လှိုင်သာယာ FMI CITY အိမ်ရာရှိ လူမနေသည့် တိုက်အိမ်သို့ ဝင်ရောက်ဖောက်ထွင်းသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

လှိုင်သာယာ FMI CITY အိမ်ရာရှိ လူမနေသည့် တိုက်အိမ်သို့ ဝင်ရောက်ဖောက်ထွင်းသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ
Published 20 February 2016
အောင်ကျော်ထက်

လှိုင်သာယာမြို့နယ် FMI CITY အိမ်ရာအတွင်းရှိ လူမနေသည့် တိုက်အိမ်တစ်ခုသို့ ဝင်ရောက်ဖောက်ထွင်းခဲ့သည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းမှ ဖေဖေယ်ဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက် နေ့လည် ၃ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ အမှတ် (၄) ရပ်ကွက် FMI CITY အိမ်ရာ၊ မင်းရွှေဝါလမ်းရှိ လူမနေသည့် တိုက်အိမ်တစ်အိမ်ကို အသက် ၂၀ ခန့်ရှိ အမျိုးသားတစ်ဦးမှ ခြံတံခါးသော့အား ရိုက်ဖျက်ပြီး ဝင်သွားသည့်ကို ပတ်ဝန်းကျင်ရှိ နေအိမ်မှ ခြံစောင့်ဝန်ထမ်းမှ တွေ့ရှိ၍ သက်ဆိုင်ရာသို့ ဖုန်းဆက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။ထိုသို့တိုင်ကြားမှုကြောင့် အိမ်ရာဝင်း အတွင်းရှိ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များမှ လာရောက်စစ်ဆေးခဲ့ပြီး ၎င်းအား အိမ်ရာအတွင်း၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။“သူဝင်တဲ့အိမ်က လူမနေတဲ့ အိမ်ပါ။ ခြံတံခါးကို အုတ်နီခဲနဲ့ထုပြီး ဖျက်ဝင်နေတာကို မသင်္ကာလို့ ဘေးအိမ်က ခြံစောင့်က ကျွန်တော်တို့ဆီ ဖုန်းဆက်အကြောင်းကြားလို့ သွားစစ်တာ။ ဟိုရောက်တော့ သူကမရှိတော့ဘူး။ အဲတာနဲ့ အိမ်ရာအတွင်း လိုက်ရှာရင်း ဖမ်းမိတာ” ဟု အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကျော်မိုးက ပြောကြားသည်။“လက်ရှိတော့ အိမ်ရှင်တွေကို လှမ်းအကြောင်း ကြားနေတယ်။ အဆက်အသွယ် မရသေးဘူး။ တရားခံကတော့ အသက် ၂၀ ဝန်းကျင်ရှိပြီး။ စစ်ဆေးနေတုန်းပါပဲ” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားပါသည်။ထိုပြင် ယခုဖောက်ထွင်း ခံရသည့်တိုက်မှာ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် အိမ်ဖော်မလေးအား သားမယားပြုကျင့်ပြီး သိန်း ၂၃၀ ကျော်ဖောက်ထွင်း ခံခဲ့ရသည့်တိုက်နှင့် ကပ်လျက်ရှိ တိုက်အိမ်ဖြစ်ကြောင်း သိရှိရပါသည်။FMI City အိမ်ရာအတွင်း ဖောက်ထွင်းမှု၊ လုယက်မှု အမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၄ ခုနှစ်မှ ယနေ့အချိန်ထိ အမှုပေါင်း ၁၅ မှုကျော်အထိ ဖြစ်ပွားခဲ့ကာ တရားခံဖမ်းမမိသည့် အမှုမှာ ပိုမိုများပြားကြောင်း သိရပါသည်။

Most Read

Most Recent