မကွေးတိုင်းဒေသကြီးမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများကို Facebook ပေါ်တင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး

မကွေးတိုင်းဒေသကြီးမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများကို Facebook ပေါ်တင်ခဲ့သူဟု ယူဆရသူတစ်ဦးအား ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီး
Published 25 February 2016
မင်းသိန်းနိုင်၊ သီဟအောင်

မကွေးတိုင်းဒေသကြီးမှ စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲမေးခွန်းများကို  Facebook တွင် တင်ခဲ့သည်ဟု ယူဆရသူတစ်ဦးအား ကျောက်တံတားရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖမ်းဆီးထားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ယင်းကဲ့သို့ ဖမ်းဆီးထားသူမှာ ဦးဝင်းမောင် (ခ) အငယ်လေး (၃၄ နှစ်) ဆိုသူဖြစ်ပြီး ၎င်းမှာ မကွေးမြို့မရဲစခန်းက အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (ခ) ဖြင့် အမှုဖွင့်ခံထားရသူဖြစ်သဖြင့် ၎င်းကို ဖေဖော်ဝါရီ ၂၄ရက်၊ ညနေ ၄နာရီခန့်က ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဖမ်းဆီးခံရသည့် ဦးဝင်းမောင်(ခ)အငယ်လေးဆိုသူမှာ လက်ရှိတွင် အသက်ရှုကြပ်ကာ ရင်ဘတ်အောင့်ဝေဒနာ ခံစားနေရသဖြင့် ရန်ကုန်ဆေးရုံကြီး နှလုံးကုသဆောင်(၃)တွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။“မကွေးတိုင်းဒေသကြီးမှာ မေးခွန်းပေါက်ကြားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Facebook ပေါ် တင်တဲ့သူတစ်ဦးကို ဖေဖော်ဝါရီ ၂၄ ရက်က ကျောက်တံတားမြို့နယ်အတွင်းမှာ ဖမ်းဆီးရမိထားပါတယ်။ လောလောဆယ်မှာတော့ ဖမ်းဆီးထားတဲ့သူက နေမကောင်းသေးတဲ့အတွက် အသေးစိတ်တော့ ပြောပြလို့ မရသေးပါဘူး။ ပြီးတော့ ဒီအမှု ကျွန်တော်တို့ ကျောက်တံတားမှာ ဖွင့်တဲ့အမှု မဟုတ်ပါဘူး။ မကွေးတိုင်းက ဖွင့်ထားတဲ့အမှုပါ”ဟု ကျောက်တံ တားမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကွေး မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်မေးမြန်းရာ “လက်ရှိအချိန်မှာ အမှုက ကျွန်တော့်လက်ထဲကို လုံးလုံးမရောက်သေးတဲ့အတွက် အမှုနဲ့ပတ်သက်ပြီး ပြောပြလို့မရသေးပါဘူး”ဟု ပြန်လည်ဖြေကြားသည်။မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်အဆင့် စစ်ဆေးမည့် စတုတ္ထတန်းစာမေးပွဲနှင့် တိုင်းအဆင့် စစ်ဆေးမည့် အဋ္ဌမတန်းစာမေးပွဲတို့တွင် မေးမြန်းမည့် ဘာသာရပ်မေးခွန်းများအနက် အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း ဘာသာရပ်များ၏ မေးခွန်းများမှာ ဖေဖော်ဝါရီ ၁၅ရက်မှစ၍ Facebook စာမျက်နှာမှတစ်ဆင့် နေ့စဉ်ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းသို့ မေးခွန်းပေါက်ကြားမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်မှစပြီး မကွေးတိုင်းဒေသကြီးမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့ပြီး မကွေးမြို့၊ သုခိတာလမ်း၊ ရန်ကင်းဈေးဆိုင်ခန်းရှိ မိတ္တူဆိုင်တစ်ဆိုင်၏ ပိုင်ရှင်တစ်ဦးနှင့် ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်းမှ ဆရာမတစ်ဦးတို့အား စစ်ဆေးရာ ယင်းမေးခွန်းများသည် ချောက်မြို့နယ်အတွင်းရှိ အခြေခံ မူလတန်းလွန် ကျောင်းတစ်ကျောင်းမှ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။စစ်ဆေးပေါ်ပေါက်ချက်နှင့် ပတ်သက်၍ ချောက်မြို့နယ် အခြေခံပညာ မူလတန်းလွန်ကျောင်းတစ်ကျောင်းမှ ပညာရေးဝန်ထမ်း အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ၅ (၁) /(က)(ဂ)တို့ဖြင့် ချောက်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရပြီး အမှုနှင့် ပတ်သက်၍ ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်းလည်း သိရသည်။အဆိုပါ ဥပဒေပုဒ်မကို ကျူးလွန်ဖောက်ဖျက်ပါက ထောင်ဒဏ်နှစ်နှစ်နှင့် ဒဏ်ငွေများလည်း ချမှတ်နိုင်ကြောင်း၊ အရေးယူထားသည့် ပညာရေးဝန်ထမ်းများ၏ ရာထူးနှင့် အမည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။              

Most Read

Most Recent