ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား တရားစွဲဆိုထားသည့် အမှုမှ တရားလိုဦးမျိုးချစ်အား မမှန်မကန် ထွက်ဆိုသည်ဟုဆိုကာ ပုဒ်မ ၁၉၃ အရ အရေးယူသင့်၊ မယူသင့် ယနေ့ ( ဖေဖော်ဝါရီ ၂၂ ရက်) ကျောက်တန်းမြို့နယ် တရားရုံး၌ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။အဆိုပါအမှုအတွက် အရေးယူ သင့်၊ မယူသင့်အား ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက် ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြန်အလှန် လျှောက်လဲချက်များ ပေးခဲ့ကြကြောင်း သိရသည်။ယခုရုံးချိန်းတွင် ဒေါ်အေးမြမြမျိုးအမှုအပါအဝင် ညောင်းဝိုင်းကျေးရွာ မဲရုံ (၁) မှ ဒုမဲရုံမှူး ဒေါ်မြမြအေးအား ဦးမျိုးချစ်က မှားယွင်း တရားစွဲဆိုမိသည့်အတွက် အမှုရုပ်သိမ်းပေးပါရန် လျှောက်ထားသော အမှုကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ဦးမျိုးချစ်က ဇန်နဝါရီ ၁၁ ရက်က လျှောက်ထားခဲ့ပြီး လျှောက်ထားရာတွင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်းကျေးရွာအုပ်စု မဲရုံ (၁) ၏ ဒုတိယမဲရုံမှူး ဒေါ်မြမြအေး ကို ဥပဒေ ၅၉ (ခ) ဖြင့် ဆွဲထားသည့် အမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၃၀ ရက် ရက်စွဲ၊ စာ အမှတ် ၆၄၅/၅/ရပကခ-၂/ရကမရဖြင့် မှားယွင်းစွာ တရားစွဲဆိုခဲ့သည့်အတွက် အမှုအား ရုပ်သိမ်းပေးရေးကိစ္စအပေါ် ဦးအုန်းမြင့်၏ သဘောဆန္ဒအရ ရုပ်သိမ်းပေးပါရန် တင်သွင်းခဲ့ရာ တရားရုံးက သက်သေအဖြစ် လက်ခံခဲ့သည်။ ထို့နောက် ကျန်သည့် ရွေးကောက်ပွဲဥပဒေဖြင့် ဆွဲထားသည့် အမှုခြောက်မှုကိုပါ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ဦးအုန်းမြင့်၏ ရွေးကောက်ပွဲကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြုလုပ်၍ ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲဆိုထားသော အမှု ၁၅ မှုနှင့် ဒေါ်အေးမြမြမျိုးအား ပြစ်မှုပုဒ်မ ၃၄၁ ဖြင့် ဆွဲထားသည့် အမှုများတွင် ၂၀၁၅ ဒီဇင်ဘာ ၁၁ ရက် ပထမအကြိမ် ရုံးချိန်းတွင် ကျောက်တန်းမြို့နယ် တရားရုံးက စတင်စစ်ဆေးခဲ့ပြီး ယခု ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက် ရုံးချိန်းအပါအဝင် ရုံးချိန်း ၁၁ ကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။
NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား တရားစွဲဆိုထားသည့် အမှုမှ တရားလို ဦးမျိုးချစ်ကို မမှန်မကန် ထွက်ဆိုသည်ဟုဆိုကာ ပုဒ်မ ၁၉၃ ဖြင့် အရေးယူသင့် မယူသင့် ယနေ့ အမိန့်ချမည်