တိုင်းရင်းသား မျိုးနွယ်စုများအကြား လူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်ရေး အလေးထား ဆောင်ရွက်ကြရန် TNLA နှင့် RCSS တို့အား ကျားဖြူပါတီ တိုက်တွန်း

တိုင်းရင်းသား မျိုးနွယ်စုများအကြား လူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်ရေး အလေးထား ဆောင်ရွက်ကြရန် TNLA နှင့် RCSS တို့အား ကျားဖြူပါတီ တိုက်တွန်း
Published 18 February 2016
ကျော်ဇင်ဝင်း

သမိုင်းကြောင်း ကြာရှည်စွာ အတူလက်တွဲ နေထိုင်လာကြသော တိုင်းရင်းသား လူမျိုးနွယ်စုများအကြား လူမျိုးရေး ပဋိပက္ခများ မဖြစ်ပေါ်ရေး အလေးထား ဆောင်ရွက်ကြရန် TNLA နှင့် RCSS အဖွဲ့တို့အား တိုက်တွန်းကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကြေညာချက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအုပ်စုတွင် PSLF/TNLA နှင့် RCSS/SSA တပ်ဖွဲ့တို့အကြား(၂၇.၁၁.၂၀၁၅)  ရက်၌ စတင်ဖြစ်ပွားခဲ့သော ပဋိပက္ခမှစ၍ ယခုအခါ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ မန်တုံမြို့နယ် စသည်တို့တွင် ရင်ဆိုင်တိုက်ပွဲများ ကြီးမားကျယ်ပြန့် လာမှုကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် ထိခိုက်ကျဆုံး၊ ဆုံးရှုံးမှုများ ရှိလာသည်သာမက ပြည်သူလူထုများလည်း IDPs များအဖြစ် ထွက်ပြေးတိမ်းရှောင်ခြင်း၊ အသက်အိုးအိမ် ပျက်စီးဆုံးရှုံး နစ်နာရခြင်း၊ အဖိုးတန် အသက်များ ဆုံးရှုံးရခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများစွာ ဖြစ်ပေါ်လာသည်ကို တွေ့မြင်ကြားသိ လာရကြောင်း ဖော်ပြပါရှိသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် မိမိတို့လိုလား တောင့်တသော နိုင်ငံရေးအရ တန်းတူညီမှုကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ဦးတည်ရည်မှန်းချက်ထား၍ နှစ်လရှည်ကြာ လှုပ်ရှားဆောင်ရွက် နေကြသည်ဟု မိမိတို့ ယုံကြည်ကြောင်း ကျားဖြူပါတီ၏ ထုတ်ပြန်မှုတွင် ပါရှိသည်။
ရှမ်းပြည်နယ် အတွင်း၌ သမိုင်းကြောင်း ရှည်ကြာစွာ တိုင်းရင်းသား မျိုးနွယ်စု ၂၆ မျိုးတို့ ချစ်ခင်ရင်းနှီးစွာ အတူတကွ ရောနှောစုစည်း နေထိုင်လာကြသလို ဖော်ပြပါ ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများတွင်လည်း ရှမ်းနှင့် တအာင်း (ပလောင်) တိုင်းရင်းသားများ အေးချမ်းစွာ နှစ်ပေါင်းရာထောင်ချီ အတူလက်တွဲ နေထိုင်လာခဲ့ကြပြီး တိုင်းရင်းသား မျိုးနွယ်စု တစ်စုတည်း ထီးထီးနေသည့် နယ်မြေဒေသဟူ၍ မရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်၍ မိမိတို့ တိုင်းရင်းသား လူမျိုးစုများ၏ နိုင်ငံရေး ဘုံရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းတည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်သော တန်းတူညီမျှမှုရှိသော ဖက်ဒရယ်ပြည်ထောင်စု အရေးကို ဦးစားပေး ဖော်ဆောင်ကြရန်၊ သမိုင်းကြောင်း ရှည်ကြာစွာ အတူလက်တွဲ နေထိုင်လာကြသော တိုင်းရင်းသား မျိုးနွယ်စုများအကြား လူမျိုးရေး ပဋိပက္ခများ၊ မုန်းတီးမှုများ မဖြစ်ပေါ်စေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် IDPs အရေးကိစ္စကြောင့် နောင်ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများ ရှောင်ရှားနိုင်ရန်အတွက် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများက လက်နက်ကိုင် တိုက်ခိုက်ပစ်ခတ်မှုများ ချက်ချင်းရပ်ဆိုင်း၍ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာကြရန် အလေးအနက် တိုက်တွန်းကြောင်း ကျားဖြူပါတီက ထုတ်ပြန်ချက်တွင် အကြုံပြုချက် ထည့်သွင်းထားသည်။               

Most Read

Most Recent