ကျောက်စိမ်းဆွဲပြား ခိုးယူမှုဖြင့် တရားစွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးအမှုတွင် အပြီးသတ် လျှောက်လဲချက်ကြားနာပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ကျောက်စိမ်းဆွဲပြား ခိုးယူမှုဖြင့် တရားစွဲခံထားရသည့် တရုတ်နိုင်ငံသားနှစ်ဦးအမှုတွင် အပြီးသတ် လျှောက်လဲချက်ကြားနာပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
Published 29 February 2016
ပြည့်ဖြိုးအောင်

 ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်းရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်မှ ကျောက်စိမ်းဆွဲပြားခိုးယူမှုဖြင့် တရားစွဲထားသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ဖေဖော်ဝါရီ ၂၉ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် အမှုနှင့်ပတ်သက်၍ တရားသူကြီးက အပြီးသတ်လျှောက်လဲချက်ကို ကြားနာခဲ့ပြီး ရုံးချိန်းကို မတ် ၁၄ ရက်သို့ ချိန်းဆိုခဲ့ကာ ထိုနေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။     “ ဒီနေ့က အပြီးသတ်လျှောက်လဲချက်ကို ကြားနာခဲ့တယ်။ ရုံးချိန်းကို မတ် ၁၄ ရက်ကို ချိန်းလိုက်တယ်။ အဲဒီနေ့မှာတော့ အပြီးသတ် အမိန့်ချမှာပါ” ဟု ပန်းဘဲတန်းမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါ ရီ ၂၉ ရက်တွင် ပြောကြားသည်။အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက် ရုံးချိန်းတွင် ပန်းဘဲတန်းမြို့နယ် တရားသူကြီးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀ ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ပြီးခဲ့သည့်၂၀၁၅ ခုနှစ် သြဂုတ် ၁၆ ရက် နံနက်ပိုင်းတွင် ပန်းဘဲတန်းမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေးဆိုင်သို့ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်နေ တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် Mr.Liu Jian Yue (၄၇နှစ်)နှင့် Mr.Yang Jian Zhang (၅၁နှစ်) တို့ ရောက်ရှိလာပြီး ကျောက်မျက်ရတနာများ ဝယ်ယူလိုကြောင်း ပြောသဖြင့် ဆိုင်ဝန်ထမ်းများက ကျောက်မျက်ရတနာများ ထုတ်ပြခဲ့သော်လည်း မည်သည့် ပစ္စည်းမျှ ဝယ်ယူခြင်းမရှိဘဲ ပြန်လည်ထွက်သွားခဲ့ကြောင်း သိရသည်။၎င်းတို့နှစ်ဦး ပြန်လည်ထွက်ခွာသွားစဉ် ဆိုင်ဝန်ထမ်းများက မသင်္ကာ၍ ပြသခဲ့သော ကျောက်စိမ်းများ စစ်ဆေးကြည့်ရာ ငွေကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိ ကျောက်စိမ်းပြားတစ်ခု ပျောက်ဆုံးသွားသဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ရာ ခိုးယူခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို ခိုးယူသည့်နေ့ မွန်းလွဲပိုင်းတွင်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေးဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖမ်းမိခဲ့ပြီး ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ပန်းဘဲတန်းမြို့နယ်တရားရုံး၌ တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။                                

Most Read

Most Recent