အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အပါအဝင် ကော်မတီ သုံးခုအား ထပ်မံ ဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြခဲ့သည်။ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီများအား ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ပါဝင်သင့်သည့် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းအား လွှတ်တော်သို့ တင်ပြ ကြေညာခဲ့သည်။တိုင်းရင်းသားရေးရာ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်ရှီလာနန်တောင် (ခ) အမ်နန်တောင်၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ဦးခွန်သိန်းဖေ၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ကျော်စိုး အပါအဝင် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။တိုင်းရင်းသားရေးရာ ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် လျာထားခံရသူ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဒေါ်ရှီလာနန်တောင်(ခ)အမ်နန်တောင်က “ငြိမ်းချမ်းရေး ရဖို့အတွက် အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ မငြိမ်းချမ်းသေးတဲ့ ဒေသတွေ အမြန်ဆုံး ငြိမ်းချမ်းစေချင်ပါတယ်။ ကော်မတီ အနေနဲ့ အားလုံးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးဘမျိုးသိမ်း၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂) မှ ဦးစိုးဝင်း၊ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ဗိုလ်မှူးကြီး လှဝင်းအောင် စသည့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇) မှ ဒေါက်တာမြသောင်း၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀) မှ ဒေါ်နော်လှလှစိုး၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး မြင့်ဆွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။အမျိုးသားလွှတ်တော်၏ အမြဲတမ်း ကော်မတီများဖြစ်သည့် ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီများကိုလည်း အတည်ပြု ဖွဲ့စည်းပြီးဖြစ်သည်။အမျိုးသားလွှတ်တော်တွင် နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ အစိုးရ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာ ကော်မတီနှင့် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီများအား ကိုယ်စားလှယ် ၁၅ ဦးစီဖြင့် ဖွဲ့စည်းခဲ့သည်။
အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အပါအဝင် ကော်မတီ သုံးခု ဖွဲ့စည်းရန် လွှတ်တော်သို့ တင်ပြ















