အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား
Published 17 February 2016
ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နေပြည်တော်တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှမ်းပြည်နယ်၊ ကျောက်မဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် တင်သွင်းသည့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကျောက်မဲမြို့နယ် ဒေသအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများ ဒုက္ခများစွာ ကြုံတွေ့နေရပါသဖြင့် အမြန်ဆုံး တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူမှုဒုက္ခများအား အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရ၊ ရှမ်းပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအား တိုက်တွန်းကြောင်း အရေးကြီး အဆိုနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက ဆွေးနွေးခြင်း မပြုမီ အထက်ပါကဲ့သို့ ထည့်သွင်း မှာကြားခဲ့ခြင်းဖြစ်သည်။“ယင်းအရေးကြီးအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ် ၁၂ ဦး ရှိပါတယ်။ လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် လိုက်နာရမယ့် စည်းကမ်းများကို ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၉ မှာ ပြဋ္ဌာန်းထားပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။ကာကွယ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံတော် လျှို့ဝှက်ချက် ကိစ္စများကို တံခါးပိတ် အစည်းအဝေးမှအပ အခြား အစည်းအဝေးတွင် တင်ပြခြင်း မပြုရ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချင်းချင်း ရိုင်းပင်းကူညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေမည့် စကား မပြောဆိုရ၊ မည်သည့်ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းကိုမျှ ပြောဆို ပုတ်ခတ်ခြင်း မပြုရ၊ နိုင်ငံရေးပါတီ တစ်ခုခုကို ထိပါးပုတ်ခတ် ပြောဆိုခြင်း မပြုရ စသည့် ပြဋ္ဌာန်းချက်များကို လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖတ်ကြား တင်ပြသည်။“ဒါကြောင့် ယခု ဆွေးနွေးကြမယ့် ကိုယ်စားလှယ်များ အနေနဲ့ ဒီအချက်တွေကို အထူး လိုက်နာကြဖို့နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။ 

Most Read

Most Recent