လက်ရှိတွင် အဖွဲ့ဝင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အသီးသီး၌ အကျပ်အတည်းများ ရှိနေဟု အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ စုဖွဲ့ထားသည့် UNFC တိုးချဲ့အစည်းအဝေးတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြား

လက်ရှိတွင် အဖွဲ့ဝင်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အသီးသီး၌ အကျပ်အတည်းများ ရှိနေဟု အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ စုဖွဲ့ထားသည့် UNFC တိုးချဲ့အစည်းအဝေးတွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ပြောကြား
Published 18 February 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

လက်ရှိတွင် အဖွဲ့ဝင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အသီးသီး၌ အကျပ်အတည်းများ ရှိနေသည်ဟု တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဖေဖော်ဝါရီ ၁၈ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပသည့်  တိုးချဲ့အစည်းအဝေးတွင် UNFC ဥက္ကဋ္ဌ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားသည်။
ယခုကျင်းပနေသည့် အစည်းအဝေးတွင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးအတွက် အဖြေကောင်း ရရှိရေး လေးလေးနက်နက် စဉ်းစားဆွေးနွေးရန်လည်း အစည်းအဝေး သဘာပတိအဖြစ် တာဝန်ယူသည့်  ၎င်းကဆိုသည်။
အစည်းအဝေး အဖွင့်အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက "ယနေ့ UNFC ရဲ့ တိုးချဲ့အစည်းအဝေး ဖြစ်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ အသီးသီးရဲ့ အကျပ်အတည်း တော်တော်များများ ရှိနေတာကို တွေ့နေရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီနေ့အစည်းအဝေးမှာဆိုရင် အဖွဲ့ဝင်အသီးသီးအားလုံး စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ ဆွေးနွေးပြီးတော့ အဖြေကောင်း ရရှိရေးအတွက်လည်း ကျွန်တော်တို့ အရေးတကြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကြွရောက်လာကြတဲ့ ကိုယ်စားလှယ်တော်များ ဆွေးနွေးပွဲလုပ်ရာမှာ ပေါ့ပေါ့ဆဆ သဘောမထားဘဲနဲ့ လေးလေးနက်နက် စဉ်းစားပြီးတော့ ဆွေးနွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်ခါတလေ ဆွေးနွေးပွဲမှာ ဖြစ်စလွယ်နဲ့ ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ချသွားတာကို တစ်ခါတလေ တွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်လူမျိုး၊ ကိုယ့်ရဲ့ နိုင်ငံအတွက် ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။ ကျွန်တော်တို့ လုပ်တာမှားတာနဲ့ ကိုယ့်လူမျိုး အများကြီး ထိခိုက်နိုင်တယ်။ ကိုယ့်နိုင်ငံ အများကြီး ထိခိုက်နိုင်တယ် ဆိုတာကို အမြဲတမ်း သတိပြုကြဖို့ လိုအပ်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် မှားယွင်းမှု ရှိပေမယ့်လည်း အနည်းဆုံးဖြစ်အောင် မိမိတို့ကြိုးစားရမည် ဖြစ်ကြောင်း၊  ဖြစ်စလွယ် ဆွေးနွေးသွားပါက မိမိတို့၏ မျှော်မှန်းချက်ဘက်ကို မသွားဘဲ အမှားဘက် ဆုံးရှုံးမှုဘက်ကို ဦးတည်သွားနိုင်ကြောင်း ထည့်သွင်း ပြောကြားသည်။
"ကျွန်တော်တို့ UNFC ရဲ့ လုပ်ငန်းအသီးသီးမှာ အောင်မြင်တာ ရှိသလို မှားယွင်းတာကိုလည်း ကျွန်တော်တို့ အများကြီး တွေ့ရမှာ ဖြစ်တယ်။ ဒါကြောင့်မို့ အောင်မြင်နိုင်သလောက် မအောင်မြင်ဘဲ ကျွန်တော်တို့ မဖြစ်သင့်တာတွေကို ကျွန်တော်တို့ တွေ့ကြုံခဲ့ရတာ ကျွန်တော်တို့ရဲ့ သင်ခန်းစာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ကောင်းကောင်းလေ့လာ ဆန်းစစ်ပြီးတော့ မှားယွင်းမှု ရှေ့ဆက်ပြီးတော့ မရှိအောင် ကျွန်တော်တို့ ကြိုးစားရမှာ ဖြစ်တယ်။ အဲဒါကြောင့် ဆွေးနွေးရာမှာ ဖြစ်စလွယ် မထားဘဲနဲ့ အားလုံးက လေးလေးနက်နက် ထားပြီးတော့ စဉ်းစားပြီး ပါဝင်ဆွေးနွေးကြဖို့က သိပ်ပြီးအရေးကြီးပါတယ်" ဟု ၎င်းကဆက်လက် ပြောကြားသည်။
UNFC တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ်ပါတီ (LDP)၊ ဝအမျိုးသားအဖွဲ့ချုပ် (WNO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-ကိုးကန့် (MNDAA) တို့ ပါဝင်ကြောင်း သိရသည်။
UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ ဖြစ်သည့် KIO/KIA၊ PSLF/TNLA၊ SSPP/SSA၊ MNDAA တို့နှင့် အစိုးရ တပ်မတော်တို့အကြား ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းက တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် အစိုးရတပ်မတော်နှင့် PSLF/TNLA တို့အကြား ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ PSLF/TNLA သည် NCA လက်မှတ်ထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
UNFC ကို ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မူလက အဖွဲ့ဝင် အဖွဲ့အစည်း ၁၂ ဖွဲ့ရှိရာ ၂၀၁၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) က အဖွဲ့ဝင်အဖြစ် ပါဝင်မှုကို ယာယီရပ်ဆိုင်းခဲ့ပြီး၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် NCA လက်မှတ်ထိုးပွဲတွင် ပါဝင်လက်မှတ် ထိုးခဲ့သည့် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့အား UNFC က အဖွဲ့ဝင်အဖြစ် ပါဝင်မှု ယာယီရပ်ဆိုင်းခြင်း ပြုလုပ်ခဲ့သည်။            
 

Most Read

Most Recent