myME ဒစ်ဂျစ်တယ် ပညာရေး အစီအစဉ်တည်ထောင်သူ (myME) ၏ ဒါရိုက်တာ ကိုတင်မောင်အေးနှင့် တွေ့ဆုံခြင်း

myME ဒစ်ဂျစ်တယ် ပညာရေး အစီအစဉ်တည်ထောင်သူ (myME) ၏ ဒါရိုက်တာ ကိုတင်မောင်အေးနှင့် တွေ့ဆုံခြင်း
Published 25 February 2016
စောရည်နန္ဒာ

‘ဆရာ၊ ဆရာမတွေကို ဗဟိုပြုတဲ့ စနစ်နဲ့ဆိုရင် ကလေးတွေ အိပ်ငိုက်သွားလိမ့်မယ်။ ဒါကြောင့် အစ်ကိုတို့က သူတို့ ကျောင်းလာတက်ချင်တဲ့ စိတ်ရှိအောင် လုပ်ပေးရတယ်’

တယ်လီနောနဲ့ ပူးပေါင်းပြီး ပြည်တွင်းရှိ လက်ဖက်ရည်ဆိုင်များမှာ အလုပ်လုပ်ကိုင်နေသည့် ကျောင်းပြင်ပရောက် ကလေးငယ်များနဲ့ လူငယ်တွေကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ လူမှုဆက်ဆံရေးနဲ့ အသက်မွေးဝမ်းကျောင်း သင်ခန်းစာတွေကို သက်ဆိုင်ရာ Level အလိုက် သင်ကြားပေးနေတဲ့ မြန်မာ့ရွေ့လျား ပညာသင်ကြားရေးစီမံကိန်း myME ဒစ်ဂျစ်တယ် ပညာရေး အစီအစဉ်ကိုတည်ထောင်သူ (myME) ရဲ့ ဒါရိုက်တာဖြစ်သူ ကိုတင်မောင်အေးနဲ့ တွေ့ဆုံမေးမြန်းချက်များကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
မေး - ဒီ မြန်မာ ရွေ့လျားပညာသင်ကြားရေး ပရောဂျက် စတင် လုပ်ကိုင်လာပုံကို ပြောကြားပေးပါ။
ဖြေ - အစ်ကိုတို့က ဒီနိုင်ငံက ထွက်သွားတာ ၈၉ ခုနှစ်လောက်ကပါ။ အမေရိကားကို ထွက်သွားတာ၂၅ နှစ်လောက်ကြာတယ်။ ပြီးတော့ အစ်ကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပြန်လာဖြစ်တယ်။ ပြန်လာတာက သူငယ်ချင်းတွေ စုပြီးတော့ ကုမ္ပဏီထောင်မယ်ဆိုပြီး ပြန်လာဖြစ်တာ။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ပြီး မြန်မာနိုင်ငံက ကလေးအလုပ်သမားအကြောင်းတွေ ပြောဖြစ်တယ်။ မြန်မာနိုင်ငံမှာ ကျောင်းမတက်နိုင်တဲ့ ကျောင်းပြင်ပကလေးတွေ အများကြီးရှိတယ်။ ဒီကလေးတွေကို ငါတို့တတ်နိုင်တဲ့ဘက်က ပြန်ကူညီပေးချင်တယ်။ ဒါကြောင့် နယူးယောက်ကို ပြန်သွားတယ်။အဲဒီမှာ အစ်ကိုတို့အဖွဲ့ဖွဲ့တယ်။ အဲဒီမှာ ရန်ပုံငွေရှာခဲ့တာ ကျပ်သိန်း ၃၀၀၊ ၄၀၀ လောက် ရတော့ အစ်ကိုတို့ မြန်မာနိုင်ငံကို ပြန်လာကြတယ်။ ဒီရောက်တော့ ပရောဂျက်ကို စလုပ်ကြတယ်။ အဲဒီတုန်းကလည်း ဟိုဘက်မှာ အလုပ်တွေရှိတော့ ပြန်လာလိုက် ပြန်သွားလိုက်နဲ့ပေါ့။ ဒီမှာ ကျန်ခဲ့တဲ့သူတွေပဲ ဆက်လုပ်တယ်။ အစ်ကိုတို့ လိုအပ်တာတွေ ပံ့ပိုးပေးတယ်။
မေး - တယ်လီနောနဲ့ ဘယ်အချိန်မှာ စတင်ပြီးတော့ ပူးပေါင်းဖြစ်တာလဲ။ ဘယ်လို ချိတ်ဆက် ဖြစ်တာလဲဆိုတာ သိချင်ပါတယ်။
ဖြေ - တယ်လီနောနဲ့က ၂၀၁၄ ခုနှစ်မှာ စတင် ပြီးတော့ ပူးပေါင်းဖြစ်ပါတယ်။ တယ်လီနောဘက်က အရင်လာပြီးတော့ ကမ်းလှမ်းတာပါ။ ဒီပရောဂျက်ကိုစတုန်းက သူငယ်ချင်းတွေနဲ့ စုပြီးတော့ လုပ်ခဲ့တာပါ။ သူတို့မြန်မာနိုင်ငံကို စဝင်လာတုန်းကလည်း လက်ဖက်ရည်ဆိုင်တွေမှာ သူတို့ Brand လုပ်ထားတာတွေရှိတယ်။ သူတို့အနေနဲ့လည်း ဒီကလေးတွေကို သင်တန်းတွေ ပေးစေချင်တယ်။ အဲဒီအချိန်မှာ အစ်ကိုတို့ကလည်း စတင်ပြီးတော့ ပရောဂျက် လုပ်တဲ့အချိန်ဆိုတော့ တယ်လီနောနဲ့ ပူးပေါင်းဖြစ်သွားတာပါ။ အခုလက်ရှိအချိန်အထိပါပဲ။ တယ်လီနောကတော့ ဒီပရောဂျက်မှာ အကြီးမားဆုံး ကူညီပေးထားပါတယ်။
မေး - တယ်လီနောအပြင် အခြား ပြည်တွင်းပြည်ပ အလှူရှင်တွေရော ရှိပါသလား။
ဖြေ - ရှိပါတယ်။ တယ်လီနောကတော့ အကြီးဆုံးပေါ့။ အပြင်က ပုဂ္ဂလိကတစ်ဦးချင်း လာလှူတဲ့ သူတွေလည်းရှိတယ်။ ဆမ်ဆောင်း ကုမ္ပဏီဆိုရင်လည်း ကားတစ်စီး လှူထားတယ်။ ပြီးတော့ တက်ပလပ်တွေ လှူတာလည်းရှိတယ်။ ပြီးရင် အခြားပြည်တွင်းက အဖွဲ့အစည်းက လှူတာတွေလည်း ရှိပါတယ်။ တစ်နှစ်အတွင်းမှာဆိုရင် အနည်းဆုံးကျပ် သန်း ၂၀၀၀ ကျော်၊ ၃၀၀၀ နီးပါးလောက်တော့ ရရှိပါတယ်။
မေး - ဒီပရောဂျက်မှာ စာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမ ဘယ်နှယောက်ရှိပါသလဲ။ တစ်ပတ်ကို ဆိုင်ဘယ်နှဆိုင်လောက် သွားဖြစ်လဲ။
ဖြေ - ဆရာ၊ဆရာမ အားလုံးပေါင်း ၂၅ ဦး လောက် ရှိပါတယ်။ ဘတ်စ်ကားစုစုပေါင်း လေးစီးရှိတယ်။ အစ်ကိုတို့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ဆိုရင် တစ်ပတ်ကိုသုံးရက်သွားတယ်။ တစ်ခါသင်ရင် နှစ်နာရီ သို့မဟုတ် တစ်နာရီခွဲ သင်ပေးတယ်။ ဆိုင်တွေကတော့ တစ်ဆိုင်ပြီးတစ်ဆိုင် သွားနေရတာပေါ့။တစ်ပတ် ခုနစ်ရက်လုံး သင်ပေးတယ်။ ပြီးတော့ အစ်ကိုတို့ စာသင်တဲ့နေရာမှာ ဆိုင်ရှင်တွေနဲ့ အရင်ဆုံးညှိနှိုင်းရတယ်။ ဆိုင်ရှင်တွေ ခွင့်ပြုတော့မှ သင်ခွင့်ရမှာလေ။ ပြီးတော့ ကလေးတွေ အားလပ်ချိန်မှာ သင်ပေးရတာဆိုတော့ ကလေးတွေအတွက်  အားလပ်ချိန်ကို နာရီဝက်၊ တစ်နာရီပိုပေးဖို့ အရင်ဆုံးညှိနှိုင်းရတယ်။ ဒါကြောင့် အချိန်တွေကို အမြဲတမ်းညှိရတယ်။
မေး - အစ်ကိုတို့ အခုလက်ရှိအချိန်ထိ ကျောင်းပြင်ပရောက် ကလေးဘယ်နှယောက်ကို သင်ကြားပေးပြီးသွားပြီလဲ။
ဖြေ - လက်ရှိအထိတော့ ရန်ကုန်၊ မန္တလေး နှစ်မြို့ပေါင်းမှာ ကလေး ၉၀၀ နီးပါးကို စသင်ကြားပေးပြီးသွားပါပြီ။ ဒီ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်ဆိုရင် အခြားမြို့နယ်တွေမှာရှိတဲ့ ကလေးငယ်တွေ အပါအဝင် ကလေးငယ် ၅၀၀၀ လောက်ကို သင်ကြားပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နောက်ပိုင်းမှာ ဒီလိုမျိုး ဘတ်စ်ကားတွေနဲ့ တစ်နေရာ၊ တစ်နေရာကိုသွားပြီး သင်နေတယ်ဆိုရင် သိပ်ပြီးတော့ အလုပ်မဖြစ်ဘူး။ ဒါကြောင့် နောက်ပိုင်းမှာ တယ်လီနောရဲ့ နည်းပညာကို အသုံးပြုပြီးတော့ အင်တာနက်ကနေတစ်ဆင့် သင်ကြားသွားနိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။
မေး - ကလေးတွေကို စာသင်ကြားပေးတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။ ဘယ်လိုအပိုင်းတွေကို သင်ကြားပေးတာပါလဲ။
ဖြေ -  အခက်အခဲတွေကတော့ မျိုးစုံပါပဲ။ သင်ကြားမှု ပိုင်းမှာဆိုလည်း အခက်အခဲတွေ ရှိပါတယ်။ နောက်ပြီး ဆိုင်ရှင်နဲ့ ကလေးတွေကြားမှာ ညှိနှိုင်းတဲ့နေရာမှာလည်း အခက်အခဲရှိတယ်။ မြန်မာနိုင်ငံမှာက ဆရာ၊ဆရာမကို ဗဟိုပြုတဲ့စနစ်နဲ့ သင်ကြားရတာ။ အစ်ကိုတို့ကျတော့ ကလေးတွေကို ဗဟိုပြုတဲ့စနစ်နဲ့ ပြန်ပြီးတော့ သင်ကြားပေးတယ်။ ဒီစနစ်ကို ဘာလို့ ရွေးချယ်ရတာလဲဆိုရင် အခု စာသင်နေတဲ့ ကလေးတွေက နံနက် ၄ နာရီလောက်ကတည်းက ထပြီး ဆိုင်မှာ အလုပ်လုပ်နေရတာပါ။ သူတို့မှာ ပင်ပန်းနွမ်းနယ်နေတာ။ဒါကြောင့် ဆရာ၊ ဆရာမတွေကို ဗဟိုပြုတဲ့စနစ်နဲ့ဆိုရင် ကလေးတွေ အိပ်ငိုက်သွားလိမ့်မယ်။ ဒါကြောင့် အစ်ကိုတို့က သူတို့ကျောင်းလာတက်ချင်တဲ့ စိတ်ရှိအောင် လုပ်ပေးရတယ်။ ပြီးတော့ သူတို့ စာသင်တဲ့အချိန်မှာဆိုရင် စိတ်ပျော်ရွင်အောင် ဂိမ်းတွေ၊ သူတို့ကိုယ်တိုင် လုပ်ဆောင်ရမဲ့  Activity တွေကို ဆရာ ဆရာမတွေက ပြုုလုပ်ခိုင်းပါတယ်။ ပြီးတော့ အသက်အရွယ် ကွာဟမှုကလည်း အခက်ခဲတစ်ခု၊ ပြီးတော့ ကလေးတွေရဲ့ အားလပ်ချိန်တွေက တစ်ဆိုင်နဲ့ တစ်ဆိုင် မတူကြဘူး။ ဒါကြောင့် ဆိုင်ရှင်တွေနဲ့ ညှိနှိုုင်းရတယ်။ တစ်ချို့ဆိုင်ရှင်တွေကျတော့ လက်မခံဘူး။ သူတို့လုပ်ငန်းအတွက် ထိခိုက်တယ်ဆိုပြိးတော့၊ တစ်ချို့ဆိုင်ရှင်တွေကျတော့ လက်ခံတယ်။ ဆိုင်ရှင်တွေ လက်ခံရင်လည်း စာသင်ကြားမဲ့ ကလေးတွေနဲ့ ပြန်ပြီးတော့ ညှိနှိုင်းရတယ်။ သူတို့က မနက်အစောကြီးထပြီး အလုပ်လုပ်ရတာ။ အားတဲ့အချိန်မှာ နာချင်ကြတယ်။ တချို့ကလေးတွေကျတော့ စာမသင်ချင်ကြဘူး။ စာမသင်ချင်လို့ အလုပ်လုပ်ပါတယ်ဆိုမှ ဘာဖြစ်လို့ စာသင်ရမှာလဲဆိုပြီးတော့ လက်မခံတဲ့ ကလေးတွေလည်းရှိတယ်။ ဒါကြောင့် အများကြီးကို ညှိနှိုူင်းပြီးတော့ အလုပ်လုပ်ရပါတယ်။ ဒါကြောင့် ဒီပရောဂျက်မှာ အကိုတို့ရော ကလေးတွေရော ဆိုင်ရှင်တွေရော အားလုံး ပူးပေါင်း ပါဝင်ရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မှာပါ။
မေး-သင်ကြားတဲ့နေရာမှာ အသက်ရွယ်ပိုင်းခြား ဘယ်လောက်ထိရှိလဲ၊ ယောက်ျားလေးများလား မိန်းကလေးတွေများလား၊
ဖြေ - အသက်ရွယ်ပိုင်းခြားကတော့ အမျိုးမျိုးရှိပါတယ်။ အများဆုံးကတော့ ၁၀ နှစ် မပြည့်သေး ကလေးတွေများတယ်.ပြီးတော့ အဖျော်ဆရာတွေဆိုရင် အသက် ၃၀ ကျော်တွေတောင် ရှိတယ်။ တစ်ချို့ဆိုင်တွေဆိုရင်လည်း မိန်းကလေးတွေ များပါတယ်။
မေး - ဒီနှစ်အတွင်းမှာဆိုရင် မြို့နယ် ဘယ်နှစ်မြို့လောက် သင်ကြားပေးသွားမှာပါလဲ။
ဖြေ - ဒီနှစ်အတွင်းမှာဆိုရင် မြို့နယ် ၁၀ မြို့နယ်လောက်ကို သင်ကြားပေးသွားပေးသွားမှာပါ။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ။ သာကေတ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရန်ကင်း၊ လမ်းမတော်၊ မင်္ဂလာတောင်ညွှန့်၊ မရန်ကုန်း၊ အင်းစိန်၊ မင်္ဂလာဒုံ၊ စတဲ့ မြို့နယ်တွေ မှရှိတဲ့ ကလေးတွေကို သင်ကြားပေးမှာပါ။
မေး - စာသင်ကြားပေးတဲ့အခါ ဘယ်လိုအပိုင်းတွေနဲ့ကလေးတွေကို သင်ကြားပေးတာပါလဲ။
ဖြေ - အကိုတို့ ဒီပရော်ဂျက်ကို လုပ်လာတာ တစ်နှစ်ကျော်ရှိပြီ။ အကိုတို့က သင်ပေးတဲ့ နေရာမှာ အပိုင်လေးပိုင်းနဲ့ သင်ကြားပေးတယ်။ အဆင့်တစ်ဆင့်ကို ခြောက်လလောက်ကြာတယ်။ အခြေခံအဆင့်ကတော့ ရေးတာ ဖတ်တာက စတယ်။ ပြီးရင်နောက်ထပ် အဆင့်တစ်ခုကို တက်မယ်။ အဲ့ဒီမှာ တစ်ကိုယ်ရေး သန့်ရှင်းမှု၊ အင်္ဂလိပ်စာရှိတယ်။ လူမှုဆက်ဆံရေးရှိမယ်။ အဆင့်နှစ်မှာဆိုရင် ကွန်ပျူတာအခြေခံရှိမယ် အသက်မွေးဝမ်းကြောင်း ကဏ္ဍ ၁၁ ခုရှိမယ်။ အသက်မွေးဝမ်းကြောင်း တစ်ခုစီမှာ အင်္ဂလိပ်စာ တစ်ခုစီပါတယ်။ တတိအဆင့်ထိရောက်သွားတဲ့ ကျောင်းသားတွေဆိုရင် သူတို့ရဲ့ တေးွခေါ်ဉာဏ်တွေက အရင်နဲ့မတူတော့ဘူး အများကြီး တိုးတက် ပြောင်းလဲသွားတယ် အဆင့်လေးဆင့်လုံး ပြီးသွားရင်တော့ myME က သင်ကြားပေးတဲ့ အပိုင်းပြီးသွားပါပြီးတော့ အကိုတို့က သူတို့ကို စာသင်းခန်းထဲတွေ ခေါ်သွားပြီး စာပြန်သင်ခိုင်းဖို့ဆိုတာ မလွယ်ပါဘူး။ ဒါကြောင့်သူတိုဘဝတွေ ရပ်တည်နိုင်တဲ့ သက်မွေးဝမ်းကြောင်း လူမှုဆက်ဆံရေးအပိုင်တွေကို အဓိကထားပြီတော့ သင်ကြားပေးပါတယ်။
မေး - အခုက အသေးစားအလတ်စားနဲ့ လုပ်ငန်းတွေကိုပဲ အဓိကထားတာပေါ့။ နောက်ပိုင်းမှာလည်း ဘယ်လို လုပ်ငန်းမျိုးက ဝန်ထမ်းတွေကို သင်ကြားပေးဖို့ ရှိပါသလဲ။
ဖြေ - နောက်ပိုင်းမှာတော့ အထည်ချုပ်စက်ရုံးတွေမှာရှိတဲ့က ကျောင်းပြင်ပရောက်နေတဲ့ ကလေးငယ်တွေကိုလည်း သင်ကြားပေးနိုင်ဖို့အတွက် အကိုတို့ညှိနှိုင်းနေပါတယ်။ လှီုင်သာယာဆို့ရွှေပြည်သာတို့မှာရှိတဲ့ အထည်ချုပ်စက်ရုံတွေကိုသွားဖို့ညှိနှိုင်းနေတယ်။ အကိုတို့ဖြစ်ချင်တာ ကျောင်းမတက်နိုင်ဘဲ ကျောင်းပြင်ပရောက်နေတဲ့ ကလေးတွေရဲ့ဘဝတွေကို ဒီနေရာမှာတစ်ခုမှပဲ ရပ်တံ့မနေဘဲ ဒီထက်တိုးတက်မှုရှိအောင် အပြင်မှာဘဝတစ်ခု ရပ်တည်နိုင်သွားနိုင်အောင်အတွက် သင်ကြားပေးသွားမှာပါ။
အမည်                - ကိုတင်မောင်အေး
အလုပ်အကိုင်       - မြန်မာရွေ့လျား ပညာသင်ကြားရေး စီမံကိန်း ပရော်ဂျက် ဒါရိုက်တာ
ပညာအရည်အချင်း - Bachelor of Master (U.S) Computer Science
 

Most Read

Most Recent