၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဦးရေ တစ်နိုင်ငံလုံး၌ ၆၇၀,၀၀၀ ကျော်ရှိပြီး စာစစ်ဌာနပေါင်း ၁၄၇၀ ဝန်းကျင် ထားရှိမည်

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဦးရေ တစ်နိုင်ငံလုံး၌ ၆၇၀,၀၀၀ ကျော်ရှိပြီး စာစစ်ဌာနပေါင်း ၁၄၇၀ ဝန်းကျင် ထားရှိမည်
Published 3 February 2016
အေးပပ

၂၀၁၆ ခုနှစ် မတ် ၉ ရက်မှ မတ် ၁၈ ရက် အထိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသူဦးရေမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ၆၇၀,၀၀၀ ကျော်ရှိပြီး စာစစ်ဌာနပေါင်း ၁၄၇၀ ဝန်းကျင် ထားရှိကာ စစ်ဆေးသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။“စာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူဦးရေက ခြောက်သိန်းခုနစ်သောင်းကျော် ရှိပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ထားရှိမယ့် စာစစ်ဌာနအရေအတွက်က ၁၄၇၀ ဝန်းကျင်လောက် ထားရှိမှာပါ။အတိအကျကတော့  လက်ရှိအခြေအနေမှာ မသိရှိနိုင်သေးပါဘူး။ အတိုးအလျှော့လည်း ရှိနိုင်ပါတယ်”ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုရန်အတွက် ဝင်ခွင့်ကတ်ပြားများ ထုတ်ပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနအသီးသီးတွင် ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ဝင်ခွင့်ကတ်ပြားများအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ စတင်၍ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြေဆိုမည့် ကျောင်းသားကျောင်းသူများ၏ ဝင်ခွင့်ကတ်ပြားများအား ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍လည်းကောင်း ထုတ်ပေးမည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။ထို့ပြင် ယခုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ယခင်နှစ်များကထက် အောင်ချက်မြင့်မားရန် သက်ဆိုင်ရာကဏ္ဍအလိုက် စီမံချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        “တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အောင်ချက်မြင့်မားရေးအတွက် နှစ်စကတည်းကနေ  ကျောင်းအလိုက် စီမံချက်တွေနဲ့ ဆောင်ရွက်ထားခဲ့ပါတယ်။ ကျောင်းအုပ်ကြီးရဲ့စီမံချက်၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးရဲ့ စီမံချက်တွေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျောင်းအစီအစဉ်၊ မြို့နယ်ပညာရေးမှူးအစီအစဉ်၊ ခရိုင်ပညာရေးမှူးအစီအစဉ်တွေနဲ့  နှစ်စကတည်းက လုပ်ဆောင်နေတာပါ။
နယ်မြို့တွေမှာဆိုရင်လည်း Night Camp  တွေသွင်းတယ်။ စာဖတ်အောင်လို့  စာဖတ်ရှိန် မြှင့်တင်ရေးအစီအစဉ်တွေနဲ့ ဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။    

Most Read

Most Recent