လပွတ္တာ မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၂၇ သန်း ကျော် ဆုံးရှုံးကာ အဓိက စီးပွားရေးဖြစ်သည့် ဂဏန်းလုပ်ငန်းများ အားလုံးနီးပါး ပျက်စီး

လပွတ္တာ မီးလောင်မှုကြောင့် ကျပ်သန်းပေါင်း ၃၂၇ သန်း ကျော် ဆုံးရှုံးကာ အဓိက စီးပွားရေးဖြစ်သည့် ဂဏန်းလုပ်ငန်းများ အားလုံးနီးပါး ပျက်စီး
Published 5 February 2016
မင်းသူဝင်းထွဋ်

လပွတ္တာမြို့တွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီခန့််မှ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နံနက် ၂ နာရီခန့်ထိ ခြောက်နာရီကျော်ကြာ မီးလောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ်ပေါင်း ၁၇၅ လုံး၊ ဆိုင်ခန်းပေါင်း အခန်း ၂၀ မီးလောင်ပျက်စီးခဲ့ကာ ပျက်စီးဆုံးရှုံးခဲ့မှု ကျပ်သန်းပေါင်း ၃၂၇ သန်းကျော်ထိ ရှိပြီး မြို့၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည့် ဂဏန်းလုပ်ငန်းများ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အမှတ် (၁)ရပ်ကွက်၊ အမှတ် (၄)ရပ်ကွက်၊ အမှတ် (၅)ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း ၁၇၅ စု၊ လူဦးရေ ၇၆၁ ဦး မီးဘေးသင့်ခဲ့ကြောင်း၊ မီးဘေးသင့်ခဲ့သည့် မိသားစုဝင်များတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသည့် ကျောင်းသားကျောင်းသူပေါင်း ၄၀ ကျော်နှင့် အခြားအဆင့် ကျောင်းသား ကျောင်းသူပေါင်း ၇၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

“ညကတည်းကလောင်နေတဲ့ မီးက အခုထိကို လုံးဝငြိမ်းသွားတယ် မရှိသေးဘူး။ မီးသတ်တွေက ဆက်ပြီးတော့ ငြိမ်းနေရတုန်းပဲ၊ မြို့ပါပျက်သလိုဖြစ်သွားတာ၊ ဘာတစ်ခုမှ မရဘူးလေ၊ ဘာရမှာလဲ ကျွန်တော်က ဟိုးဖက်မှာ မီးလောင်နေလို့ သွားငြိမ်းပေးနေတာ ကျွန်တော်ဆိုင်ဖက်က ဝေးတယ်ဆိုတော့ မီးလောင်မယ် မထင်ဘူး။ ကျွန်တော်ဖက်ပါ လောင်တယ်လို့ကြားတော့ ပြေးတာ မမီတော့ဘူး အကုန်ကုန်ပြီ။ မီးက ဘယ်ထိန်းလို့ ရမလဲ ဆီပေပါတွေရော အရက်ပေပါတွေပါ ထပေါက်တာပါဖြစ်တော့ ပိုဆိုးတယ်။ ရေကလဲ လိုသလောက် မရတော့ ကုန်တာပေါ့” ဟု ဆိုင်ခန်းတစ်ခု မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ရသူတစ်ဦးက ပြောသည်။

Most Read

Most Recent