ်တွေ တင်ပို့ခဲ့ပါတယ်။လိုင်ဘေးရီးယားနိုင်ငံမှာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဟာ ရှိနေတဲ့ ယာဉ်နဲ့ ခရီးသည် မမျှအောင် ဖြစ်နေတဲ့အတွက် သုံးဘီးယာဉ်တွေကို အသုံးပြုခြင်းအားဖြင့် အခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ လိုင်ဘေးရီးယားနိုင်ငံရှိ မော်တော်ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် အဖွဲ့ရဲ့ အတွင်းရေးမှူး ဂျန်ကင်းဇေဇေက ကေကေယာဉ်တွေဟာ အင်မတန်မှ အရေးပါကြောင်း ပြောကြားခဲ့ပါတယ်။အလုပ်လက်မဲ့ လူငယ်တွေ အနေနဲ့ ကာကာတွေ ပေါ်လာလို့ အလုပ်အကိုင်တွေ ရရှိခဲ့သလို ခရီးတွေ အတွက်လည်း အန္တရာယ် ကင်းရှင်းစွာနဲ့ သွားလာနိုင်တယ်လို့ လိုင်ဘေးရီးယား အစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံက လူနဲ့ဆွဲရတဲ့ လန်ချားတွေအစား စက်တပ်လန်ချားတွေကို တစ်နှစ်လျှင် စီးရေ ရှစ်သိန်းခန့် ထုတ်လုပ်လျက်ရှိပြီး သုံးပုံ တစ်ပုံ ကျော်ကျော်ကို ပြည်ပတင်ပို့ ရောင်းချနေပါတယ်။ အာဖရိကတိုက်ရှိ နိုင်ငံ ၃၀ ကို ဆီစားသက်သာတဲ့ စက်တပ်လန်ချားတွေကို တင်ပို့လျက် ရှိပါတယ်။တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ကျန်မင်းမြို့မှာတော့ နှစ်ဘီးတပ် ခရီးသည်တင် ယာဉ်တွေ ထုတ်လုပ်နေပါတယ်။ ခေါင်းပိုင်းက မော်တော်ဆိုင်ကယ်ပုံစံ ဖြစ်ပြီး နောက်ပိုင်းက ခရီးသည် လိုက်ပါတဲ့ခုံ ရှိပါတယ်။ဘာပဲဖြစ်ဖြစ် မော်တော်ဆိုင်ကယ် အငှားယာဉ်တွေ ပိတ်ပစ်ပြီး ကေကေတွေ အစားထိုး အသုံးပြုပြီးတဲ့ နောက်မှာ မွန်ရိုးဗီးယားမြို့မှာ နေတဲ့ ပြည်သူ ၅၀၀၀ ခန့် အလုပ်အကိုင် ရရှိခဲ့ပါတယ်။ အစိုးရ အတွက်လည်း အခွန်ငွေ ရသလို ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင် ရရှိစေခဲ့ပါတယ်လို့ ဇေဇေက ပြောကြားခဲ့ပါတယ်။ကေကေတစ်စီးကို ဒေါ်လာ ၃၅၀၀ ခန့် ကုန်ကျပြီး မောင်းနှင်သူ တစ်ဦးအတွက် တစ်နေ့ ၂၅ ဒေါ်လာခန့် ရရှိပါတယ်။ကေကေ မောင်းနှင်သူတွေဟာ ယာဉ်စည်းကမ်းတွေကို တစ်သဝေမတိမ်း လိုက်နာကြရပါတယ်။ ခရီးသည် တင်ဆောင်မှုကိုလည်း ဦးရေ ကန့်သတ်ထားပါတယ်။ စည်းကမ်းတွေကို လိုက်နာခြင်းဖြင့် မတော်တဆ ဖြစ်သူတွေလည်း လျော့နည်းစေတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ တုတ်တုတ်လို့ခေါ်တဲ့ သုံးဘီးယာဉ်တွေဟာ မော်တော်ဆိုင်ကယ် အငှားယာဉ်တွေလို အရှိန်ပြင်းပြင်း မောင်းနှင်လို့ မရသလို တည်ဆောက်ပုံက လည်း ခရီးသည်တွေအတွက် လုံခြုံမှု ပိုရှိစေပါတယ်။လိုင်ဘေးရီးယားနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ မှတ်ချက်တွေကတော့ ဆိုင်ကယ်အငှားယာဉ်တွေ ပိတ်ပစ်ခဲ့တဲ့အတွက် ယာဉ်မတော်တဆ အန္တရာယ်ဟာ ရာခိုင်နှုန်း ၉၀ ကျဆင်းသွားတယ်လို့ ပြောကြားခဲ့ပါတယ်။အငှားယာဉ် မစီးနိုင်တဲ့ ပြည်သူ အများစုဟာ သုံးဘီးယာဉ်တွေကို အသုံးပြုနေကြရတာ ဖြစ်ပါတယ်။ စီးနင်းခကလည်း ၂၅ ဆင့်လောက်ပဲ ကုန်ကျတာမို့ ဈေးကြီးတဲ့ အငှားယာဉ်တွေကို အသုံးမပြုကြတော့ဘဲ တုတ်တုတ်ကိုသာ စီးနင်းနေကြတာ ဖြစ်ပါတယ်။ တုတ်တုတ်စီးနင်းဖို့ ငွေကြေး မတတ်နိုင်သူတွေကတော့ လမ်းလျှောက်သွားနေကြပါတယ်။မွန်ရိုးဗီးယားမြို့မှာ ကေကေစီးရေ ၁၀၀၀ ခန့် ရှိနေပါတယ်။ ခရီးသည် အများစု အားထားနေရသော ကေကေသည် မွန်ရိုးဗီးယား လမ်းမပေါ်တွင် ဥဒဟို ပြေးလွှားနေပါတယ်။ ခရီးသည်များအတွက်လည်း အဆင်ပြေ၊ မောင်းနှင်သူတွေ အတွက်လည်း တွက်ခြေကိုက်နေသော ကေကေများသည် မွန်ရိုးဗီးယားတွင် မမြင်ချင်မှအဆုံး ဖြစ်နေပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဘာသာစကားနဲ့ အမည်နာမတွေ ဘယ်လိုပင် ကွာခြားနေပါစေ မြို့ပြနေ အခြေခံ ပြည်သူလူထုကတော့ အဖိုးနည်း ဝန်ပေါ့ဖြစ်တဲ့ သုံးဘီးယာဉ်ငယ်တွေကို အသုံးပြုပြီး မိမိတို့ သွားလိုရာ ခရီးကို သွားရောက်နေကြပါတယ်။

Most Read

Most Recent