မြန်မာနိုင်ငံတွင် Facebook သုံးစွဲမှု များပြားလာပြီးနောက် ယင်းလူမှုကွန်ရက်ကို ရည်ရွယ်ချက်မျိုးစုံ၊ အကြောင်းအရာမျိုးစုံဖြင့် အသုံးပြုသူများလည်း တိုးပွားလာခဲ့သည်။ ထို့အတူ လူမှုကွန်ရက်အား မျက်ကွယ်အရပ်ကဲ့သို့ သဘောထားကာ လွှင့်တင်မှုများလည်း ရှိလာခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကာလကမူ Facebook ပေါ်တွင် လွှင့်တင်သော အကြောင်းအရာနှင့် ဓာတ်ပုံအချို့ကို အရေးယူမှုများ စတင်ခဲ့ပြီး ထိုသို့လွှင့်တင်သူများကို လိုက်လံဖမ်းဆီး အရေးယူမှုများ စတင်ခဲ့သည်။ ထိုသို့ဖမ်းဆီးအရေးယူမှုများမှာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်။
Facebook စာမျက်နှာများတွင် ပုဂ္ဂိုလ်ရေး ပုတ်ခတ်ရေးသားမှုများကြောင့် ဆက်သွယ်ရေးဥပဒေဖြင့် တိုင်တန်း အမှုဖွင့်လှစ်မှုများလာကြောင်း သက်ဆိုင်ရာ ရဲစခန်းများ၏ မှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းသို့ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တိုင်တန်း အမှုဖွင့်ထားသည့် အမှုများထဲတွင် တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခဲ့သည့်အမှုမှာ သုံးမှုအထိရှိပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ ခုနှစ် နှစ်စပိုင်း၌ ရန်ကုန်တိုင်း ဒေသကြီးတစ်ခုထဲတွင် ၃၅ မှုအထိ အမှုဖွင့် တိုင်တန်းခြင်းများ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲခံရသူများထဲမှ ထင်ရှားသောဖြစ်စဉ်တစ်ခုမှာ အရောင်ပြောင်းလဲခဲ့သည့် တပ်မတော်ဝတ်စုံ ဝတ်ဆင်ထားသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင်သော ဓာတ်ပုံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ထမီအရောင်နှင့် ခိုင်းနှိုင်းရေးတင်ခဲ့သည်ဟုဆိုကာ မအူပင်မြို့နယ်မှ မချောစန္ဒီထွန်းကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက် ညပိုင်းတွင် သက်ဆိုင်ရာရဲစခန်းက ဖမ်းဆီးပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄ (က) ဖြင့် အမှုဖွင့်ကာ မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအမှုကို မအူပင်မြို့နယ် တရားရုံးက ဒီဇင်ဘာ ၂၈ ရက်တွင် မအူပင်မြို့နယ် တရားသူကြီး ဒေါ်လှမြတ်မွန်က မချောစန္ဒီထွန်းသည် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကိုကျူးလွန်သည်ဟု ပြစ်မှုထင်ရှားကြောင်းဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်သည်။
ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် တိုင်တန်းအမှုဖွင့်ခံရသော အမှုများထဲမှ နောက်ထပ်အမှုတစ်ခုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပုတ်ခတ်သည့်ဓာတ်ပုံကို Facebook စာမျက်နှာတွင် တင်သည်ဟုဆိုသည့် မရမ်းကုန်းမြို့နယ်မှ ဦးဇော်မျိုးညွန့် အမှုဖြစ်သည်။
ဦးဇော်မျိုးညွန့်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က Facebook တွင် Zaw Myo Nyunt အမည်ရှိ အကောင့်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ပုံကို ခြေထောက်ဖြင့်နင်းသည့် ဓာတ်ပုံအား Post ပြုလုပ်ခဲ့သည်ဟုဆိုကာ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က စုံစမ်း ဖော်ထုတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ဦးဇော်မျိုးညွန့်အား အောက်တိုဘာ ၆ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ဖမ်းဆီးပြီး ဦးဇော်မျိုးညွန့်ကို သက်ဆိုင်ရာ မရမ်းကုန်းမြို့မရဲစခန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အပြင် ပုဒ်မ ၅၀၅ (ခ) ဖြင့် မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ကာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တရားရုံးက ပုဒ်မနှစ်ခုဖြင့် အလုပ်နှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်။
ယင်းနောက် ကချင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးခွန်ဂျာလီကိုလည်း ယင်း Post အား Facebook တွင်တင်သောကြောင့်ဟုဆိုကာ အောက်တိုဘာ ၁၄ ရက်က စတင်ဖမ်းဆီးခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် လှိုင်မြို့နယ် တရားသူကြီး ဦးစိန်ကြည်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်ပင် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ထို့ပြင် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက ‘ပုံရိပ်’ ဆိုသည့် ကဗျာအား ၎င်း၏ ကိုယ်ပိုင် Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့သော ကဗျာဆရာ မောင်ဆောင်းခကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုထားပြီဖြစ်ကာ လက်ရှိတွင် တရားရင်ဆိုင်နေရသည်။ ၎င်းရေးသားခဲ့သော ကဗျာထဲတွင် ပါဝင်ခဲ့သော ကဗျာစာသားများမှာ ‘ငါ့ရဲ့...မှာ သမ္မတကြီးပုံ တက်တူးနဲ့။ ငါ့ချစ်ဇနီးဟာ ငါနဲ့ လက်ထပ်ပြီးမှ င့ါကို အော့နှလုံးနာလို့ မဆုံး...’ ဟု ပါဝင်ခဲ့သည်။
ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ (ကန်ကြီးထောင့်မြို့နယ်) တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းမှာ Thu Thu အမည်ရှိ Facebook အကောင့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ်ပြုပြင်၍ Facebook တင်သည့်အတွက် ကန်ကြီးထောင့်မြို့နယ်မှ ဦးစည်သူအောင်က ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်။
၎င်းမှာ မချောစန္ဒီထွန်းနှင့် ဦးခွန်ဂျာလီတို့ တရားစွဲဆိုခံရသည့် အောက်တိုဘာလမှာပင် တရားစွဲဆို ခံရခြင်းဖြစ်သော်လည်း လက်ရှိအချိန်အထိ အမှုကို စစ်ဆေးနေဆဲပင် ဖြစ်ကြောင်း သိရသည်။
“ဆက်သွယ်ရေးဥပဒေဟာ အမှန်တရားကို ပျောက်ပျက်စေအောင်လုပ်တဲ့ ကိရိယာလို ဖြစ်နေပါတယ်။ ဆက်သွယ်ရေးဥပဒေကို ဒီလို အလွဲသုံးစားလုပ်မှုတွေနဲ့ ပတ်သက်ရင် လုပ်ထုံးလုပ်နည်း မရှိသေးတဲ့အတွက် ပြည်သူတွေ နစ်နာပါတယ်။ ဒီဥပဒေကို လွှတ်တော်သစ်က ပြန်စဉ်းစား ပြောင်းလဲသင့်တယ်လို့ ထင်ပါတယ်။ ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေလည်း ရှိပါတယ်။ ဒါပေမဲ့ အခုအမှုတွေ ဖွင့်လိုက်လို့ရှိရင် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေနဲ့ပဲသုံးနေကြတယ်။ ဒါပေမဲ့ တချို့ကလည်း မိန်းကလေးဓာတ်ပုံတွေကို ပြုပြင်ဖာထေးပြီး အမျိုးမျိုး သိက္ခာကျအောင် လုပ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ အရေးယူရပါမယ်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက ဒါကိုစဉ်းစားရပါမယ်။ လူပုဂ္ဂိုလ် စော်ကား တိုက်ခိုက်မှုမျိုးကိုတော့ ထိထိရောက်ရောက် အရေးယူသင့်တယ်။ နောက်ပြီး ဒီဥပဒေမှာ အာမခံမရတဲ့ အချက်ကိုလည်း လွှတ်တော်က ပြင်ဆင်သင့်တယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ နိုင်ငံတော်အကြီးအကဲများအား Facebok ပေါ်တွင် ပုတ်ခတ်ရေးသားမှုဖြင့် အရေးယူ ခံခဲ့ကြရသူများနည်းတူ ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းတွင် Facebook ပေါ်၌ လူသိများသည့် Kyat Pha Gyi အကောင့်ပိုင်ရှင်ဟုဆိုသူကို တိုင်းစစ်ဌာနချုပ်ရုံးမှ တာဝန်ရှိသူများက သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်ပုံအား Facebook ပေါ်တွင် မဖွယ်မရာတင်သည်ဟုဆိုကာ သက်ဆိုင်ရာ မရမ်းကုန်းမြို့မ ရဲစခန်းတွင် တိုင်တန်းပြီး ဆက်သွယ်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် အဆိုပါ Kyat Pha Gyi အကောင့်ပိုင်ရှင်ဟုဆိုသည့် မရမ်းကုန်းမြို့နယ် ၅ ရပ်ကွက်နေ ဦးလှဖုန်းအား ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းတွင်ပင် ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့ပြီး ရမန်ယူကာ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။
“ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်းလိုက်ပြီးတဲ့နောက်မှာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကိုလည်း ထောင်ဒဏ်တွေ မရှိတော့ဘဲ ငွေဒဏ်နဲ့သာ ပြစ်ဒဏ်ချမှတ်ဖို့ ပြဋ္ဌာန်းလိုက်ပါတယ်။ ဒုတိယတစ်ချက်က ဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်ပြီး နည်းဥပဒေ မထွက်သေးဘူး။ အီလက်ထရွန်နစ် သက်သေ အထောက်အထားတွေကို ဘယ်လို အနေအထားရှိမှသက်သေခံအဖြစ် လက်ခံရမယ်ဆိုတာ၊ ဘယ်လိုဖမ်းဆီး ဘယ်လို ထိန်းသိမ်းရမယ်ဆိုတာမရှိသေးဘူး။ အဲဒါကတော့ မဖြစ်သင့်ဘူးထင်တယ်။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ထားတယ်။ မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ အာဆီယံ လူ့အခွင့်အရေး ကြေညာစာတမ်းကိုလည်း ကန့်သတ်ထားသလိုဖြစ်တယ်။ လူ့အခွင့်အရေး ကြေညာစာတမ်းကို အကောင်အထည် ဖော်လို့မရအောင် လုပ်ထားသလိုပဲ။ နိုင်ငံရေးသမားရယ်မှ မဟုတ်ဘူး။ ပြည်သူလူထု တစ်ရပ်လုံးရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကိုတားဆီးထားသလိုပဲ။ အသရေပျက်စေတဲ့ ကိစ္စတစ်ခုကို ထောင်ချမယ်ဆိုတဲ့ ဟာမျိုးကတော့ မရှိသင့်တော့ဘူး”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးအယ်ခွန်ရိန်က ပြောကြားသည်။
Facebook ပေါ်တွင် နိုင်ငံတော်အကြီးအကဲများကို ပုတ်ခတ် ရေးသားသူများစွာ ရှိသည့်အနက် အချို့ကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်နေသော်လည်း လူထုခေါင်းဆောင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားပုဂ္ဂိုလ်ရေး ထင်ရှားကျော်ကြားသူများကို အကောင့်အချို့ဖြင့် ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားမှုများ ရှိနေသည်။ ထို့ပြင် Yae Tay Za, San Maung, Zaw Myint Aye (Payit), Yan Aung စသည့် အကောင့်များမှာလည်း ၎င်းတို့၏ ရေးသားမှုများနှင့် ပတ်သက်၍ လူသိများသော အကောင့်များဖြစ်ခဲ့သည်။
ထို့အတူ ပုဂ္ဂိုလ်ရေး ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များကို ပုတ်ခတ်ရေးသားခြင်းများအပြင် ဝါဒဖြန့်ချိရေးလုပ်နေသော Facebook စာမျက်နှာများစွာ လည်းရှိနေပြီး ယင်းတို့အနက် Myanmar Express နှင့် ပြည်သူ့အာဏာ အမည်ရှိ Facebook စာမျက်နှာများမှာ ထင်ရှားကြောင်း သိရသည်။
နိုင်ငံတော်အကြီးအကဲများ၊ ထင်ရှားကျော်ကြားသူများကို ဝေဖန်တိုက်ခိုက်မှုများ အပြင် ပြည်သူများထဲတွင်လည်း လူမှုရေးကိစ္စများနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ Facebook ပေါ်တွင် ပုတ်ခတ်ရေးသားမှုများကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခြင်းများလည်း များပြားလာကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။
လူငယ်နှစ်ဦးမှာ မေတ္တာမျှခဲ့ကြပြီး နှစ်နှစ်ခန့်အကြာတွင် လမ်းခွဲခဲ့ကြပြီးနောက် ယောကျ်ားလေးဘက်က မိန်းကလေး၏ ဓာတ်ပုံအား မဖွယ်မရာပြုလုပ်၍ Facebook ပေါ်တွင် တင်သည်ဟုဆိုကာ မိန်းကလေးဘက်မှ ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းသည့်ဖြစ်စဉ် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည်။
မည်သူမဆို ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကိ ုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရနိုင်ကြောင်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) တွင် ပြဋ္ဌာန်းထားသည်။
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ တွင် “မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်-
(က) ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကို ဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊
(ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက် ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊
(ဂ) ဆက်သွယ်ရေးကွန်ရက် တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း၊ သို့မဟုတ် အကျိုးပျက်စီးစေခြင်း စသည်ဖြင့် ဖော်ပြထားပြီး ပုဒ်မ ၆၆ (ဃ) ဖြင့် အရေးယူမှုများသာ ပိုမိုများပြားခဲ့ကြောင်း သိရသည်။
အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄ (ဃ) ဖြင့် အရေးယူမှုများလည်းရှိခဲ့ပြီး ယင်းပုဒ်မ ၃၄ တွင် “မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်ကျပ်သိန်း ၅၀ မှ ကျပ်သိန်း ၁၀၀ အထိ ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်-
(က) အီလက်ထရွန်နစ်မှတ်တမ်း၊ အီလက်ထရွန်နစ် အချက်အလက် သတင်းလွှာ သို့မဟုတ် ကွန်ပျူတာပရိုဂရမ်တစ်ခုလုံးကို ဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောင့်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း၊
(ခ) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကွန်ပျူတာ ကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှုတစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကိုအသုံးပြုခြင်း သို့မဟုတ် အခြားသူတစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊
(ဂ) ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက်မရှိဘဲ ထိုသူ၏ လုံခြုံမှုအဆင့်ထားရှိသော အမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရွန်နစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံးပြုခြင်း၊
(ဃ) အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ သတင်းအချက်အလက်ကို အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် သတင်းအချက်အလက်ကို ဖြန့်ချိခြင်း”ဟူ၍ ဖော်ပြထားပါသည်။
Facebook ပေါ်တွင် ကိုယ်တိုင် လွှင့်တင်ခြင်းအပြင် အခြားသူ လွှင့်တင်ထားသော အချက်အလက် အကြောင်းအရာအမှားများ၊ လုပ်ကြံတိုက်ခိုက်ထားမှုများကို တစ်ဆင့် ပြန်လည်မျှေ၀ (Share) ပါကလည်း ပြစ်မှုမြောက်ကြောင်း သိရသည်။
ထို့ကြောင့် လူမှုကွန်ရက်သုံးစွဲသူများအနေဖြင့် ရင်းမြစ်များ၏ မှန်ကန်မှုကို သတိပြုသင့်ပြီး မိမိသေချာစွာ မသိရှိသော အကြောင်းအရာများနှင့် ပတ်သက်၍ သတိထား အသုံးပြုသင့်ကြောင်း အိုင်တီ ကျွမ်းကျင်သူများက သတိပေး ပြောကြားသည်။
ဇန်နဝါရီ ၂၂ ရက်က ကချင်အမျိုးသား ဦးခွန်ဂျာလီအား လှိုင်မြို့နယ် တရားသူကြီးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ထောင်ခြောက်လ အမိန့်ချမှတ်အပြီး တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)
“အမှန်က အကောင့်အတုနဲ့ Facebook ပေါ်မှာ တင်ချင်ရာတင်မယ်။ ငါ့ကိုခြေရာခံလို့ မရဘူးထင်နေတာက မှားပါတယ်။ တချို့က လုပ်ချင်ရာလုပ်ပြီး အကောင့်ကို ပြန်ဖျက် သိမ်းသွားတာမျိုးလည်း ရှိပါတယ်။ သူတို့လွှင့်တင်ခဲ့တာတွေကို Screenshot ဖမ်းထားတာ မျိုးတွေရှိနိုင်သလို အကောင့်ဖျက်သိမ်းသွားလည်း Facebook ရဲ့ဆာဗာထဲမှာ အချက်အလက်တွေ အကုန်ရှိနေတာပါ။ ကိုယ်သေချာမသိတဲ့ အကြောင်းအရာတွေကိုလည်း အရမ်း မမျှဝေသင့်ပါဘူး။ ပြီးတော့ ကိုယ့်အကောင့်ရဲ့ လုံခြုံရေးကိုလည်း ဂရုစိုက်သင့်တယ်”ဟု အိုင်တီပညာရှင် တစ်ဦးက ပြောကြားသည်။
“အွန်လိုင်းပေါ်မှာ အမျိုးသမီးတွေကို ထိပါးနှောင့်ယှက်တာတွေ၊ လိမ်လည်ရောင်းချနေတာတွေ စသဖြင့် ရာဇဝတ်မှု အမျိုးမျိုးရှိလာတာ တွေ့ရတယ်။ အွန်လိုင်းပေါ်မှာ ဖြစ်ပေမယ့်လည်း အပြင်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလိုပဲ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ ပြင်းထန်တဲ့ ရာဇဝတ်မှုမျိုး ဆိုရင်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ Facebook ဆီမှာ အချက်အလက်တွေ တောင်းခံနိုင်ပါတယ်။ ဥပမာ လူသတ်မှု၊ လူကုန်ကူးမှု၊ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်တာ စသဖြင့်ပေါ့။ ပုံမှန်မှုခင်းတွေ ဆိုရင်တော့ ကိုယ့်ဘက်က သက်သေအထောက်အထားတွေ စုဆောင်းထားနိုင်ဖို့ လိုပါတယ်။ ဥပမာ Screenshot လိုမျိုးတွေ၊ ကိုယ်တစ်ယောက်တည်း မဟုတ်ဘဲ တခြားသူတွေလည်း တွေ့မြင်ခဲ့တယ် ဆိုတာမျိုးတွေပေါ့။ MIDo အနေနဲ့ကတော့ အင်တာနက် လွတ်လပ်ခွင့်အတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့ ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း တာဝန်ခံမှု၊ တာဝန်ယူမှုဆိုတာ ရှိရပါမယ်။ အမုန်းစကား၊ ပန်းစကားတွေနဲ့ ပတ်သက်ပြီး သင်တန်း ပေးနေတာတွေလည်း ရှိပါတယ်။ လက်ရှိမှာ ဆိုက်ဘာဥပဒေ သေချာ မရှိသေးတဲ့အတွက် ထွက်လာဖို့တောင်းဆို နေတာရှိပါတယ်။ ဒီလိုမျိုး ဆိုက်ဘာဥပဒေ ရေးဆွဲတဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ချပြဖို့လိုပြီး တတ်ကျွမ်းနားလည်သူတွေ၊ အများပြည်သူတွေ ဝေဖန်အကြံပြုနိုင်အောင် ဖွင့်ပေးထားဖို့လိုပါတယ်။ ပြည်သူလူထုကို ဖိနှိပ်တဲ့ ဆိုက်ဘာဥပဒေမျိုး မဟုတ်ဘဲ ပြည်သူလူထုကို ကာကွယ်ပေးမယ့် ဥပဒေမျိုးပဲဖြစ်သင့်ပါတယ်။ အဲဒါကြောင့် ရေးဆွဲနေချိန်မှာလည်း ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်။ ပြောရရင် သုံးစွဲသူတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ဆိုတာ လိုအပ်ချက်တွေ အများကြီး ရှိနေပါတယ်။ ဒစ်ဂျစ်တယ် စာတတ်မြောက်မှုတွေ ရှိဖို့လိုအပ်ပါတယ်။ အွန်လိုင်းဟာလည်း အပြင်လောက လိုမျိုးပဲဆိုတာကို သိဖို့လိုအပ်ပါတယ်”ဟု Myanmar ICT for Develop-ment Organization (MIDO) မှ မထိုက်ထိုက်အောင်က ပြောကြားသည်။
လူမှုကွန်ရက်တွင် လွှင့်တင်အသုံးပြုမှု များမှာလည်း ပြင်ပရှိ အသုံးပြုသူနှင့် ဆက်စပ် မှုရှိနေမည်ဖြစ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု များရှိ ရန်လိုအပ်မည်ဖြစ်သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များရှိရန် လိုအပ်မည် ဖြစ်သော်လည်း တမင်တကာ အကွက်ဆင်၍ အပုပ်ချတိုက်ခိုက်မှုများ၊ ပုဂ္ဂိုလ်ရေးစော်ကား မှုများမှာ မည်သူမဆို သတိပြုဆင်ခြင်သင့် သော အချက်ပင်ဖြစ်သည်။ ထို့အတူ တရား ဥပဒေဆိုသည်မှာ ချိန်ခွင်လျှာညီမျှရန်လိုပြီး အချို့သော လွှင့်တင်မှုများကိုအရေးယူပြီး အချို့သောလွှင့်တင်မှုများကို လွှတ်ပေးထား ခြင်းမှာ လက်ခံဖွယ်မရှိသော ကိစ္စရပ်ပင်ဖြစ် ပါသည်။ သုံးစွဲသူများအနေဖြင့်လည်း အွန် လိုင်းပေါ်မှ ကလစ်တစ်ချက်၏ နောက်ဆက် တွဲသက်ရောက်နိုင်မှုများကို ကြိုတင်တွက်ဆ သုံးစွဲသင့်ကြောင်း သုံးသပ်မှုများ ရှိနေသည်။