တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် စင်ကာပူတွင် ဆေးကုသနေရပြီး လအနည်းငယ် လေယာဉ် မစီးသင့်ကြောင်း ဆရာဝန်က ညွှန်ကြားသဖြင့် ရုံးချိန်းကို ထပ်မံ ခွင့်တိုင်ကြား

တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် စင်ကာပူတွင် ဆေးကုသနေရပြီး လအနည်းငယ် လေယာဉ် မစီးသင့်ကြောင်း ဆရာဝန်က ညွှန်ကြားသဖြင့် ရုံးချိန်းကို ထပ်မံ ခွင့်တိုင်ကြား
Published 29 February 2016
ယဉ်မျိုးသွယ်

ညစ်ညမ်းစာပေများ ဖြန့်ဝေကြော်ငြာခြင်းနှင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသခြင်းတို့ကြောင့် တရားစွဲခံထားရသော တော်ဝင်နှင်းဆီ ဆေးရုံပိုင်ရှင် ဒေါ်နန်းလှစိန်သည် စင်ကာပူတွင် ဆေးကုသနေရပြီး လအနည်းငယ်ခန့် လေယာဉ် မစီးရန် ဆရာဝန်က ညွှန်ကြားထားသဖြင့် ဖေဖော်ဝါရီ ၂၉ ရက် ရုံးချိန်းကိုလည်း မလာဘဲ ထပ်မံ ခွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။“သူမကျန်းမာရေး အခြေအနေအရ လေယာဉ်ကို လအနည်းငယ်ထိ မစီးဖို့ ဆရာဝန်က ညွှန်ကြားထားကြောင်း ခွင့်တိုင်သွားပါတယ်။ စင်ကာပူနိုင်ငံက ဆေးရုံတစ်ခုရဲ့ နာမည်နဲ့ ဆေးထောက်ခံစာ တင်ပြလာပါတယ်။ ဒါကြောင့် သူလေယာဉ်စီးလို့လည်း အချိန်ရအောင် နောက်လ ၁၄ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်” ဟု အမှုနှင့် ပတ်သက်၍ ချမ်းအေးသာစံမြို့နယ် တရားသူကြီးက ပြောကြားသည်။တော်ဝင်နှင်းဆီဆေးရုံ တတိယ အလွှာတွင် Health News အထူးကုဆေးခန်း အမည်ဖြင့် တရုတ်နိုင်ငံသားများ တရားမဝင် ဆေးကုသနေခြင်း၊ ညစ်ညမ်းစာ၊ ညစ်ညမ်းဓာတ်ပုံမ ျားပါသော လက်ကမ်းစာစောင်များ ဖြန့်ဝေမှုများ ပတ်သက်၍ ၂၀၁၅ ခုနှစ် ဇန်နဝါရီက အဆိုပါ တရုတ်နိုင်ငံသားများနှင့်အတူ ဆေးရုံပိုင်ရှင်များဖြစ်သော ဂရိတ်ဝေါလ် ဦးတင်မောင် (ခ)လီစန်းရှင်နှင့်ဇနီး ဒေါ်နန်းလှစိန်တို့ကိုပါ ထည့်သွင်း တရားစွဲဆိုခဲ့သော်လည်း ဇွန် ၃ ရက်က တရားခံပြေးအဖြစ် ကြေညာရာတွင် တရုတ်နိုင်ငံသားများနှင့် ဒေါ်နန်းလှစိန်သာ ပါဝင်ခဲ့ပြီး ဦးတင်မောင်မှာ မပါဝင်တော့ဘဲ ကွင်းလုံးကျွတ် လွတ်မြောက်သွားသည်။ ဒေါ်နန်းလှစိန်ကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂(က)/၁၀၉၊ ကျင့် ၅၁၂ ဖြင့် တရားခံပြေးအဖြစ် ကြေညာခဲ့ပြီး၊ ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၃၊ ၃၅/ကျင့် ၅၁၂ ဖြင့် တရားစွဲဆိုထားမှုတွင် ဦးတင်မောင်နှင့်အတူ မပါဝင်ခဲ့ပေ။ ဒေါ်နန်းလှစိန်မှာ တရားရုံးသို့ လာရောက်သည့်နေ့မှာပင် ချက်ချင်း အချုပ်လွတ် ထုချေခွင့် အာမခံ ပေးခဲ့ပြီး ရုံးရှေ့ လာရောက်ခြင်းမှ ကင်းလွတ်ခွင့် အာမခံကို ထပ်မံလျှောက်ထားခဲ့ရာ ချမ်းအေးသာစံမြို့နယ် တရားရုံးက ပယ်ချခဲ့သည်။ ဆက်လက်၍ ခရိုင် တရားရုံးကို အယူခံ ထပ်မံဝင်ခဲ့ရာ ခရိုင်ကလည်း ပယ်ချခဲ့ပြီး မြို့နယ် တရားရုံးသို့ အမှုတွဲ ပြန်လည် ချထားပေးခဲ့ရာတွင် ၎င်းပိုင်ဆိုင်သော နန်းတော်ဆေးရုံ ဆေးစာဖြင့် ကျန်းမာရေး မကောင်းသောကြောင့် ရုံးချိန်းနှစ်ပတ် ခွင့်ယူခဲ့ကြောင်း၊ ထပ်မံ၍ ရုံးချိန်း လာရောက်ရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့သဖြင့် အာမခံပေးထားသူများကို ပြန်လည်ဆင့်ခေါ်ခဲ့ရကြောင်း၊ နောက်ဆုံးတွင် တိုင်းတရားရုံးသို့ ရုံးရှေ့လာရောက်ခြင်းမှ ကင်းလွတ်၍ ထုချေခွင့်ကိုလည်း ပယ်ချခဲ့ရာ မြို့နယ်တရားရုံး၏ ဇန်နဝါရီ ၈ ရက်ရုံးချိန်းကိုလည်း လာရောက်ခဲ့ခြင်း မရှိပေ။ ကျန်းမာရေး မကောင်းသဖြင့် ခွင့်တိုင်ကြားခဲ့ပြီး ၂၅ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ရာ ထိုနေ့တွင်လည်း လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ဖေဖော်ဝါရီ ၈ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။ ဖေဖော်ဝါရီ ၈ ရက်တွင်လည်း လာရောက်ရန် ထပ်မံပျက်ကွက်ခဲ့သလို ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၉ ရက်ရုံးချိန်းများတွင်လည်း ထပ်မံခွင့်တိုင်ကြားခဲ့ရာ အမှုရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော် ကြာသည့်တိုင် အာမခံပေးသည့်နေ့ တစ်ရက်တည်းသာ ရုံးရှေ့ လာရောက်ခဲ့သည်။

Most Read

Most Recent