ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်များအား လိုက်လံ စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၅ ခုနှစ်အတွင်းနှင့် ၂၀၁၆ နှစ်ဆန်းပိုင်းတို့တွင် စံချိန်တင်သည့် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သည်။ သို့ဖြစ်ရာ ယင်းသို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး အမှုများနှင့် ပတ်သက်၍ စုံစမ်းမှု ရပ်နားထားခြင်း မဟုတ်ဘဲ မည်သည့်နေရာမှ မည်သို့ဖြစ်နိုင်သည် ဆိုသည်ကို တောက်လျှောက်ကွင်း ဆင်းလိုက်လံစုံစမ်းနေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။“ပိုင်ရှင်မဲ့ တွေ့တာကျတော့ ဖော်ထုတ်ရတာ နည်းနည်း ခက်တာပေါ့။ ပိုင်ရှင်မဲ့ဆိုလို့ ဒီအတိုင်း ရပ်ထားတာတော့ မဟုတ်ပါဘူး။ ဘယ်နေရာက ဘယ်လို ဖြစ်နေသလဲဆိုတာ တောက်လျှောက်ကွင်းဆက်တွေ လိုက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် တချို့ဟာတွေက ကျွန်တော်တို့ ပြောလို့ရမတာတွေ ရှိပါတယ်။ ပြောလိုက်ရင် တရားခံတွေက ပြေးသွားမှာမို့လို့” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။၂၀၁၅ ခုနှစ် ဇူလိုင်အတွင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၂၆၇ သိန်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။ ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ ၂၀၁၅ ခုနှစ် သြဂုတ်တွင် မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် စိတ်ကြွဆေးပြား ၁၅ သိန်းခန့်ကို လည်းကောင်း၊ သာကေတမြို့နယ်၌ WY ပန်းရောင် စိတ်ကြွဆေးပြား ခြောက်သိန်းခန့်နှင့် အလျား ခြောက်လက်မ၊ အနံ လေးလက်မ ထုတစ်လက်မရှိ ဘိန်းဘလောက်တုံးများကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။စံချိန်တင် စိတ်ကြွဆေးပြားများ တွေ့ရှိမှုနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ် အတွင်းရှိ ရေလုပ်ငန်း လုပ်ကိုင်သော KALADAN DELTA DEVELOPMENT ကုမ္ပဏီနှင့် မြောက်ဒဂုံမြို့နယ် အတွင်းရှိ Arakan Bay ဆောက်လုပ်ရေး ကုမ္ပဏီမှ ပိုင်ရှင်များနှင့် လုပ်ငန်းလုပ်ဆောင်သူအချို့ ပါဝင်လျက် ရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။ထို့ပြင် စံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟုဆိုသည့် KALADAN DELTA DEVELOPMENT ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ မင်းဦးခိုင်ဆိုသူအား ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၅ ရက်က မြဝတီမြို့၌ ဖမ်းဆီးရမိခဲ့သည်။၎င်းအား စစ်ဆေးပေါ်ပေါက်ချက်အရ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) တက္ကသိုလ်ရိပ်မွန်အိမ်ရာ အတွင်းရှိ နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြား နှစ်သန်းခန့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုဖြစ်စဉ်နှင့် ဆက်စပ်၍ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ယင်းအိမ်ရာ၌ ကျပ် ၁၉ ဘီလျံကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ထို့ပြင် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက် မြို့သစ်(၁)လမ်းရှိ ရိုးကြီးချောင်း အတွင်း၌ စိတ်ကြွဆေးပြား ၆၅၄၀၀ ပြား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၅ ရက် မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်း စက်မှုဇုန် အနောက်ဘက် ပန်းလှိုင်မြစ်ကမ်းစပ်တွင် WY စိတ်ကြွဆေးပြား နှစ်သိန်းကျော် ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။အဆိုပါ စိတ်ကြွမူးယစ်ဆေးပြား ဖမ်းဆီးရမိသည့်ဖြစ်စဉ် အများစုမှာ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိမှုများပင်ဖြစ်သည်။အလားတူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် မွန်းလွဲ ၂ နာရီ အချိန်ကလည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ပျဉ်းမပင်ကျေးရွာ အုပ်စု ရန်ကုန်-ပြည်လမ်း ရေစင်ကားမှတ်တိုင် အမှိုက်ပုံ အနီးတွင် မသင်္ကာဖွယ် အထုပ်များ တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀၀ ခန့်ရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ကွင်းဆက်များကို စုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောကြား