အရေးပေါ်ဖြေရှင်းရမည့် သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ

အရေးပေါ်ဖြေရှင်းရမည့် သောက်သုံးရေ ပြတ်လပ်မှု ပြဿနာ
Published 1 March 2016
မင်းချစ်နိုင်

ယခင်က မြန်မာပြည်သည် ရေလုံခြုံမှုနှင့် ပတ်သက်ပြီး ပြဿနာ ကြီးငယ်ကင်းသော တိုင်းပြည်ဖြစ်ပြီး ၂၀၀၁ ခုနှစ် အာရှ-ပစိဖိတ် နိုင်ငံများ၏ ရေလုံခြုံမှု အစီရင်ခံစာအရ ကမ္ဘာပေါ်ရှိ မြေအောက်ရေ အကြွယ်ဝဆုံး နိုင်ငံများထဲတွင် အဆင့် (၄) ရထားသည့် တိုင်းပြည်ဖြစ်သည်။ နောက်ပြီး မြန်မာပြည်သည် ရေအန္တရာယ် ခြိမ်းခြောက်ခံရမှု ၁၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ထို့ကြောင့် မြန်မာပြည်သည် ရေနှင့်ပတ်သက်လာလျှင် မည်သည့်အခါမှ ပူပင်စရာ မလိုခဲ့ရပေ။ အခုတော့ ဒီလိုမဟုတ်တော့ပေ။ ရေနှင့်ပတ်သက်ပြီး ပူပင်စရာမလို ဆိုသည့်စကားကို ရာဇဝင်ထဲတွင် ထားခဲ့ရတော့မည် ဖြစ်သည်။ မြန်မာပြည်ဟာ ကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုကို ပြင်းပြင်းထန်ထန် ခံစားလာပြီးနောက်ပိုင်း နွေရာသီတွင် ရေရှားပါးပြတ်လပ်မှုနှင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပေါ်လာခဲ့ရသကဲ့သို့ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုပြင်းထန်လာခဲ့သည်။ပုံမှန်နှစ်များတွင် နွေရောက်တိုင်း ရေရှားပါး ပြတ်လပ်မှုများနှင့် ကြုံတွေ့ခဲ့ရသည့် မြန်မာပြည်သည် ယခုနှစ်မှာတော့ သမိုင်းတစ်လျှောက် အပြင်းထန်ဆုံး အယ်လ်နီညိုနှင့် ကြုံတွေ့နေရသောကြောင့် နွေမရောက်ခင် ရေရှားပါး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပါပြီ။ ရာသီသည် နွေဘက်သို့ တိမ်းညွတ်လာလေလေ အပူက ပိုမိုရဲတင်းလာပြီး မြစ်၊ ချောင်းနဲ့ ရေတွင်း၊ ရေကန်တွေ၊ မြေအောက်ရေတွေ ပိုမိုလျော့ပါးလာလေလေဖြစ်သည်။ နွေရောက်လျှင် ရေခန်းတော့မည့် သောက်သုံးရေကန်များအတွက် ဒေသခံပြည်သူများက စိုးရိမ် ပူပန်နေကြရသည်။ အပူဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ရမှာလည်း ထိတ်လန့်နေကြသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း အားအကောင်းဆုံး ဖြစ်ပေါ်ခဲ့သည့် အယ်လ်နီညိုကလည်း ၂၀၁၆ ခုနှစ် နှစ်လယ်ခန့်အထိ မြန်မာပြည်အပေါ် သက်ရောက်နေမှာ ဖြစ်သဖြင့် နွေရာသီတွင် ပုံမှန်ထက် ပိုမိုပူပြင်းပြီး ရေခန်းခြောက်မှုများလည်း ပိုမို ပြင်းထန်လိမ့်မည်ဟု မိုးလေဝသ ပညာရှင်များက သတိပေးထားသည်။လက်ရှိမြန်မာပြည်တွင် အပူချိန် မြင့်မားခြင်း၊ ရေရှားပါး ပြတ်လပ်ခြင်းများအပြင် လူကို အန္တရာယ်ပြုနိုင်သည့် ခရမ်းလွန် ရောင်ခြည်များကလည်း လွန်ကဲအဆင့်သို့ ရောက်နေခဲ့သည်။ ထို့ကြောင့် မိုးလေဝသ ပညာရှင်များက အယ်လ်နီညိုနှင့် ပတ်သက်သော သတိပေးချက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပေးနေသကဲ့သို့ သက်ဆိုင်ရာကလည်း အယ်လ်နီညိုကြောင့် နွေရာသီတွင် သောက်သုံးရေ မပြတ်လပ်စေရေးအတွက် နည်းလမ်း အမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့သို့ဆောင်ရွက်နေစဉ်မှာပင် သောက်သုံးရေ ပြတ်လပ်မှုများကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသဖြစ်သော မကွေးတိုင်းဒေသကြီး၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မင်းဘူး၊ စကု၊ စေတုတ္တရာ မြို့နယ်များတွင် လည်းကောင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် စတင်ကြုံတွေ့နေကြရပြီ ဖြစ်သည်။အဆိုပါ ဒေသများတွင် သဘာ၀ စမ်းတွင်းများမှ ရေကို တန်းစီခပ်ယူရခြင်း၊ အဝီစိ စက်ရေတွင်း ရှိသော်လည်း ရေထွက်အားနည်းသောကြောင့် သောက်သုံးရေ မလုံလောက်ခြင်း၊ မြေအောက်ရေကြောတွင် ရေချိုမရှိသောကြောင့် ရေချိုရရှိရန် အနီးဆုံး နှစ်မိုင်ကျော်အထိ သွားရောက်ပြီး ရေကိုဝယ်ယူ သုံးစွဲနေရခြင်း၊ ရေလှောင်တမံများ တည်ဆောက်စဉ်က ပြောင်းရွှေ့ခဲ့ရသည့် ကျေးရွာများတွင် အဝီစိ စက်တွင်း မရှိသောကြောင့် ရေအခက်အခဲများ ကြုံတွေ့နေရခြင်း၊ အဝီစိ စက်တွင်းများ တူးဖော်သော်လည်း ရေမအောင်သောကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်ခြင်း စသည်ဖြင့် ပြဿနာ များနှင့် ရင်ဆိုင်နေရသည်။ပြီးခဲ့သည့်နှစ် နွေရာသီက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးရွာပေါင်း ၄၆၄ ရွာတွင် ရေရှားပါး ပြတ်လပ်မှု ပြဿနာ ကြုံတွေ့ခဲ့ပြီး ယခုနှစ်တွင် ကျေးရွာပေါင်း ၁၇၀၀ကျော် ရေအခက်အခဲ ကြုံတွေ့နိုင်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ ထို့ကြောင့် သက်ဆိုင်ရာက နွေကာလ ရေပြဿနာ ဖြေရှင်းရန် လိုအပ်သော စက်ယန္တရားများ၊ ရန်ပုံငွေများ၊ နည်းပညာများကို အဆင်သင့် ပြင်ဆင်ထားပြီး လက်ရှိတွင်လည်း ဒေသအချို့ရှိ ရေခန်းနေသည့် ရေလှောင်ကန်များကို နည်းမျိုးစုံဖြင့် ရေဖြည့်ပေးနေကြောင်း သိရသည်။ယခုနှစ် သောက်သုံးရေ ရှားပါးမှုသည် အယ်လ်နီညို၏ အကူအညီကြောင့် လျင်မြန်စွာ ဖြစ်ပေါ်နေသဖြင့် ညှိနှိုင်း ဆွေးနွေးနေရမည့် အချိန်မဟုတ်တော့ပေ။ ရေတိုနည်းလမ်းများဖြင့် အထိရောက်ဆုံး ဖြေရှင်းရန်ကိုသာ အဓိက ဦးစားပေး ဆောင်ရွက်ရမည့် အနေအထားဖြစ်သည်။ လတ်တလော ဆောင်ရွက်သင့်သည့် ရေတိုနည်းလမ်းများမှာ သောက်သုံးရေ သုံးစွဲမှုကို အထူးဂရုပြု ချွေတာရန်၊ ရေရှားပါး ပြတ်လပ်မှုကို ကြုံတွေ့ရသည့်အခါ  ရေပေါသည့် နေရာမှ ရေများကို ရေရှားပါးသည့် နေရာသို့ အလျင်အမြန် ပို့ဆောင်နိုင်ရေး ပြင်ဆင်ထားရန်တို့ ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် ရေကန်များတွင် ကျန်ရှိနေသေးသော ရေများကို စီမံခန့်ခွဲမှုများဖြင့် စနစ်တကျ သုံးစွဲကြရန် အရေးကြီးပါသည်။ရေသည် ဟိုက်ဒရိုဂျင် အက်တမ်နှစ်ဆနှင့် အောက်ဆီဂျင် အက်တမ်တစ်ဆတို့ ပေါင်းစပ် ဖွဲ့စည်းထားသည့် ဓာတုပစ္စည်း တစ်မျိုးဖြစ်ပြီး လူအပါအဝင် သက်ရှိသတ္တဝါအားလုံး အသက်ရှင် နေထိုင်ရေးအတွက် မဖြစ်မနေ  လိုအပ်သော အရာဖြစ်သည်။ လူသားများသည် ရေကို စိုက်ပျိုးရေး လုပ်ငန်း၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်း၊ အိမ်တွင်းနှင့် စည်ပင်သာယာရေးများတွင် သုံးစွဲရန် မြစ်ချောင်းအင်းအိုင် ရေတွင်းရေကန်နှင့် မြေအောက် ရေလွှာများမှတစ်ဆင့် နှစ်စဉ် ရေကုဗမိုင် ၉၀၀ ကို ထုတ်ယူသုံးစွဲပြီး ၎င်းရေများထဲမှ ကုဗမိုင် ၅၄၀ ခန့်မှာ ကုန်ခန်းရေများ ဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ ကမ္ဘာ့မျက်နှာပြင် ဧရိယာတွင် ရေပြင်ပိုင်း အကျယ်အဝန်းက ကုန်းမြေပိုင်း အကျယ်အဝန်း၏ နှစ်ဆခွဲခန့်ရှိပြီး အလွယ်တကူ သုံးစွဲ၍ရသော ရေချိုသည် ကမ္ဘာ့ရေထု တစ်ခုလုံး၏ ၂ ဒသမ ၇၈ ရာခိုင်နှုန်းသာ ရှိသည်။ ထို့ကြောင့် ရေသည် ကမ္ဘာလူဦးရေနှင့် သုံးစွဲမှုအပေါ် မူတည်ပြီး ရှားပါး ပြတ်လပ်မှုများနှင့် ရင်ဆိုင်ရမည့် အနေအထား ဖြစ်သည်။ကမ္ဘာ့လူဦးရေသည် ၂၀ ရာစုအတွင်း အလွန်အမင်း တိုးတက်လာခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် သန်း ၉၀၀၀ အထိ ဖြစ်လာမည်ဟု ကမ္ဘာ့ကုလသမဂ္ဂက ခန့်မှန်းထားခဲ့သည်။ လူဦးရေ တိုးလာသည်နှင့်အမျှ လူတစ်ဦးချင်း ရရှိသည့် ရေပမာဏလည်း လျော့ကျလာပြီး ရေပြတ်လပ်မှုများ ပိုမိုကြုံတွေ့ရဖွယ် ရှိသည်။ ကမ္ဘာပေါ်တွင် အလွယ်တကူ ရယူသုံးစွဲနိုင်သော ရေချိုပမာဏသည် ကုဗမိုင် ၉၆၀၀ ခန့်ရှိရာ လက်ရှိ လူဦးရေအတွက် လုံလောက်နေသေးသည်ဟု ဆိုနိုင်သည်။ သို့သော် စီမံခန့် ခွဲမှု မရှိခြင်းနှင့် စည်းကမ်းမဲ့ခြင်းများကြောင့် ကမ္ဘာ့ဒေသ အများအပြားတွင် ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး မြို့ပြနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာမှုတို့ကြောင့် ရေအကျပ်အတည်းမှာ ပိုမိုဆိုးရွားလာခဲ့သည်။ယနေ့ခေတ်တွင် လူဦးရေသန်း ၁၀၀၀ ခန့်သည် ကျန်းမာရေးနှင့် မပြည့်စုံသည့် သောက်သုံးရေကို သုံးစွဲနေကြရသည်။ မသန့်ရှင်းသောရေကို သုံးစွဲရသောကြောင့် ၂၀၀၀ ပြည့်နှစ်တွင် လူဦးရေ ၂၂ သန်းကျော် ဆုံးပါးခဲ့ရသည်။ လုံခြုံစိတ်ချရသော ရေသည် နှစ်စဉ် ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ အန္တရာယ်မှ ကလေးသူငယ်ဦးရေ ၁ ဒသမ ၄ သန်းကို ကယ်တင်နိုင်ကြောင်း WHO အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လာမည့် နှစ်ပေါင်း ၂၀ တွင် လူတိုင်းရနိုင်သည့် ရေပမာဏသည် ရာခိုင်နှုန်း ၃၀ ခန့် လျော့ကျသွားပြီး လက်ရှိကမ္ဘာ့လူဦးရေ လေးရာခိုင်နှုန်းခန့်မှာ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီရင်ခံစာတွင် ဖော်ပြထားခဲ့သည်။အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာ လအတွင်း ထုတ်ဖော် ပြောဆိုချက်အရ ရေအရင်းအမြစ် ပြဿနာသည် အာရှဒေသများတွင် ဆိုးရွားလာပြီး ၂၀၃၀ ပြည့်နှစ်တွင် လိုအပ်မည့် ရေပမာဏနှင့် ရရှိနိုင်မည့် ပမာဏအကြား ကွာဟချက် ရာခိုင်နှုန်း ၄၀ အထိ ရှိလာမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုကြောင့် မိုးရွာရက်များသည် ယခင် ၁၄၅ ရက် ရှိနေခဲ့ရာမှ ၁၀၅ ရက်ပဲ ရှိတော့သည့်အပြင် ရွာသွန်းသည့် မိုးရေချိန် လက်မသည်လည်း နည်းလာသောကြောင့် မိုးရေရနိုင်သည့် အခွင့်အလမ်းလည်း နည်းလာပြီ ဖြစ်သည်။ ထို့ကြောင့် မိုးရေကို မည်ကဲ့သို့ ခံယူမလဲ၊ မိုးရေရလျှင် လုံခြုံအောင် မည်သို့ထားမလဲဆိုသော ကိစ္စရပ်များကို စနစ်တကျ စီမံခန့်ခွဲ ဆောင်ရွက်ရန် လိုအပ်ပါသည်။ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲလာမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ရေအရင်းအမြစ်များမှာ တစ်နှစ်ထက်တစ်နှစ် လျော့ကျလျက် ရှိသည်။ မြန်မာနိုင်ငံသည် မြစ်ချောင်း အင်းအိုင် အစရှိသည့် ရေအရင်း အမြစ်များ ပေါကြွယ်ဝသော်လည်း ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်မှုကြောင့် နှစ်စဉ် နွေရာသီရောက်တိုင်း ရေပြတ်လပ်မှုကို ရင်ဆိုင်နေရသည်။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုမိုပြင်းထန်လာခဲ့သည်။ သမိုင်းတစ်လျှောက်မှာ အင်အားအပြင်းထန်ဆုံး စာရင်းဝင်ခဲ့သည့် အယ်လ်နီညို ဖြစ်စဉ်သည် အားပျော့စပြုလာခဲ့သော်လည်း အပူလှိုင်း ဖြတ်သန်းမှု၏ နောက်ဆက်တွဲ အပူချိန် မြင့်တက်မှု ဂယက်ကို မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဆက်လက် ခံစားနေရဦးမည် ဖြစ်သည်။ထို့ကြောင့် သောက်သုံးရေရှားပါး ပြတ်လပ်မှုအတွက် ဆောင်ရွက်ကြရာတွင် ရေတိုနည်းလမ်းများဖြင့် လတ်တလော အခက်အခဲများကို ထိထိရောက်ရောက် ဖြေရှင်းရမည်ဖြစ် သကဲ့သို့ လာမည့်နှစ်များတွင် ရေရှားပါး ပြတ်လပ်မှု မရှိစေရေး ရေရှည်ကြိုတင် ပြင်ဆင်မှုများကိုလည်း စနစ်တကျ ဆောင်ရွက်ထားရန် လိုပါသည်။ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် လူကြားကောင်းအောင်၊ လူမြင်ကောင်းအောင် ဟန်ပြလုပ်၊ ဟန်ပြပြောနေ၍ မရပါ။ ထိထိရောက်ရောက်ဖြစ်အောင် နိုင်ငံတော် အစိုးရ အနေဖြင့် နိုင်ငံတကာ အကူအညီများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများဖြင့် စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်သည်။ ဒီနေရာတွင် ပြည်သူများ အနေဖြင့်လည်း ရေကို တတ်နိုင်သမျှ စုဆောင်းပြီ ချွေတာသုံးစွဲခြင်းကို ဆောင်ရွက်ကြရန် လိုပါသည်။ သို့မှသာ မြန်မာပြည်သူပြည်သားအားလုံး နွေရာသီရောက်တိုင်း သောက်သုံးရေ ရှားပါးပြတ်လပ်မှု ဘေးအန္တရာယ်မှ ကင်းဝေးနိုင်မည် ဖြစ်ပါသည်။