နှိပ်စက်ခံရသည့် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းတရားရုံးတွင် စွဲဆိုထားသည့်အမှုအား လာမည့်ဖေဖော်ဝါရီ ၁၅ ရက် ရုံးချိန်း၌ အပြီးသတ် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်တွင် အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ကို တရားသူကြီးထံ တင်ပြခဲ့ကြကြောင်း နှိပ်စက်ခံခဲ့ရသည့် မိန်းကလေး၏ အကျိုးဆောင်ရှေ့နေဖြစ်သူထံမှ သိရသည်။“အိမ်ရှင်ဖြစ်သူက ရိုးရိုးပဲ အစစ်ခံတာ။ သူ့အနေနဲ့ အပြန်အလှန် စစ်မေးခံတာမျိုး မရှိချင်လို့ ကျမ်းမကိုင်ဘဲ တရားရုံးမေးတာကို ရိုးရိုးပဲ အစစ်ခံတယ်။ ပြီးတော့ တရားလိုဘက်က တင်ပြတဲ့ ပြန်ခေါ်သက်သေ ငါးဦးထဲက တစ်ဦးကိုပဲစစ်ပြီး ကျန်တဲ့သူတွေကို ဆက်စစ်ဆေးခြင်း မရှိတော့ဘူး။ ပြီးခဲ့တဲ့ရုံးချိန်းကတော့ နှစ်ဖက်လျှောက်လဲချက်ကို တရားသူကြီးထံ တင်ပြခဲ့တယ်။ အဲဒီတော့ လာမယ့်ရုံးချိန်းမှာ အပြီးသတ် အမိန့်ချမယ်လို့ တရားသူကြီးက ရုံးချိန်းပေးခဲ့တယ်” ဟု အိမ်အကူ မိန်းကလေး၏ ရှေ့နေက ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားသည်။ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်တွင် ဗဟန်းမြို့နယ် တရားရုံးက ၁၄ နှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ အမျိုးသားအား ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူက အဆိုပါစွဲချက်များအား ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင် တရားရုံးသို့ လျှောက်ထားခဲ့ကာ ခရိုင်တရားရုံးက ပုဒ်မ ၅၀၆ အားပယ်ဖျက်ပေးရန် အမိန့်ချခဲ့ကြောင်း သိရသည်။အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်း ရပ်ကွက်နေ အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့် မသီရီကိုကိုတို့အား ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရပြီး ယင်းအနက် မသီရီကိုကိုမှာ ယခုအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးမှာ လက်တွင်ဆီပူလောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်အချို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရပြီး အမှုရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော်ရှိနေပြီ ဖြစ်သည်။အလားတူ အိမ်ရှင်ဖြစ်သူက အိမ်အကူ မိန်းကလေးအား ညှဉ်းပန်းနှိပ်စက်သည်ဆိုသည့်ဖြစ်စဉ် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ၄၁ ရပ်ကွက်တွင် ပြီးခဲ့သည့်လများက ဖြစ်ပွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးအား အိမ်ရှင်မိသားစုက ဆေးရုံတက်ကုသရသည်အထိ ရိုက်နှက်ညှဉ်းပန်းခဲ့သည့်အတွက် အိမ်ရှင်မိသားစုအား ဒဂုံမြောက်မြို့နယ် တရားရုံးတွင် (ပ)၃၆၅/၁၅၊ ပြစ်မှုပုဒ်မ ၃၂၅၊ ၃၅၄၊၂၉၄၊ ၅၀၆ တို့ဖြင့် တရားစွဲဆိုထားကြောင်း မြောက်ဒဂုံ မြို့မရဲစခန်းမှ သိရသည်။
နှိပ်စက်ခံခဲ့ရသည့် အိမ်အကူ မိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းမြို့နယ် တရားရုံးတွင် စွဲဆိုထားသောအမှု လာမည့်ရုံးချိန်း၌ အပြီးသတ် အမိန့်ချမည်