ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များအတွင်း လက်နက်ကိုင်ဆောင် မိုက်ကြေးခွဲပြီး မူးယစ်ဆေး ရောင်းနေသော လူမိုက်ဆိုသူများကို ချုပ်ရက်ရမန် ရယူထားပြီး အမှုဖွင့်ထားသည့် သက်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုသွားမည်ဟု သက်ဆိုင်ရာ ရဲစခန်းများထံမှ သိရသည်။ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီခွဲက ရွှေပြည်သာမြို့နယ်၌ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးရောင်းကာ မိုက်ကြေးခွဲနေသည့် တရားခံပြေး ကျော်ဝင်းစိန်နှင့် ၎င်း၏တပည့် ငှက်ပျောသီး(ခ)နိုင်မင်းသူ(ခ)အေးမူတို့အား ပုဒ်မငါးခုဖြင့် အရေးယူထားပြီး ဖေဖော်ဝါရီ ၆ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။လူမိုက်ကျော်ဝင်းစိန်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလက တွံ့တေးမြို့နယ် ပိတ်ဆွယ်ကျေးရွာ အနီးတွင် လင်မယားနှစ်ဦးတို့ထံမှ ရွှေဆွဲကြိုးတစ်ကုံး၊ လက်စွပ်တစ်ကွင်း၊ နားကပ်တစ်ရန်၊ ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လုယက်ခဲ့သည့်အပြင် ထိုလင်မယားနှစ်ဦးကို ပြန်ပေးဆွဲထားပြီး ညီမဖြစ်သူထံ ဖုန်းဆက်ကာ သိန်း ၂၀၀၀ နှင့် လာရွေးရန် ခြိမ်းခြောက်တောင်းယူခဲ့ကာ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသော်လည်း လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်ခဲ့သူဖြစ်ကာ မူးယစ်ဆေးဝါးမှုဖြင့်လည်း အင်းစိန်မြို့မ ရဲစခန်း၏ ကွင်းဆက်တရားခံအဖြစ် သတ်မှတ်ထားသူဖြစ်သည်။ထို့ပြင် ကျော်ဝင်းစိန်မှာ အင်းစိန်၊ မင်္ဂလာဒုံ၊ အလုံမြို့နယ်များအတွင်း လုယက်မှု၊ ဓားပြမှုများဖြင့် မြောက်ပိုင်းခရိုင် တရားရုံးက ချလိုက်သော ပြစ်ဒဏ်များကြောင့် ထောင်ဒဏ် ၆၅ နှစ်နှင့် သုံးလကျခံရမည် ဖြစ်ပြီး မုပ္ပလင် ကျောက်ထုတ်လုပ်ရေး စခန်းမှ ထွက်ပြေးလာသည့် ရဲဘက်ပြေးတစ်ဦး ဖြစ်သည်ဟု သိရသည်။ ကျော်ဝင်းစိန်၏တပည့် ဆိုသူမှာလည်း မရမ်းကုန်း ၂ ရပ်ကွက် ရာအိမ်မှူးအား လူငါးဦး ဝိုင်းဝန်းထိုးကြိတ်နေ၍ ရဲတပ်ဖွဲ့ဝင်များက သွားတားစဉ် ရဲတပ်ဖွဲ့ဝင် နှစ်ဦးအား ဓားဖြင့်ခုတ်ခဲ့သူဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။“သူတို့ကိုတော့ ကျန်တဲ့ စခန်းတွေကလည်း ပြစ်မှုဟောင်းတွေနဲ့ အရေးယူမယ် ထင်ပါတယ်။ ကျွန်တော်တို့ကတော့ ဖေဖော်ဝါရီ ၅ ရက်မှ တရားစွဲတင်သွားပါ့မယ်။ ကျန်တာကတော့ တရားစီရင်ရေး အပိုင်းပါပဲ။ ရွှေပြည်သာမှာတော့ လူမိုက်ခေါင်းဆောင်တွေက ကုန်သလောက် ဖြစ်သွားပြီ” ဟု ရွှေပြည်သာ မြို့မရဲစခန်းမှ ယာယီရဲစခန်းမှူး ရဲအုပ်အောင်ဇော်ထွန်းက ပြောကြားသည်။ထို့ပြင် ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက ရွှေပြည်သာတွင် မူးယစ်ဆေးဝါးရောင်းကာ မိုက်ကြေးခွဲမှုများ ပြုလုပ်နေသော ခေါလေး(ခ)တင်အောင်သန်း(ခ)သန်းထိုက်နှင့် ၎င်း၏ တပည့်များဖြစ်သော သာဂိ(၂၄ နှစ်)နှင့် နားပိတ်(ခ)ဖိုးဇော် (၃၆ နှစ်)တို့ကို ဓားများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မငါးခုဖြင့် အမှုဖွင့်၍ ရမန်ယူထားကာ ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ရုံးထုတ်မည်ဟု သိရသည်။ထို့ပြင် လှိုင်သာယာမြို့နယ်တွင်လည်း ဇန်နဝါရီ ၂၀ ရက် ည ၁၂ နာရီ အချိန်က Facebook စာမျက်နှာတွင် လောင်းကစားနှင့် ဘိန်းရာဇာဟု သတင်းပျံ့နှံ့ခဲ့သည့် အဖွဲ့အား ရဲတပ်ဖွဲ့က ဖမ်းဆီးဆောင်ရွက်ခဲ့ရာ လှိုင်သာယာမြို့နယ်တွင် နေထိုင်သူ ဝင်းနိုင် (၄၄ နှစ်)၊ လိပ်(ခ)ခင်စိန်(၄၇ နှစ်)နှင့် အပေါင်းအပါများဖြစ်သည့် အောင်စိုး(ခ)အောင်စိုးလေး (၄၁ နှစ်)၊ ရွှေအိုးစည်(ခ)ရဲညွန့်(၄၂ နှစ်) တို့ကို ခြေချုပ်နှင့် ခံဝန်ဥပဒေဖြင့် အရေးယူထားပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ရုံးထုတ် စစ်ဆေးခဲ့သည်ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက ပြောကြားသည်။“သူတို့တွေကိုရော လက်နက်ကိုင်ပြီး ရမ်းကားတဲ့ ရဲလေး(ခ)ရဲမင်းထွန်း အပါအဝင် လေးဦးကိုလည်း လက်နက်ကိုင်ဆောင်မှုတွေ ခြေချုပ်နဲ့ ခံဝန်ဥပဒေတွေနဲ့ စစ်ဆေး အရေးယူထားတယ်။ ရဲတပ်ဖွဲ့ကတော့ တာဝန်အတိုင်း လူဆိုးလူမိုက်တွေ ဆက်လက် ရှာဖွေနေဦးမှာပါ” ဟု ရဲမှူးသန်းမြင့်ဦးက ပြောကြားသည်။
ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် လက်နက်ကိုင်ဆောင် မိုက်ကြေးခွဲ မူးယစ်ဆေး ရောင်းနေသော လူမိုက် ဆိုသူများကို ချုပ်ရက် ရမန်ယူထားပြီး သက်ဆိုင်ရာ ပုဒ်မများဖြင့် တရားစွဲဆိုမည်