တပ်မတော်နှင့် PSLF/TNLA လက်နက်ကိုင်အဖွဲ့တို့အကြား ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်း ထုတ်ပြန်မှုများအရ ဇန်နဝါရီလအတွင်း TNLA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ၁၄ ကြိမ်၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA )နှင့် လေးကြိမ်၊ တပ်မတော် နှင့် RCSS/SSA ပူးပေါင်းတပ်ဖွဲ့နှင့် တစ်ကြိမ် စုစုပေါင်း ၁၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်ပြီး PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက တိုက်ပွဲအများအပြား ဖြစ်ပွားခဲ့သလို၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း ပြောကြားသည်။
“တိုက်ပွဲကတော့ ဆက်တိုက်ဖြစ်နေတာပါပဲ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ တိုက်ပွဲ ၃၀ နီးပါး ဖြစ်ခဲ့တယ်။ ယခုနှစ် ဇန်နဝါရီမှာလည်း အစိုးရတပ်နဲ့ရော RCSS/SSA နဲ့ပါ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်ဟု ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောကြားသည်။
တပ်မတော်နှင့် TNLA လက်နက်ကိုင်အဖွဲ့တို့အကြား ဒီဇင်ဘာ ၃ ရက်မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်(NCA ) လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA )နှင့် TNLA လက်နက်ကိုင်အဖွဲ့သည် နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
TNLA လက်နက်ကိုင်အဖွဲ့သည် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တွင် မပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင်လည်း အစိုးရတပ်မတော်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်သည်။















