တာမွေမြို့နယ်တွင် ရပ်ထားသော ယာဉ်ပေါ်မှ ပစ္စတိုတစ်လက်နှင့် ကျည်ဆံ ၇၂ တောင့် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးအား ဖေဖော်ဝါရီ ၆ ရက် နံနက်စောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် တာမွေမြို့နယ် နတ်မောက်ရပ်ကွက် ဦးထွန်းမြတ်လမ်းရှိ Victoria International School အရှေ့ဘယ်ဘက်ကြောတွင် မီးဖွင့်ကာ စက်နိုးရပ်ထားသော MDY-1G/3160 Toyota Hilux Vigo Kun 26 ယာဥ်အား တာမွေမြို့မ ရဲစခန်းမှ တာဝန်သူများက လှည့်ကင်း ဆောင်ရွက်စဉ် မသင်္ကာသဖြင့် ယင်းကားအား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာ ယာဉ်ပေါ်ရှိ အောင်မြတ်ကျော်(ခ)ညီညီစိုး(၂၆)နှစ်၏ ဘေးလွယ်အိတ်ထဲမှ Austria နိုင်ငံလုပ် GNP-190 နံပါတ်ပါ 9MM သံကိုယ်ထည် အနက်ရောင် ပစ္စတိုတစ်လက် (လေဆာပါ)၊ 9 MM LUGER တံဆိပ် ကျည်(၁၂)တောင့် ဖြည့်ထားသော ကျည်အိမ်တစ်ခု ၊ 9MM LUGER တံဆိပ် ကျည်(၁၀) တောင့် ဖြည့်ထားသော ကျည်အိမ်တစ်ခုနှင့် 9MM LUGER တံဆိပ် ကျည်(၅၀)တောင့်ပါသော စက္ကူဗူးတစ်ဗူးအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်ကိုင်ဖုန်း သုံးလုံး၊ အောင်ကြည်မင်း နာမည်ပါ မှတ်ပုံတင်တစ်ခု၊ ညီညီစိုး နာမည်ပါ မှတ်ပုံတင်တစ်ခု၊ ငွေစုစာအုပ်နှင့် ယာဉ်မောင်းလိုင်စင် တစ်ခု၊ အောင်မြတ်ကျော် နာမည်ပါ မှတ်ပုံတင်တစ်ခုနှင့် ပတ်စ်ပို့ စာအုပ်တစ်အုပ်၊ ATM ကဒ်တစ်ကဒ်၊ ငွေ သိန်း ၁၅၀ လွှဲအပ်ပေးထားသော ပြေစာတစ်ရွက်၊ ၅၀၀၀ တန် ငွေစက္ကူ ၁၃၃ ရွက်၊ ငွေစက္ကူရောရာ ၆၃၀၀ ကျပ်၊ မှတ်စုစာအုပ်နှစ်အုပ်နှင့် ပိုက်ဆံအိတ်တစ်လုံတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အောင်မြတ်ကျော် (ခ)ညီညီစိုး နေထိုင်သည့် အလုံမြို့နယ်၊ နွယ်သာဂီလမ်းရှိ ၎င်း၏နေအိမ်သို့ သက်ဆိုင်ရာမှ သွားရောက် ရှာဖွေစစ်ဆေးနေကြောင်း သိရသည်။
“လက်နက်သိမ်းဆည်းရမိတဲ့ လူဆီကနေ မှတ်ပုံတင် သုံးခုကိုတွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် လဝကရုံးတွေမှာ သွားရောက်စစ်ဆေးနေပါတယ်။ လက်နက်ဝယ်ယူ သယ်ဆောင်ရာ လမ်းကြောင်းတွေကို စစ်ဆေးနေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်အား တာမွေမြို့မ ရဲစခန်းမှ(ပ) ၁၁၇/၂၀၁၆၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ) ဖြင့် အမှုထားကြောင်း သိရသည်။