သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်နှင့် ၎င်း၏ မိသားစုဝင်များကို ကတ်ကြေးဖြင့် ထိုးကာ ထွက်ပြေးနေသည့် ရဲသူဝင်းဆိုသူကို ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်တွင် ၎င်း၏ အုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ အဆိုပါ ကတ်ကြေးဖြင့် ထိုးခဲ့သည့်ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက် ညပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၄ ရပ်ကွက်နေ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး၏သား ဆိုသူ ရဲသူဝင်း (၃၀)နှစ်သည် ဦးကျော်စွာမြင့်၏ ဇနီးဘက်မှ တော်စပ်သည့် ညီမဖြစ်သူ မ......(၁၇) နှစ်အား ခေါ်ကာ ကြေးအိုးဝယ်ယူရန် သွားရောက်ခဲ့ပြီး အပြန်တွင် ယင်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ ပေါ်ဆန်မွှေးလမ်းအရောက် ကားပေါ်၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။ယင်းသို့ ပြုကျင့်မှုကို မ......က နေအိမ်သို့ အရောက်တွင် မိသားစုဝင်များအား ပြောပြခဲ့ပြီး မိသားစုဝင်များက ရဲသူဝင်းအား တာဝန်ယူခိုင်းစဉ် တာဝန်မယူနိုင်ကြောင်း ပြန်ပြောသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ အမှုဖွင့် တိုင်တန်းမည်ဟု မိသားစုဝင်များက ပြောဆိုခဲ့ကြောင်း သိရသည်။ယင်းသို့ ပြောဆိုစဉ် ရဲသူဝင်းက ဦးကျော်စွာမြင့်၊ ၎င်း၏ဇနီး၊ အစ်မဖြစ်သူတို့ကို ကတ်ကြေးဖြင့် ထိုးခဲ့ခြင်းဖြစ်ပြီး သုံးယောက်ပေါင်း အထိုးခံရသည့် အချက်ပေါင်းမှာ ၄၉ ချက်ခန့်ရှိကြောင်း သိရသည်။ယင်းကဲ့သို့ ကတ်ကြေးဖြင့် ထိုးခဲ့သည့် ရဲသူဝင်းမှာ အခင်းဖြစ်ပွားသည့်နေ့ ဇန်နဝါရီ ၁၀ ရက် ညပိုင်းမှ စတင်ကာ ရှောင်တိမ်းနေခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် အုပ်ထိန်းသူများက သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ကျူးလွန်သူကိုတော့ ဒီနေ့မနက် အစောပိုင်းမှာဘဲ သူ့အစ်ကိုနဲ့ အစ်မတို့က ရဲစခန်းကို လာရောက်အပ်နှံပါတယ်။ တရားဥပဒေအတိုင်းပဲ ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဆေးစစ်ချက်ကလဲ ရရှိပြီဖြစ်ပါတယ်။ ဆေးစစ်ချက်ထဲမှာတော့ ကောင်မလေးမှာ ထိုးသွင်းဒဏ်ရာတစ်ချက်နဲ့ သုက်ရည် တွေ့ရှိပါတယ်” ဟု သက်ဆိုင်ရာ ရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောကြားသည်။Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်က “ကျွန်တော် ရဲစခန်းမှူးကို ဖုန်းလှမ်းဆက်ပြီး မေးကြည့်တယ်။ ဆေးစာမှာ မိန်းမအင်္ဂါမှာ ထိုးသွင်းဒဏ်ရာ တွေ့တယ်။ အင်္ဂါထဲမှာ သုက်ရည်တွေ့တယ်။ သုက်ပိုးမတွေ့ဘူးလို့ ပြောတယ်။ ဒါပေမယ့် ထိုးသွင်းဒဏ်ရာတွေ့တယ် ဆိုကတည်းက အဓမ္မပြုကျင့်မှု မြောက်တယ်လေ။ အခုက ပုဒ်မ ၃၂၆ ရယ် ပုဒ်မ ၃၇၆/၅၁၁ ရယ် ဖွင့်ထားတာပေါ့။ ဥပဒေပညာရှင်တွေကို မေးကြည့်တဲ့ အခါမှာလည်း ပြုကျင့်မှုမြောက်တဲ့အတွက် ၃၇၆ နောက်က ၅၁၁ တောင် မလိုတော့ပါဘူး” ဟု ပြောကြားခဲ့သည်။ အဆိုပါဖြစ်စဉ်ကို လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်း၌ ပုဒ်မ ၃၂၆၊ ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။
၁၇ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်ပြီး Tomorrow ဂျာနယ်၏ Contributor ဦးကျော်စွာမြင့်ပါ သုံးဦးကို ကတ်ကြေးဖြင့်ထိုးပြီး ထွက်ပြေးနေသူအား အုပ်ထိန်းသူက ရဲစခန်းသို့ လာရောက်အပ်နှံ