အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်နှင့် တိုင်းသူပြည်သားများ စိတ်ပျက်မည့်အလုပ်မျိုး မလုပ်မိကြရန် NLD ပါတီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများအား ဒေါ်အောင်ဆန်းစုကြည်မှာကြား

အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်နှင့် တိုင်းသူပြည်သားများ စိတ်ပျက်မည့်အလုပ်မျိုး မလုပ်မိကြရန် NLD ပါတီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများအား ဒေါ်အောင်ဆန်းစုကြည်မှာကြား
Published 22 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်ကြရန်နှင့် တိုင်းသူပြည်သားများ စိတ်ပျက်မည့် အလုပ်မျိုးမလုပ်ဖြစ်ရန် NLD ပါတီ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သတင်းရရှိသည်။နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ကော်မတီဆောင် (I-12) တွင် ဖေဖော်ဝါရီ ၂၂ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးမှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။“ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ ရှေ့ဆောင်ရွက်ရမယ့် လမ်းကြောင်းတွေပေါ့။ ထားရမယ့်စိတ်ထားတွေ၊ ကျွန်တော်တို့က အသစ်ဆိုတော့ စေတနာနဲ့ လုပ်ရမှာပေါ့။ အဂတိ တရားကင်းစင်တဲ့ဟာတွေကို ရှေးရှုပြီးတော့ အထူးသဖြင့် တိုင်းသူပြည်သား စိတ်ပျက်မယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်ဖို့ သြဝါဒပေးတဲ့ သဘောပါပဲ”ဟု ဦးဝင်းထိန်က မီဒီယာများကို ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌများ တွေ့ဆုံပွဲသို့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။“အဓိကကတော့ မှန်မှန်ကန်ကန် အလုပ်လုပ်ဖို့၊ ကြိုးစားဖို့၊ သိက္ခာရှိအောင်နေဖို့ ဒါပါပဲ။ တချို့က လွှတ်တော်မှာ နေရာမယူချင်ဘူး။ အစိုးရအဖွဲ့မှာပဲ နေရာလိုချင်တယ်။ ဒါတာဝန်ယူချင်တာ မဟုတ်ဘူး။ ပေးတဲ့တာဝန်ကိုယူဖို့ နေရာဆိုတာကို မစဉ်းစားဖို့၊ ကိုယ်ကျတဲ့နေရာကို တာဝန်ယူဖို့ ဒါပါပဲ။ တခြား ထွေထွေထူးထူးတော့ မရှိပါဘူး”ဟု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ပြောကြားသည်။ထို့အတူ ကချင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌက “နိုင်ငံတော် တည်ဆောက်ရေးမှာ ဥပဒေတွေ ပြဋ္ဌာန်းတဲ့အချိန်မှာ အမှားတွေမရှိဖို့၊ ဆောင်ရွက်တဲ့ နေရာမှာ ဥပဒေ ကြောင်းအရ မမှားဖို့ပြောပါတယ်” ဟု မီဒီယာများကို ပြောကြားသည်။အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်နှင့် ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ကြသည်။ထိုသို့ တွေ့ဆုံရာတွင် အစိုးရဖွဲ့စည်းရေးနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိကြောင်း တက်ရောက်လာသည့် လွှတ်တော်ဥက္ကဋ္ဌများက ဆိုသည်။တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းဒေသကြီးခုနစ်ခုနှင့် ပြည်နယ်ငါးခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကသာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများ ရရှိထားသည်။ရခိုင်ပြည်နယ်လွှတ်တော်တွင် နေရာအများစု အနိုင်ရရှိသည့် ရခိုင်အမျိုးသား ပါတီကပင် ၎င်းတို့ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးအား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ အမည်စာရင်းများ တင်သွင်းခဲ့ပြီး ၎င်းတို့နှင့် အတူယှဉ်ပြိုင်တင်သွင်းသူ မရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးစံကျော်လှအားလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဖိုးမင်းအားလည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့သည်။သို့သော် ရှမ်းပြည်နယ်လွှတ်တော်တွင်မူ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌနေရာများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ၎င်းတို့၏ပါ တီကိုယ်စား ပြုလွှတ်တော်ကိုယ်စားလှယ်များအား ယှဉ်ပြိုင်အမည်စာရင်း တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ အမည်စာရင်း တင်သွင်းခံရသူများမှာ အနိုင်ရရှိခဲ့သည်။ ထို့ကြောင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံးဆိုင် (လွှတ်တော် ဥက္ကဋ္ဌဟောင်း) အားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးစဝ်အောင်မြတ် (လက်ရှိပြည်နယ်ဝန်ကြီးချုပ်) အား လည်းကောင်း ရွေးချယ်တင်မြှောက်ခဲ့သည်။ရှမ်းပြည်နယ် လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ တတိယအများ ဆုံးဖြစ်သော်လည်း ပြည်ခိုင်ဖြိုးပါတီမှာ ၎င်း၏ မိတ်ဖက်ပါတီအချို့ အပါအဝင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းပါက ရှမ်းပြည်နယ်လွှတ်တော်တွင် အင်အားအများဆုံး ဖြစ်သည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရှမ်းပြည်နယ်လွှတ်တော်တွင်  ဒုတိယ အင်အားအများဆုံး ပါတီဖြစ်သော်လည်း ၎င်းတို့အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်ပူးပေါင်းလျှင်ပင် ပြည်ခိုင်ဖြိုးပါတီအား ကျော်လွန်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်အင်အား မရှိပေ။ 

Most Read

Most Recent