၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို နှိပ်စက်မှုဖြင့် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၂၆၊ ပုဒ်မ ၁၄၄ တို့ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချ

၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို နှိပ်စက်မှုဖြင့် အိမ်ရှင်ဖြစ်သူအား ပုဒ်မ ၃၂၆၊ ပုဒ်မ ၁၄၄ တို့ဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် ဗဟန်းမြို့နယ် တရားရုံးက အမိန့်ချ
Published 26 February 2016
ဝေလင်းအောင်

နှိပ်စက်ခံရသည့် အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းတရားရုံးတွင် တရားစွဲဆိုထားသည့် အမှုကို ဖေဖော်ဝါရီ ၂၆ ရက်မွန်းလွဲပိုင်းတွင် ရုံးတင်စစ်ဆေးခဲ့ရာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးကို နှိပ်စက်မှုဖြင့် အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းထန် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် စုစုပေါင်း ထောင်ဒဏ်သုံးနှစ် ကျခံစေရန် ဗဟန်းမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။“ဒီနေ့ အိမ်ရှင်ဖြစ်သူ အမျိုးသားကို အမှုနှစ်မှုအတွက် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ အမိန့်နဲ့ ပတ်သက်ပြီးတော့ နှိပ်စက်ခံရတဲ့ မိန်းကလေးနဲ့ မိသားစုဝင်တွေ ကျေနပ်မှုရှိ၊ မရှိဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။ သူတို့မိသားစုရဲ့ သဘောအတိုင်း အထက်ရုံး ထပ်တက်၊ မတက်ကို ဆောင်ရွက်ပေးရမှာပါ” ဟု နှိပ်စက်ခံခဲ့ရသည့် မိန်းကလေး၏ ရှေ့နေဖြစ်သူက ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားသည်။၂၀၁၄ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ဗဟန်းမြို့နယ် တရားရုံးက ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ အမျိုးသားအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းထန် နာကျင်စေမှု)၊  ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူက အဆိုပါ စွဲချက်များအား ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ကာ ခရိုင်တရားရုံးက ပုဒ်မ ၅၀၆ အား ပယ်ဖျက်ပေးရန် အမိန့်ချခဲ့ကြောင်း သိရသည်။နှိပ်စက်ခံခဲ့ရသည့် မိန်းကလေး၏ တရားရုံး ထွက်ဆိုချက်များအရ အိမ်ရှင်ဖြစ်သူနှစ်ဦးမှာ ၎င်း၏လက်အား ဆီထည့်ထားသည့် ဒယ်အိုးအတွင်း ထိုးနစ်မှုများ ရှိခဲ့ကြောင်း၊ ကတ်ကြေးဖြင့် ထိုးမှုများ ရှိခဲ့ကြောင်းနှင့် နှိပ်စက်ခံခဲ့ရမှုကြောင့် ကုသခဲ့ရသည့် ဆေးမှတ်တမ်းများအား တရားရုံးသို့ တင်ပြခဲ့ကာ ထိုနှိပ်စက်ခံခဲ့ရသည့် အကြောင်းအား ထွက်ဆိုစဉ် ငိုကြွေးဝမ်းနည်းမှု ရှိခဲ့သည့်အတွက် ယင်းအခြေအနေအား တရားရုံးက ထွက်ဆိုချက်၌ မှတ်တမ်းတင်ထားမှု ရှိခဲ့ကြောင်း သိရသည်။အမှုဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အသက် ၁၅ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်နေ အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့် မသီရိကိုကိုတို့အား ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအနက် မသီရိကိုကိုမှာမူ ယခုအချိန်ထိ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent