အလုံမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် နှစ်ဦးက ကမ္ဘောဇဘဏ် ATM စက်မှငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီးနှစ်ဦး၏ ပိုက်ဆံအိတ်အား လုယူထွက်ပြေးမှု ဖေဖော်ဝါရီ ၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ မြို့မရဲစခန်းမှ စုံစမ်းသိရသည်။ဇန်နဝါရီ ၄ ရက်ည ၈ နာရီအချိန်ခန့်က လှိုင်မြို့နယ်၊ (၁၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းaန ဒေါ်ခင်မာလာ (၅၃) နှစ်သည် ၎င်း၏သမီးဖြစ်သူနှင့်အတူ အလုံမြို့နယ်၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဆင်မင်းလမ်းနှင့် ငုဝါလမ်းထောင့်ရှိ ကမ္ဘောဇဘဏ်၌ ATM ကဒ်ဖြင့် ငွေကျပ်တစ်သိန်း ထုတ်ယူပြီးနောက် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ အကယ်ဒမီ အထူးကုဆေးခန်းတွင် ဆေးကုသမှုခံယူနေသည့် ၎င်း၏ခင်ပွန်းဖြစ်သူထံသို့ လမ်းလျှောက်ပြန်လာခဲ့ကြောင်း သိရသည်။ထိုသို့လမ်းလျှောက် ပြန်လာစဉ် အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ ဆင်မင်းလမ်းနှင့် ဧရာဝတီလမ်းထောင့်အနီး အရောက်တွင် ၎င်းတို့အနောက်မှ အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်ကယ်က အနားသို့ ရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် အမျိုးသားက ဒေါ်ခင်မာလာ၏ လက်တွင်ကိုင်ထားသည့် ပိုက်ဆံအိတ်ကို လုယူထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ လုယူထွက်ပြေးသွားသည့်အတွက် ဒေါ်ခင်မာလာက သက်ဆိုင်ရာသို့ သွားရောက်တိုင်ကြားခဲ့ကြောင်း သိရသည်။“ကျူးလွန်သွားတဲ့ လူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ သံသယရှိတဲ့ လူတွေကိုတော့ စောင့်ကြည့်နေပါတယ်။ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်သွားမှာပါ” ဟု အလုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်အား အလုံမြို့မ ရဲစခန်းမှ (ပ)၅၀/၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။အလားတူ ဇန်နဝါရီ ၁၅ ရက်ကလည်း မြောက်ဥက္ကလာပ မြို့နယ်တွင် ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးပြန်လာသည့် အမျိုးသမီးအား ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးက လုယက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ ဆိုင်ကယ်စီးနင်းခွင့်ကို တရားဝင် ခွင့်မပြု ထားသော်လည်း တရားမဝင် စီးနင်းနေသည့် ဆိုင်ကယ်များဖြင့် လုယက်မှုများ ဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။အဆိုပါ လုယက်မှုများမှာ ၂၀၁၅ ခုနှစ်အတွင်းတွင်လည်း စံချိန်တင်ဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း နေ့အချိန်၌ ဆိုင်ကယ်ဖြင့် လုယက်မှုဖြစ်စဉ်များ၊ ဓားထောက်လုယက်မှု ဖြစ်စဉ်များမှာ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သက်ဆိုင်ရာ ရဲစခန်းများမှ သိရသည်။
ဆိုင်ကယ်စီးလာသူ နှစ်ဦးက ATM စက်တွင် ငွေထုတ်ပြီး ပြန်လာသည့် အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံအိတ် လုယက်မှု အလုံမြို့နယ်တွင် ဖြစ်ပွား