ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှနှင့် တွေ့ဆုံခြင်း

ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှနှင့် တွေ့ဆုံခြင်း
Published 28 February 2016
ဝေလင်းအောင်

‘လက်ပံတောင်းတောင် ကိစ္စမှာ ပြည်သူတွေဘက် မရပ်တည်ဘူး။ ပြည်သူ့အကျိုးကို မကြည့်ဘူးဆိုရင် လက်ရှိအစိုးရနဲ့ အတူတူပဲလို့ ကျွန်မတို့ပြောရမှာပဲ။ လူထုတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ မပြင်နိုင်သေးသရွေ့ အစိုးရကောင်း မဖြစ်နိုင်သေးဘူးလို့ ...’စစ်အစိုးရလက်ထက် အပါအဝင် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုများ၊ လယ်ယာမြေ သိမ်းဆည်းခံမှု၊ လယ်သမားအရေး လှုပ်ရှားမှုများနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြမှုကြောင့် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် မြို့နယ်တရားရုံး အသီးသီးမှ စုစုပေါင်း ထောင်ဒဏ် ငါးနှစ်ကျော် ချမှတ်ခံထားရပြီး လက်ရှိအချိန်တွင်လည်း တရားစွဲဆိုခံထားရသည့် ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်နော်အုန်းလှနှင့် လက်ရှိနိုင်ငံရေး ဖြစ်စဉ်များအပေါ် တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြအပ်ပါသည်။မေး ■ နိုင်ငံရေး လှုပ်ရှားခဲ့မှုကို အရင်ဆုံး ပြောပြပေးပါ။ဖြေ ■ အန်တီနိုင်ငံရေး မလုပ်ခင် ရွာမှာလူမှုရေးတွေ စလုပ်တယ်။ နောက်ပိုင်း မဆလ ခေတ်မှာ အန်တီတို့က လယ်လုပ်တဲ့အတွက် လယ်သမားတွေ အစည်းအဝေးတွေ တက်တဲ့အခါ အစိုးရက ပြည်သူလူထုတွေ အပေါ်မှာ ငဲ့ညာမှု မရှိတာကို ပိုသိခဲ့ရတဲ့အတွက် အဲဒီအချိန် ကတည်းက မတရားမှု လက်မခံကြောင်း ပြောဆိုလာခဲ့တယ်။ အဲဒီတုန်းက လယ်သမားတွေက သူတို့ရဲ့ နစ်နာမှုတွေကို အစည်းအဝေးတွေမှာ မပြောရဲ မဆိုရဲခဲ့ကြဘူး။ ဥပမာဆိုရင် ၈၈ မတိုင်မီတုန်းက ကျေးရွာတွေမှာ လယ်သမားတွေကို ဘဏ်ငွေတွေ ထုတ်ချေးတယ်။ ထုတ်ချေးတဲ့အခါ လယ်သမားတွေ အနေနဲ့ ဘာမှမပေးရလို့ ရေးထားပြီးတော့ လယ်သမားတွေဆီက စားစရိတ်ဆိုပြီး ပိုက်ဆံ ၅၀ ပြန်ကောက်တာတွေ ရှိခဲ့တယ်။ လယ်သမားတွေက စာရွက်တစ်ရွက်ကို ပြား ၅၀ နဲ့ဝယ်ရသေးတယ်။ အဲဒီပိုက်ဆံတွေကိုလည်း ကောက်တယ်ဆိုတာ လက်မခံနိုင်ဘူး။ မဖြစ်သင့်ဘူးလို့ အစည်းအဝေးမှာ လယ်သမားတွေ အတွက် နစ်နာတယ်လို့ အန်တီက ထပြောခဲ့တယ်။အဲဒီကနေပြီး အန်တီနိုင်ငံရေး အသိစခဲ့တယ်လို့ ပြောရမှာပဲ။ အဲဒီကစပြီး လယ်သမားတွေနဲ့ ပတ်သက်ပြီး နစ်နာတဲ့ အကြောင်းအရာတွေကို တင်ပြခဲ့တယ်။ ၈၈ ဖြစ်ပြီးနောက်ပိုင်း အန်တီတို့ ရန်ကုန်အထိကို လာပြီး ဆန္ဒလာပြကြတယ်။ ဒီမိုကရေစီ အရေးနဲ့ ပတ်သက်လို့ စခဲ့တဲ့ ကျောင်းသားတွေ အသတ်ခံခဲ့ရတဲ့ အပေါ်မှာ မတရားဘူး။ ပြည်သူလူထု နစ်နာတယ်။ ပြည်သူတွေ မတရား အသတ်ခံရတယ်လို့ ယူဆလို့ ရန်ကုန်အထိ ဆန္ဒလာပြခဲ့ကြတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပါတီတွေဖွဲ့တော့ အန်တီ NLD ပါတီကို ဝင်ခဲ့တယ်။ ပါတီကို စဝင်တော့ ရပ်ကျေးမှာ အတွင်းရေးမှူး အရွေးခံရတယ်။ အဲဒီကနေပြီးတော့ မြို့နယ်အဆင့်တွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ပါဝင်ခဲ့ရတယ်။ ပြီးတော့ ရန်ကုန်ကို တောင်သူကိုယ်စားလှယ် အဖြစ်နဲ့ စေလွှတ်တာခံရတယ်။ ၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ဗဟိုအမျိုးသမီး အဖွဲ့ဖွဲ့တော့ ဗဟိုမှာ တာဝန်ပေးခံရတယ်။ ရန်ကုန်တိုင်း အမျိုးသမီးအဖွဲ့ ဖွဲ့တော့လည်း အဲဒီမှာ အရွေးခံရပြန်တယ်။ ၂၀၁၃ အထိ တောက်လျှောက် NLD ဗဟိုအမျိုးသမီး အဖွဲ့မှာ တာဝန်ယူခဲ့တယ်။ ၂၀၀၄ ခုနှစ် ဒီပဲယင်းဖြစ်ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတယ်။ အန်တီတို့က မတရားလည်း အရိုက်ခံရတယ်။ ထောင်လည်းချခံရတာ မခံနိုင်ဘူးဆိုပြီး အန်တီတို့ ဗဟိုအမျိုးသမီးတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်  လွတ်မြောက်ရေးအတွက် နည်းမျိုးစုံနဲ့ ဦးသန်းရွှေဆီ စာတင်ခဲ့ကြတယ်။ နောက်ဆုံး ဒီဟာနဲ့ပတ်သက်လို့ ဗဟိုအလုပ်အမှုဆောင် ကနေပြီးတော့ နိုင်ငံရေးအရ သူတို့လုပ်မယ်။ အမျိုးသမီးတွေ မလုပ်နဲ့ပေါ့။ အန်တီတို့ ရန်ကုန်တိုင်း အမျိုးသမီးတွေနဲ့ ရှိတဲ့အမျိုးသမီးတွေ စုပေါင်းပြီးတော့ ဒေါ်အောင်စုကြည် လွတ်မြောက်ရေးကို လုပ်ကြမယ်ဆိုပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်ခဲ့ကြတယ်။ ရွှေတိဂုံဘုရားပေါ်ကို တစ်ပတ်တစ်ရက် တက်ပြီး ဆုတောင်းမယ်ပေါ့။ အဲဒါကိုလည်း ဗဟိုကနေပြီး မလုပ်ဖို့ တားပြန်တယ်။ အန်တီတို့ အနေနဲ့ ဆုံးဖြတ်ချက်ချပြီး လုပ်ရမှာပဲဆိုပြီး ဆက်လုပ်ခဲ့တယ်။ ၂၀၀၄ ခုနှစ်မှာ အန်တီတို့ ရွှေတိဂုံစေတီတော်ကို စတက်ပြီး ဆုတောင်းခဲ့တယ်။ ၂၀၁၅ ခုနှစ်မှာ ပါတီက အန်တီကို စည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး ပါတီဝင်အဖြစ်က ထုတ်ပယ်ခဲ့တယ်။ အဓိကတော့ အန်တီတို့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက်ဆိုပြီး အမေရိကန်သံရုံးနဲ့ ကုလသမဂ္ဂရုံးကို စာပို့ဆောင်ခဲ့တဲ့ အချက်လည်း ပါမယ်ထင်တယ်။ အန်တီကတော့ ကိုယ့်ကိုယ်ကိုယ် NLD ပါတီဝင်လို့ပဲ ခံယူပြီး ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပွဲတွေ ဆက်လုပ်ဖြစ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ အန်တီကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်တာကို ဦးအောင်ရွှေက လက်မှတ်ထိုးခဲ့ပေမယ့်လည်း အန်တီကို ပါတီဝင်အဖြစ် ဒေါ်အောင်စုကြည်က လက်မှတ်ထိုး အသိအမှတ် ပြုခဲ့လို့ပါ။ ၂၀၀၄ ခုနှစ်က ဘုရားပေါ်တက် ဆုတောင်းခဲ့တာကို ၂၀၀၉ မှာ အန်တီ အဖမ်းခံခဲ့ရတယ်။ ၂၀၀၅ မှာလည်း အန်တီခဏ အဖမ်းခံခဲ့ရသေးတယ်။ ပြန်လွတ်လာတယ်။ ၂၀၀၉ ရွှေဝါရောင် သံဃာနှစ်ပတ်လည်မှာ ပါဝင်တယ်ဆိုပြီး အန်တီကို ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်နှစ်နှစ်ချတယ်။ အန်တီပြန်လွတ်လာတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီ။ အန်တီတို့က ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဝင်သင့်ဘူး။ ဥပဒေကလည်း မပြင်သေးဘူးဆိုပြီး NLD ကို စာတင်ခဲ့တယ်။ ဒါပေမဲ့ NLD ကတော့ ဗဟိုဆုံးဖြတ်ချက်နဲ့ ရွေးကောက်ပွဲဝင်ခဲ့တယ်။ အန်တီတို့က လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာ အန်တီက ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက် အဖွဲ့ဆိုတာကို စုစည်းပြီးတော့ အန်တီတို့ ဆုတောင်းပွဲ လုပ်လာတဲ့ အချိန်တုန်းက နိုင်ငံရေး အကျဉ်းသား အများကြီး လွတ်လာခဲ့ပြီးပြီ။ အခု နောက်ထပ် လုပ်နိုင်တာတွေ၊ ပြည်သူလူထု နစ်နာတာတွေ လုပ်မယ်ဆိုပြီး အဖွဲ့ဝင် ခုနစ်ဦးနဲ့ ဒီမိုကရေစီ ငြိမ်းချမ်းရေး အမျိုးသမီးကွန်ရက်ကို တည်ထောင်ခဲ့တယ်။ ၂၀၁၂ ခုနှစ်က ဒီအဖွဲ့ကိုစခဲ့တာ ၂၀၁၅ မှာ အဖွဲ့ဝင် ၆၀၀ နီးပါး ရှိခဲ့တယ်။ နောက်ပိုင်း ဒီအဖွဲ့ဝင်တွေနဲ့ ညီလာခံ ပြုလုပ်ပြီး အဖွဲ့ဝင်တွေရဲ့ ရွေးချယ်မှုအရ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။မေး ■ သမ္မတဦးသိန်းစိန်း အစိုးရသက်တမ်းမှာ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့မှုမျိုးတွေ ရှိပါသလဲ။ အဲဒီအတွက် ဘယ်လို အရေးယူခံရမှုတွေ ရှိပါသလဲ။ဖြေ ■ သမ္မတဦးသိန်းစိန် လက်ထက်မှာလည်း အန်တီ ထောင်ရှစ်ကြိမ်အထိ ထောင်ထဲရောက်ခဲ့တယ်။ တကယ်တမ်းကျရင် အန်တီတို့ ဘာပြစ်မှုတစ်ခုမှ ကျူးလွန်ခဲ့တာမျိုး မရှိဘူး။ အန်တီတို့ အနေနဲ့ ပြည်သူတွေအပေါ် မတရား ဖိနှိပ်ချုပ်ချယ်ထားတဲ့ ပုဒ်မတွေ ပြင်ဆင် ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့တာပဲ ရှိတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရေး တောင်းဆိုမှုနဲ့ ထောင်သုံးကြိမ်ချခံခဲ့ရတယ်။ ဒီအစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်တယ်။ လက်ရှိအချိန်အထိ သူ့အစိုးရ သက်တမ်းမှာ အန်တီတို့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို မလွှတ်ပေးချင်တဲ့အတွက် ပုဒ်မဟောင်းတွေနဲ့  ထပ်တိုး တရားစွဲဆိုနေတယ်။မေး ■ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD အနိုင်ရခဲ့တာ ဘာကြောင့်လို့ ထင်မြင်မိပါသလဲ။ဖြေ ■ NLD အနိုင်ရမယ်ဆိုတာ အစကတည်းက အားလုံး တွေးထားပြီးသားပါ။ ကြံ့ခိုင်ရေး မကြိုက်ကြဘူး။  မူလဲမပြောင်းတဲ့သူတွေကို ပြည်သူတွေ လက်မခံချင်ဘူး။ အဲဒီတော့ NLD နိုင်မှာပဲ။ တိုင်းရင်းသား ဒေသတွေမှာပဲ NLD နိုင်၊ မနိုင်တွက်ရမှာလို့ အန်တီတို့က တွေးပြီးသား။ ပြည်သူတွေက အပြောင်းအလဲကို လိုချင်လို့ ရွေးချယ်မှာပဲလေ။ ဒါပေမဲ့ တကယ်က အပြောင်းအလဲဆိုတာကို အစိုးရတွေကပဲ လုပ်ရမှာပါ။ အန်တီဆိုလိုတာက သမ္မတဦးသိန်းစိန် အစိုးရ အဖွဲ့အနေနဲ့ ကောင်းအောင် လုပ်စရာတွေ အများကြီး ရှိပေမယ့် လုပ်ခဲ့တာမျိုး မရှိဘူး။ အခု အစိုးရ အသစ်ကလည်း အပြောင်းအလဲ လုပ်မယ်လို့ ပြောတယ်။ ရှေ့ဘယ်လိုဖြစ်မလဲတော့ မပြောနိုင်သေးဘူး။ အခု ပြည်သူတွေက NLD အစိုးရကို အများကြီး မျှော်လင့်ထားတွေ ရှိတဲ့အတွက် NLD အစိုးရကလည်း ပြည်သူတွေကို မျက်နှာမူတဲ့ အစိုးတစ်ရပ် ဖြစ်စေချင်တယ်။မေး ■ NLD အစိုးရအနေနဲ့ ဘယ်လိုအကြောင်းရာတွေကို အဓိက လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိလဲ။ဖြေ ■ နိုင်ငံရေးအရ လုပ်ဆောင်မှာတွေက အများကြီးရှိတယ်။ အဓိက လုပ်ဆောင်ရမှာကတော့ ကိုယ့်နိုင်ငံသားတွေကို နိုင်ငံသားတွေအဖြစ် မြင်ပေးပြီးတော့မှ အထူးဂရုစိုက်စေချင်တယ်။ အန်တီဆိုလိုတာက လွှတ်တော်ထဲ ရောက်နေကြပြီး ကျူးကျော်ဖျက်တာတို့လို လူသားအရင်းအမြစ်နဲ့ဆိုင်တဲ့ ကိစ္စတွေကို အရေးကြီး အဆိုတင်သွင်းသင့်ပြီ။ အစိုးရ အသစ်က မြေယာပြဿနာကို အရေးကြီးဆုံး ဖြေရှင်းသင့်တယ်။ အခြေခံ လူတန်းစားများတဲ့ အန်တီတို့နိုင်ငံမှာ မြေယာပြဿနာတွေက ပြည်သူလူထု နစ်နာမှု အများဆုံးဖြစ်တယ်။မေး ■ လက်ရှိစတင်နေပြီဖြစ်တဲ့ လွှတ်တော်တွေနဲ့ လာမယ့် NLD အစိုးရအဖွဲ့အပေါ် နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ဘယ်လောက်ထိ မျှော်မှန်းထားလဲ။ဖြေ ■ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ပြောထားတာလေး ကြားသိထားတယ်။ လွှတ်တော်မှာ ပြည်သူလူထုအတွက် ဥပဒေကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ အန်တီတို့ အမြင်ကတော့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ မြင်လာတယ်။ တပ်မတော်သား၂၅ ရာခိုင်နှုန်း ပါနေတဲ့အတွက် ဆောင်ရွက်နိုင်ပါ့မလားဆိုတာ စိုးရိမ်လာတယ်။ ဒါပေမဲ့ အဲဒီအပေါ်မှာ ဘယ်လောက်ပြောနိုင်၊ ဆိုနိုင်မလဲဆိုတာ လိုသေးပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ပြောကိုပြောနိုင်ရမယ်။ မပြောနိုင်ဘူးဆိုရင် ဒါဟာ ဥပဒေ အာဏာရှင်ပဲ။မေး ■ လာမယ့် NLD အစိုးရ အဖွဲ့ဝင်တွေထဲမှာ ယခင်အစိုးရ အဖွဲ့ဝင်တွေ ပြန်လည်ပါဝင်လာခဲ့မယ် ဆိုရင်ရော ဘယ်လိုထင်မြင်မိပါသလဲ။ဖြေ ■ မြန်မာပြည်မှာ လူထုနစ်နာမှုတွေကို NLD က ကူညီတယ် ဆိုပေမယ့် တခြားကိစ္စရပ်တွေမှာ ပြတ်ပြတ်သားသား ပြောဆိုတာ မတွေ့ခဲ့ရဘူး။ နောက်ပိုင်းမှာ ရေလိုက်ငါးလိုက်တွေ မဖြစ်စေချင်ဘူး။ ပြည်သူအကျိုးကို ကြည့်ပြီး ပြည်သူဘက်ကနေ ပြတ်ပြတ်သားသားပြောတဲ့ ဘယ်အစိုးရကိုမဆို အန်တီတို့က ထောက်ခံမှာပဲ။ အဓိက လူထုကို ကာကွယ်တဲ့ အစိုးရကို အန်တီတို့က ပံ့ပိုးမှာပဲ။ မဟုတ်ရင်တော့ ထောက်ခံမှု၊ ပံပိုးပေးမှုရှိမှာ မဟုတ်ဘူး။ ဒီမိုကရေစီနိုင်ငံကို သွားမှာဖြစ်တဲ့အတွက် လူထုတွေရဲ့ အသံကို နားထောင်ဖို့လိုတယ်။ လူထုတွေလိုချင်တဲ့ အရာအားလုံး မဟုတ်ရင်တောင်မှ အနီးစပ်ဆုံး ဖြစ်အောင်လို့တော့ လုပ်ဆောင်ပေးနိုင်သင့်တယ်။ လက်ရှိအစိုးရ လက်ထက်မှာ ပြည်လူတွေ ဆင်းရဲတွင်း ပိုနက်လာတယ်။ NLD အစိုးရအနေနဲ့ ပြည်သူတွေအတွက် အလုပ်အကိုင်တွေ ပေါများလာအောင် ပြုလုပ်ပေးသင့်တယ်။ လက်ရှိအစိုးရလို NLD အစိုးရ လက်ထက်မှာ မဖြစ်စေချင်ဘူး။မေး ■ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အနေနဲ့ NLD အစိုးရလက်ထက်မှာ ဘယ်လိုအကြောင်းအရာတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။ဖြေ ■ အန်တီ ခုနကပြောသလို ပြည်သူတွေ မနစ်နာအောင် လုပ်ဆောင်နေသရွေ့ ပြောစရာတွေ မရှိပါဘူး။ NLD အစိုးရတက်လာတဲ့ အခါလည်း ပြည်သူလူထု နစ်နာမှုရှိရင် ကိုယ့်နိုင်ငံအကျိုးအတွက် အန်တီတို့ ပြောကိုပြောရမှာပဲ။ အခု အန်တီတို့တွေ လက်ပံတောင်းကိစ္စ ဒေသခံပြည်သူတွေဘက်က ရပ်တည်ပြီး တောင်းဆိုခဲ့တဲ့အတွက် ဖမ်ဆီးထောင်ချ မတရားလုပ်တာ ခံခဲ့ရတယ်။ အခုလာမယ့် အစိုးရကလည်း လက်ပံတောင်းတောင် ကိစ္စမှာ ပြည်သူတွေဘက် မရပ်တည်ဘူး။ ပြည်သူ့အကျိုးကို မကြည့်ဘူးဆိုရင် လက်ရှိအစိုးရနဲ့ အတူတူပဲလို့ အန်တီတို့ပြောရမှာပဲ။ လူထုတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ မပြင်နိုင်သေးသရွေ့ အစိုးရကောင်း မဖြစ်နိုင်သေးဘူးလို့ အန်တီတို့ ခံယူထားပါတယ်။မေး ■ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအပြင် မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ တရုတ်စီမံကိန်းတွေကို လာမယ့် NLD အစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းသင့်တယ်လို့ ထင်မြင်ပါလဲ။ဖြေ ■ လက်ပံတောင်းတောင် အရေးတင်မကဘူး။ လယ်သမားအရေး၊ မြေယာအရေး ကိစ္စအားလုံးပေါ့နော်။ အခုဆိုရင် အန်တီတို့ နိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပြည်သူတွေ တအားနစ်နာနေတယ်။ ဥပမာဆိုရင် လက်ပံတောင်းတောင် စီမံကိန်းမှာ လုပ်နေတဲ့သူတွေ အချို့မှာ ပတ်စပို့တောင် မရှိဘူးလို့ ကြားသိရတယ်။ နီကယ်စက်ရုံမှာ လုပ်နေတဲ့ ဒေသခံ အလုပ်သမားတွေက သူတို့ အခွင့်အရေး နစ်နာမှုတွေ ရှိတဲ့အတွက် ဆန္ဒပြမှုတောင် ရှိခဲ့ကြတယ်။ သူတို့ အများကြီး နစ်နာမှုတွေ ရှိတယ်။ အဲဒီတော့ တရုတ်စီမံကိန်းတွေ အများကြီး လာမယ်ဆိုရင် သေချာစိစစ်ပြီးမှ လက်ခံစေချင်တယ်။ ရှိပြီးသား စီမံကိန်းတွေကိုလည်း ပြန်လည် စိစစ်စေချင်တယ်။ အခုဆို လက်ပံတောင်းတောင် စီမံကိန်းကြီးထဲ ဘယ်သူမှဝင်လို့ မရဘူး။ ဘာတွေလုပ်နေမှန်းလဲ မသိရဘူး။ ပြီးတော့ အန်တီတို့နိုင်ငံ နှစ်ခြမ်းကွဲစေနိုင်တဲ့ တရုတ်ကို ရောင်းချနေတဲ့ သဘာ၀ ဓာတ်ငွေ့လိုင်း ကိစ္စတွေလည်း ရှိနေတယ်။ နိုင်ငံမှာ သဘာဝပတ်ဝန်းကျင် အဖွဲ့တွေ ရှိတယ်။ လွတ်လပ်တဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်တွေ ရှိတယ်။ သူတို့နဲ့ တိုင်ပင်ဆွေးနွေးပြီးမှ လက်ခံသင့်တယ်။ ပြန်လည်စိစစ်သင့်တယ်။

Most Read

Most Recent