ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့အား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဖွဲ့စည်း

ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့အား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဖွဲ့စည်း
Published 18 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့အား နေပြည်တော်တွင် ဖေဖော်ဝါရီ  ၁၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။
အဆိုပါ ကော်မတီများသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်ပြီး ကော်မတီတစ်ခုလျှင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းရန် လျာထားသည်။
ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မဲဆန္ဒနယ်မှ ဒေါက်တာသန်းမြင့်နှင့် အတွင်းရေးမှူးအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်သို့ တင်ပြခဲ့သည်။
ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရမည် ဖြစ်ကြောင်း၊ ကော်မတီသည် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆရသူများ လည်းကောင်း ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်ကြောင်း တာဝန်များ ပေးအပ်ထားသည်။
ဆက်လက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးတို့အား တာဝန်ပေးအပ်ရန် လျာထားကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က တင်ပြခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများ ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဋ္ဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများနှင့် ဆက်စပ်လျက်ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ တင်ပြချက်များကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း တာဝန်များ ပေးအပ်ထားသည်။
ကော်မတီများ၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို ကြေညာထားပြီး လွှတ်တော်၏ အတည်ပြုချက် ဆက်လက် ရယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါ ကော်မတီများတွင် ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်း ကာလအတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို လေ့လာသူအဖြစ် ထားရှိခဲ့ပြီး ယခုဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းအတွင်း တပ်မတော်သား ကိုယ်စားလှယ်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းထားသည်။  
 

Most Read

Most Recent